သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရွေးကောက်ခံသမ္မတထရမ့် အငြိမ်းစားမရိန်းဗိုလ်ချုပ်ကြီးကို ကာကွယ်ရေးဝန်ကြီး အဖြစ်ရွေး

အမေရိကန်မရိန်းတပ်ရဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း James Mattis ။
အမေရိကန်မရိန်းတပ်ရဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း James Mattis ။

အမေရိကန်သမ္မတအဖြစ်နဲ့ ရွေးချယ်ခံထားရတဲ့ ဒေါ်နယ်လ်ထရမ့်က အမေရိကန်မရိန်းတပ်ရဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း James Mattis ကို လာမယ့် သူူ့အစိုးရအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ်နဲ့ ရွေးချယ်လိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့ ဥပဒေကို ပြင်ဆင်ပြောင်းလဲမှသာ ဗိုလ်ချုပ်ကြီးဟောင်း Mattis အနေနဲ့ ဒီရာထူးကို လက်ခံနိုင်မှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း Mattis ကို ရွေးချယ်လိုက်တယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ မီဒီယာတွေကနေထွက်လာပြီး တရက်အကြာ၊Ohio ပြည်နယ် Cincinnatiမြို့မှာ ရွေးကောက်ပွဲအလွန် အောင်ပွဲခံလူထုစုဝေးပွဲအတွင်း ဒေါ်နယ်လ်ထရမ့်က သူရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး၊ တရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Mattis ဟာ အာဖဂန် နဲ့ အီရတ်စစ်ပွဲတွေအတွင်း အမေရိကန်မရိန်းတပ်ရဲ့ ဗိုလ်ချုပ်ကြီးဖြစ်ပါတယ်။ ပထမအကြိမ် ပင်လယ်ကွေ့စစ်ပွဲ နဲ့၂၀၀၃ အီရတ်စစ်ပွဲတွေအတွင်းမှာ အမေရိကန်မရိန်းတပ်ဖွဲ့တွေကို သူက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ သူဟာ ကမ္ဘာ့အလယ်ပိုင်း အမေရိကန်စစ်တပ်ကွပ်ကဲရေးဌာနရဲ့ အကြီးအကဲဖြစ်လာခဲ့ပြီး၊ အီရတ် နဲ့ အာဖဂန်နိုင်ငံတွေအပြင်၊ ဆီရီးယား နဲ့ ရီမင် နဲ့ အီရန်နိုင်ငံတွေ နဲ့ ပတ်သက်ပြီးတော့လည်း တာဝန်တွေယူခဲ့ရပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း Mattis ဟာ အမေရိကန်စစ်တပ်မှာ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူ တစ်ယောက်အနေနဲ့ ကာကွယ်ရေးဝန်ကြီးတာဝန်ကို ယူဖို့အတွက်ဆိုရင်၊ စစ်တပ်တာဝန်ကနေ အနားယူတာ အနည်းဆုံး ၇ နှစ်ရှိရမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ အထူးကင်းလွတ်ခွင့် နဲ့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်တွေ ရယူဖို့လိုအပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG