သုံးရလွယ်ကူစေသည့် Link များ

ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ မကြာခင် ကျရောက်တော့မှာ ဖြစ်ပေမဲ့ လည်း မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတွေမှာတော့ တိုက်ပွဲတွေ မစဲနိုင်သေးတဲ့အတွက် အားလပ်ရက်ရာသီကို မဆင်နွှဲနိုင်ပဲ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း ရှမ်းပြည်နယ် ကွတ်ခိုင်ဘက်မှာ ကျေးရွာအနီး လက်နက်ကြီးကျည်ကျလို့ ကလေးငယ်တွေ အပါအဝင် ဒေသခံပြည်သူအချို့ ထိခိုက် ဒဏ်ရာရခဲ့တယ် လို့ ဒေသခံတွေ ကပြောပါတယ်။ ဒီအတွက် ခရစ်စမတ်နဲ့ နှစ်သစ်ကူးလို အခါသမယမှာ တိုက်ပွဲတွေ အမြန်ဆုံးရပ်ကြဖို့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေသူတွေကို တိုင်းရင်းသားလူမှုအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် ကဆက်ပြောပြပေးပါမယ်။

ဒီကနေ့ စနေမနက်ပိုင်းမှာတော့ ရှမ်းပြည်နယ်၊ ကွတ်ခိုင်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအနီး နမ့်ဖလုံကျးရွာအနားကို လက်နက်ကြီးကျည်ကျလို့ ကလေးငယ်လေးတွေ အပါအဝင် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် လားရှိုးဆေးရုံကို ပို့ဆောင်ကုသမှုခံယူနေရတယ်လို့ ကိုယ်တိုင်သွားရောက်ကူညီပေးဖို့စီစဉ်နေတဲ့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ ဒေါ်မေရီတွမ်က အခြေအနေ အခုလိုရှင်းပြပါတယ်။

" စစ်တပ်ကနေပြီးတော့ သူတို့က လက်နက်ကြီးနဲ့ ပစ်လိုက်တာ အဲ့ဒီ့ နမ့်ဖလုံရွာကို ထိတယ်။ ထိပြီးမှ အဲ့မှာရှိတဲ့ကလေးတွေနဲ့ မိသားစုလို့ပြောတယ်။ ငါးယောက်ကို ကွတ်ခိုင်ကနေပြီးတော့ လားရှိုးကို Refer လုပ်လိုက်တာ ရောက်လာပြီလို့ပြောတယ်။ ကလေးတွေကို ထိရင် ကျမ စိတ်မကောင်းဘူး ဝမ်းနည်းမိတယ်။ အခုဆိုရင် ကျမ ကြားတာ သုံးနှစ်ကလေးပါတယ်။ ဆယ်နှစ်ကလေးပါတယ်။ အဲ့လိုကြားတယ်။ ကျမလည်း မိခင်တယောက်ပါ မိခင်တယောက်အနေနဲ့ စိတ်မကောင်းဘူး ကျမအနေနဲ့ ဘာကို ကူညီပေးနိုင်မလဲဆိုတာကို သွားကြည့်ဖို့ ပြင်ဆင်နေတာပေါ့လေနော်။ ဒီလိုအချိန်ကြီးအခါကြီးရက်ကြီးတွေမှာ အထူးသဖြင့် ဒါဟာဆိုရင် ခရစ်ယာန်ဘာသာတရား ကိုးကွယ်တဲ့သူတွေရဲ့ အထွဋ်အမြတ် ထားတဲ့နေ့ဖြစ်တယ်ပေါ့နော်။ ဒီလိုအချိန်တွေမှာတောင်မှ ဒါကို တပ်မတော်က အမိအဖလို့ပြောနေတဲ့ တပ်မတော်အနေနဲ့ ဒါကို လက်လွတ်စပယ် စည်းမဲ့ကမ်းမဲ့ တော်တော်ကို ဒါမဖြစ်သင့်တဲ့အမှုပဲပေါ့။

ဒါကို နိုင်ငံတော်အစိုးရအနေနဲ့ ပိုပြီးမှ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့လည်း လူသားချင်းစာနာမှုဆုကို ရရှိထားတဲ့သူအနေနဲ့ ဘာစကားတခွန်းမှ မပြောတာကို ကျမအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့သူတယောက်အနေနဲ့ တော်တော်လေးတော့ စိတ်မကောင်းဘူး။ ဝမ်းနည်းမိတယ်။ အံ့သြမိတယ်ပေါ့နော်။"

ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက စစ်ရေးတင်းမာမှုတွေကြောင့် အသက်လုပြီး ပြေးနေရတဲ့ အချိန်ဟာ ခရစ်ယာန်ဘာသာဝင်တွေ အထွဋ် အမြတ်ထားရာ ခရစ္စမတ်ကာလ ဖြစ်သလို၊ မကြာခင်မှာ ၂၀၁၆ ကုန်ဆုံးတော့မယ့် နှစ်သစ်ကူးကာလ ရောက်တော့မှာ ဖြစ်တာကြောင့် တာဝန်ရှိသူတွေ အားလုံးအနေနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုစေချင်တယ်လို့ ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူ မမေစပယ်ဖြူက ပြောပါတယ်။

“ ကွတ်ခိုင်ပတ်ဝန်းကျင်မှာက နီးနေတော့ သေနတ်သံတွေကြားရတယ်။ တိုက်ပွဲတွေဖြစ်နေတယ်လို့ကျမတို့သိရတယ်။ အဲ့ဒီလိုပဲကျမတို့ ကချင်ဒေသမှာ ရှိနေတဲ့ ဒုက္ခသည် တသိန်းကျော်ဆိုရင်လည်း ကျီးလန့်စာစားနဲ့ ဘယ်အချိန်ဆိုရင် မသွားကြနဲ့၊ဘယ်နေရာဆိုရင်မသွားကြနဲ့ဆိုတဲ့အကန့်အသတ်တွေကြားထဲမှာနေနေရတယ်လို့ ကျမတို့သိရပါတယ်။ ဒီလိုကိုယ့်လူမျိုးတွေဘာသာရေးအရ အထွဋ်အမြတ် ထားတဲ့ကာလတွေမှာ တိုက်ပွဲတွေဖြစ်ပြီးတော့မှ ပြေးလွှားနေရ တယ်။နောက်ပြီးတော့ အခြေခံစားဝတ်နေရေးက အစ၊လူသားခြင်း စာနာထောက်ထားမှု အကူအညီတွေကိုလည်း လုံးဝ မရရှိနေတဲ့အခြေအနေတွေ၊ တနှစ်ထဲ မဟုတ်တော့ဘူးပေါ့။ ကျမတို့ ဒါ ခုဆိုရင် ငါးနှစ်ကျော်၊ ခြောက်နှစ် ထဲကိုရောက်လာပြီ။ ဆိုတော့ အဲ့လိုမျိုး ကာလရှည်ကြာနေတာဟာ ကလေးတွေအတွက်ပိုပြီးတော့မှ စိတ်ဒဏ်ရာဟာ ပိုပြီးတော့ကြီးပါတယ်။ တခြားသူတွေပျော်သလိုမျိုး၊ တခြားသူတွေ အများစုပေါ့၊ ခရစ္စမတ်ကာလမို့လို့ ရုံးပိတ်ကြ၊ ကျောင်းပိတ်ကြ၊ အပျော်ခရီးတွေ ထွက်ပြီးတော့ ကျေးဇူးတော် ချီးမွှမ်းရမယ့်ကာလမှာ သူတို့မှာတော့ မပျော်ရွင်နိုင်ဘူး။ ကျေးဇူးတော် ချီးမွှမ်းခွင့် မရဘူးပေါ့နော်။ အဲ့တာဟာ ကြီးမားတဲ့ စိတ်ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။"

အခုလိုတိုင်းရင်းဒေသတွေမှာ စစ်မီးမငြိမ်းနိုင်သေးတာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖော်ဆောင်နေတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းစဉ်ကို အယုံအကြည်မဲ့စေပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှု လမ်းကြောင်းကို သွေဖည်စေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိပါးစေတဲ့ အဖြစ်တွေဖြစ်တယ်ဆိုတာကိုလည်း ချင်းပြည်နယ်အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီးလည်း ဒီဇင်ဘာ၂၃က ကြေညာချက် ထုတ်ခဲ့ပါတယ်။

အထူးသဖြင့် အခုလို ခရစ္စမတ်ကာလမှာ ကချင်နဲ့ ရှမ်းမြောက်ဘက်က စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေ ဘေးကင်းပါစေကြောင်း ချင်းတိုင်းရင်းသားတွေ အနေနဲ့ ဆုမွန်ကောင်းတောင်းပေးပါတယ်လို့လည်း ချင်းလူမှုအဖွဲ့အစည်း ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ဇိုမီးလူငယ်များအသင်း အတွင်းရေးမှူး ဦးထန်ဗန်းလျန်က ပြောပါတယ်။

“နေ့တိုင်း ဆုတောင်းတဲ့အခါတိုင်းမှာ မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ပေါ့နော်။ ခရစ္စမတ်အချိန်မှာလည်း၊ နှစ်သစ်ကူးအချိန်မှာလည်း ကျနော်တို့တကယ့်ကို ဆုတောင်းပေးပါတယ်။ ဆုတောင်းနေပါတယ်။ ကျနော်တို့ ဒီကနေ အဝေးကနေပြီးပေါ့နော် ဆုတောင်းပေးပါတယ်။ ချက်ချင်း စစ်ပွဲရပ်ပါစေပေါ့နော်။ မြန်မြန်ငြိမ်းချမ်းပါစေ။ ဘ၀တွေလည်း ပြန်ပြီးတော့ တည်ဆောက်နိုင်ပါစေ။ ကောင်းကောင်းနေနိုင်ပါစေ။ ငြိမ်းချမ်းပါစေလို့ပဲ ကျနော်တို့ခရစ္စမတ်အချိန်အခါနဲ့ ဒီအချိန်အခါမှာ ကျနော်တို့ ဆုတောင်းပေးပါတယ်။ ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးပါတယ်။ ”

စစ်ဘေးကြောင့် နှစ်ချီတိမ်းရှောင်နေရဆဲ ဒုက္ခသည်တွေအပြင် လတ်တလော စစ်ဘေးကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် အခုဆိုရင် ဆောင်းရာသီလို အေးလှတဲ့ ရာသီဥတုဒဏ်အပြင် စားနပ်ရိက္ခာ အခက်အခဲတွေလည်းဖြစ်နေတာကြောင့် ဒုက္ခသည်တွေ အရေးပေါ် လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာစားနပ်ရိက္ခာတွေ အမြန်ဆုံး အကူအညီပေးစေလို ပါတယ်လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေ တဲ့ ငြိမ်းချမ်းရေးနဲ့တရားမျှတရေးအဖွဲ့က ဦးသောမတ်စ်ထန်ရှမ်းမုန် ( Thomas Htang Shan Mong- Catholic Bishop) က ပြောပါတယ်။

“IDP တွေကို ကျနော်တို့ အစိုးရက လျစ်လျူရှုမထားဖို့ တောင်းဆိုချင်ပါတယ်။ ဒီလိုအရေးယူ ဆောင်ရွက်ပေးဖို။နောက်ပြီးတော့ ဒီတပ်မတော်ပိုင်းပေါ့လေ။ တဘက်နဲ့တဘက် ထိုးစစ်တွေရပ်တန့်ထားဖို့အတွက် ကျနော်တို့ အဲ့တာကိုအထူး ဦးစားပေးတောင်းဆိုချင်ပါတယ်။ ဒီ UN(ကုလသမဂ္ဂ) က အစားအသောက်တွေ ကိုလည်း တဘက်ကို ရောက်ရှိဖို့ရာ ခက်ခဲနေတာကြောင့် စားနပ်ရိက္ခာနဲ့၊ သူတို့ရဲ့ Refugees တွေရဲ့  ဘာဖြစ်လို့လည်း ဆိုလို့ရှိရင် တိုက်ပွဲတွေဖြစ်နေတာက တကြောင်း၊ နောက် သူတို့ထွက်ပြေးနေရတာကတကြောင်း၊ နောက် ကျနော်တို့ ဒီစားနပ်ရိက္ခာအတွက် စိုးရိမ်နေတာက တကြောင်းပေါ့၊ ဟိုဘက် ဒီဘက်နဲ့ လုံခြုံမှုမရှိတဲ့ အချိန်အခါပေါ့၊ လုံခြုံရေးပေါ့လေ။ ဒီအရာတွေအပေါ်မှာ စိုးရိမ်စိတ်ရှိပါတယ်။”

အရပ်သားအစိုးရ လက်ထက် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ၂၁ရာစု ပင်လုံအခြေခံပြီး အခုဆိုရင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ NCA လက်မှတ်ရေးထိုးပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမျိုးသားအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြချိန်မှာပဲ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုင်းရင်းဒေသတွေမှာ ထိုးစစ်တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေဆဲ စစ်ရေးတင်းမာမှုအနေအထားအပေါ် ငြိမ်းချမ်းရေး လှုပ်ရှားသူတွေနဲ့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက စိုးရိမ်နေကြပြီး တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး ငြိမ်းချမ်းရေးကိုရှေးရှု့ပြီး တာဝန်ယူ လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြတာာဖြစ်ပါတယ်။

XS
SM
MD
LG