သုံးရလွယ်ကူစေသည့် Link များ

လူ့အခွင့်အရေး အတွက် အားလုံး ရပ်တည်ဖို့ ကုလ တောင်းဆို


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ၂၀၁၆ လူ့အခွင့်အရေးနေ့ ပြောကြားချက်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ကမ္ဘာတ၀ှမ်းလုံးက တိုင်းပြည်တွေမှာ ကျင်းပနေကြပါတယ်။ ကမ္ဘာနေရာအတော်များများမှာ အခြေခံ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုမရှိတဲ့ တိုင်းပြည်တွေ ရှိနေသေးတဲ့အတွက် မွေးရာပါ အခွင့်အရေးအတွက် လူတိုင်း ရပ်တည်ပေးဖို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးထိန်းသိမ်းတာဟာ လူတိုင်းအတွက်အကျိုးရှိစေပါတယ်။ လူ့အခွင့်အရေးကိုလေးစားလိုက်နာခြင်းအားဖြင့် လူတဦးချင်းစီအတွက် ပိုကောင်းမွန်တဲ့ဘ၀ရရှိစေသလို၊ လူမှုအသိုင်းအ၀ိုင်းတိုင်းအတွက် တည်ငြိမ်မှုကိုရစေပြီး ချိတ်ဆက်နေတဲ့ ဒီကမ္ဘာကြီးအတွက် သဟဇာတ ကျစေပါတယ်လို့ ကုလအတွင်းရေးမှုးချုပ် ဘန်ကီမွန်းကပြောပါတယ်။

လူ့အခွင့်အရေးအတွက် ရပ်တည်ပေးတဲ့လုပ်ရပ်တိုင်းဟာ အရေးမပါဘူးဆိုတာမရှိသလို ဘယ်နေရာကမဆို လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် လူသားထုကြီးအတွက် အတူတကွရပ်တည်ကြပါစို့ လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad Al Hussein ကပြောပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၀၈ ခုနှစ်ကတည်းက အကျဉ်းချခံထားရတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်၊ Liu Xiaobo အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂက အဓိကထားတောင်းဆိုကြပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူရာနဲ့ချီကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ တရုတ်နိုင်ငံက ယိုယွင်းနေတဲ့လူ့အခွင့်အရေးအခြေအနေတွေကို အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ထောက်ပြကြပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံက လူ့အခွင့်အရေးကြေငြာစာတမ်းကို စတင်အတည်ပြုပေးခဲ့တဲ့ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့ကမှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG