သုံးရလွယ်ကူစေသည့် Link များ

ခရစ်စမတ်ကာလ ရှမ်းမြောက်တိုက်ပွဲ အရပ်သားထိခိုက်မှုရှိ


ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်များ။ (အောက်တိုဘာ ၆-၂၀၁၆)

ခရစ်စမတ်အချိန်အခါနဲ့ နှစ်သစ်ကူးကာလတွေအတွင်းမှာကို ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ ကျေးရွာနေ ဒေသခံပြည်သူအချို့ လက်နက်ကြီးကျည်ထိမှန်လို့ ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။ တိုင်းရင်းသား ဒေသတွေက စစ်ရေးတင်းမာမှုတွေနဲ့ စစ်ရေးပဋိပက္ခတွေ အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကရော အစိုးရ၊ တပ်မတော်ဘက်က စစ်ရေးနည်းနဲ့မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြပေးပါလို့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက တိုက်တွန်းပြောဆိုပါတယ်။ မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မူဆယ်မြို့နယ်ထဲမှာ တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းရေးနေစဉ် မူဆယ် မုံးပေါ်ကျေးရွာ အနီးမှာ KIA/ TNLA တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်း အဖွဲ့တွေဘက်က လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သလို ကွတ်ခိုင်မြို့ တိုးဂိတ် အနီး ကားလမ်းအနောက်ခြမ်းဘက်ကို KIA ဘက်က လာရောက်တိုက်ခိုက်မှုဖြစ်ခဲ့တဲ့အကြောင်း ဒီကနေ့ မနက် ၇နာရီလောက်မှာလည်း ရှမ်းပြည်နယ်မူဆယ်မြို့နယ် မုံးပေါ်ကျေးရွာအနီးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က လက်နက်ကြီးကျည်တွေနဲ့ လာရောက်ပစ်ခတ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သည်တချို့ ဒဏ်ရာရခဲ့တယ်လို့ အစိုးရပြန်ကြားရေးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မနေ့စနေနေ့မနက်ပိုင်းက ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ နမ့်ဖက်ကာ နမ့်ဖလုံကျေးရွာအနီးကို လက်နက်ကြီးကျည်ကျရောက်လို့ ကလေးငယ်လေးဦးအပါအဝင် ဒေသခံပြည်သူ ငါးဦး အပြင်းအထန်ထိခိုက်ဒဏ်ရာခဲ့ကြရပြီး ဒီနေ့အထိလည်း လားရှိုးဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေကြရတာဖြစ်ပါတယ်။

ဒီကနေ့ တနင်္ဂနွေအထိ လားရှိုးဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရတဲ့ လက်နက်ကြီးကျည်ဆန်ထိမှန်ခဲ့တဲ့ မိသားစုကို သက်ဆိုင်ရာစစ်တပ်၊ အစိုးရနဲ့ဒေသခံအာဏာပိုင် တာဝန်ရှိသူတွေဘက်က ဂရုတစိုက် တာဝန်ယူ လုပ်ဆောင်ပေးတာမတွေ့ခဲ့ရသေးဘူးလို့ လိုအပ်တာတွေကို သွားရောက်ကူညီပြီး ကိုယ်တိုင်သွားရောက်ကြည့်ရှု့အားပေးခဲ့တဲ့ ဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်မေရီတွမ်ကို ဗွီအိုအေ မြန်မာပိုင်းကဆက်သွယ်မေးမြန်းတဲ့အခါ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေသခံပြည်သူတွေရဲ့ အခြေအနေကို သူက အခုလိုစရှင်းပြပါတယ်။

" ကလေးက လေးယောက်၊ လူကြီးက တစ်ယောက်ပေါ့။ အဖွားပေါ့နော် အိမ်ထောင်စု တစုတည်းကနေ ကလေးက နှစ်ယောက်နဲ့ သူ့အဖွား သုံးယောက် ထိခိုက်ဒဏ်ရာရတယ်။ နောက် အိမ်ထောင်စုနှစ်စု အုပ်စုထဲကနေ ဆယ်ကျော်သက်ကောင်မလေးကတော့ ဘယ်ဘက်ခြေထောက် ပေါင်နားလောက်မှာ သူထိတယ်။ ကောင်မလေးတယော်ကကျတော့ သူ့ရဲ့ပုခုံးပေါ့လေ။ ညာဘက်ပုခုံး နောက်ကျောဘက်ကို ထိတယ်။ နောက် ကလေးလေး သုံးနှစ်သားလေးကတော့ သူ့ညာဘက် ပါးထိတယ်။ နောက် သူ့ရဲ့အစ်မကကျတော့ ညာဘက် ရင်ဘတ် နံရိုးဘက်ကနေ ဖောက်ထွက်ပြီးတော့ ထိတယ်။ နောက်သူ့အဖွားကျတော့ ခေါင်းမှာရယ် ပေါင်ပေါ့ အဲ့မှာ ထိတယ်။ အားလုံး စုစုပေါင်းငါးယောက်ဟုတ်တယ်။

မနေ့က ကျမရောက်သွားတဲ့အချိန်အထိက ဆရာဝန်တွေ အထူးတလည်လုပ်ပေးတာ ဘာညာမရှိဘူး။ တယောက်ကတော့ ဒီမနက် အော်ပရေးရှင်းလုပ်ပြီးပြီလို့ပြောတယ်။ အဲ့တာ ကျမလည်း မနေ့က သူတို့ကို တွေ့ပြီးတော့ နည်းနည်း နှစ်သိမ့်အားပေးစကား ပြောပြီးမှ ကျမ လားရှိုးမှာ ဒီမှာရှိနေတဲ့ CP ပေါ့ Child Protection လုပ်နေတဲ့သူတွေ ၊ ဒီမှာ ရှိတဲ့အဖွဲ့အစည်းတွေကို အပ်ခဲ့တယ်။ မနေ့က အခြေအနေဆို အတော်ဆိုးတယ်။ ဆေးရုံတခုလုံးလည်း လူနာတွေပြည့်နေတယ်ဆိုတော့ အရေးပေါ်ရောက်လာတဲ့လူနာငါးယောက်က ပြောရမယ်ဆိုရင် ကော်ရစ်တာမှာကို ကုတင်ထိုးပြီးမှ နေရတဲ့ပုံစံလေ။

ဒီမနက်ကျတော့မေတ္တာက ဆရာ၊ ဆရာမတွေပါ သွားကြည့်ပြီးတော့မှ ဆရာဝန်တွေနဲ့ ညိ`ှပြီး ပြောပြီးမှ အကုန်လုပ်တဲ့အခါကျတော့ အခုတော့ သူတို့ငါးဦးကို အထူးခန်းထဲမှာ ထည့်ထားတယ်ပေါ့။

မဆုမွန်။ ။ ဆရာမ အဲ့ဒီ့တော့ လောလောဆယ်မှာ သူတို့ငါးဦး ဘယ်လိုအခက်အခဲရှိပါသလဲ။ နောက်ပြီးတော့ တပ်မတော်ဘက်ရော၊ ရှမ်းပြည်နယ်အစိုးရနဲ့သက်ဆိုင်တဲ့ တာဝန်ရှိသူတွေဘက်က ဒီဒဏ်ရာရတဲ့ ဒေသခံပြည်သူ ငါးယောက်ကို လာပြီးကြည့်ရှု့တာ အားပေးတာမျိုး ဆရာမ ကြားခဲ့ရပါသလား၊ တွေ့မိခဲ့ပါလားရှင့်။

ဒေါ်မေရီတွမ်။ ။ မနေ့က ကျမရောက်တဲ့အချိန် သူတို့ကိုမေးကြည့်တဲ့အချိန်မှာတော့ မေးကြည့်တဲ့အချိန်မှာတော့ သူတို့ကို မနေ့ကအထိ လာကူညီတဲ့သူကတော့ တယောက်မှ မရှိသေးဘူး။ ဒါပေမဲ့ လာမေးတဲ့အရပ်ဝတ်နဲ့သူကတော့ နှစ်ယောက်၊ သုံးယောက် ရှိတယ်။ ဘယ်သူတွေလည်း သိလားဆိုတော့ မသိဘူးပေါ့နော်။ အဲ့သလို ခုနက ပြောသလို အစိုးရကပြောတာ လာကြည့်တာတော့ အခုထက်ထိ ကျမတို့မသိသေးဘူးရှင့် ဟုတ်ကဲ့။

မဆုမွန်။ ။ MOI က သတင်းထုတ်ပြန်ပါတယ်။ မူဆယ် ကွတ်ခိုင်ဘက်မှာ တိုက်ပွဲဖြစ်တယ်ပေါ့နော်။ အဓိက ကတော့ KIA နဲ့ TNLA ဘက်က တိုက်ခိုက်မှု လုပ်တဲ့အတွက် စစ်ကြောင်းတွေကို လာတိုက်ခိုက်တဲ့အတွက် တိုက်ပွဲဖြစ်တယ်ဆိုတာ သတင်းထုတ်ပါတယ်။ ဆိုတော့ ဒီလို ခရစ်စမတ်နေ့မှာလည်း တိုက်ပွဲဖြစ်တဲ့အပေါ်မှာပေါ့နော် ဆရာမအနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲ။ အခုလက်ရှိကလဲ ဒေသခံတွေလည်း ထိခိုက်မှုတွေရှိနေတယ်ဆိုတဲ့အခါကျတော့လေ။

ဒေါ်မေရီတွမ်။ ။ အားလုံး၊ တကမ္ဘာလုံး အထွဋ်အမြတ်ထားတဲ့ ခရစ်ယာန်တွေလည်း အထွဋ်အမြတ်ထားတဲ့ နေ့ရက်ဖြစ်ပါတယ်။ ဒီလိုနေ့လေးကိုတောင်မှ ဒါ ရိုသေလေးစားမှုမရှိပဲနဲ့ အထူးသဖြင့်ကတော့ အပြစ်မဲ့ကလေးတွေ ထိခိုက်တဲ့အပေါ်မှာ ၊ ထိခိုက်ရအောင် ဒီလို နှစ်ဘက်စလုံး စစ်ကိုဖန်တီးနေတာဟာ ကျမအနေနဲ့ ဒါကို အင်မတန်မှ စိတ်မကောင်းဖြစ်ပါတယ်။ ဒေါသလည်း ထွက်မိပါတယ်။ ဘာပဲပြောပြော ကျမတို့ါအနေနဲ့ ဘာသာတရားကိုသော်လည်းကောင်း၊ လူသားဆိုတဲ့ လူသားချင်းစာနာမှု အထူးသဖြင့်ကတော့ အရပ်သားတွေကို ထိခိုက်မှုက များလာနေပြီဖြစ်တဲ့အတွက် ဒီဟာကို ဖန်တီးနေတဲ့သူ လုပ်နေတဲ့သူအားလုံးကို ကျမအနေနဲ့ ရှုတ်ချပါတယ်။ ဒါဟာ မလိုလားအပ်ဘူး။ ငြိမ်းချမ်းရေးကို ဖန်တီးပေးဖို့က နိုင်ငံရေးနည်းနဲ့ဖြေရှင်းပေးဖို့အတွက် လိုအပ်ပါတယ်ပေါ့။ အဲ့တာကြောင့် ဒီလိုအပြစ်မဲ့ပြည်သူတွေ ထိခိုက်တဲ့ဟာမျိုးတွေကို ရပ်တန်းက ရပ်ပေးဖို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ဟုတ်ကဲ့။

မဆုမွန်။ ။ ဆရာမ ဖြေပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

ဒေါ်မေရီတွမ်။ ။ ဟုတ်ကဲ့ပါရှင်။

စစ်ပြေးစစ်ရှောင် ဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်မေရီတွမ်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG