စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေရဲ့ ခြိမ်းခြောက်မှုတွေကနေ ကမ္ဘာကြီး ငြိမ်းချမ်းပါစေကြောင်း ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ခရစ္စမတ်နေ့ ဆုတောင်း အဖြစ် မိန့်ကြားပါတယ်။ စိန့်ပီတာ ရင်ပြင်မှာ လသာဆောင်ကနေ ပုပ်ရဟန်းမင်းကြီး မိန့်ခွန်းပြောကြားမှုအထဲ မြန်မာ့ ငြိမ်းချမ်းရေး အောင်မြင်ပါစေကြောင်းကိုလည်း ထည့်သွင်း ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။
"မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အောင်မြင်ပါစေကြောင်း၊ နောက် နိုင်ငံတွင်းက ကာကွယ်ပေးဖို့ လိုအပ်နေသူတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အကူတွေ မဖြစ်မနေ လိုအပ်နေသူတွေကိုလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကူညီမှုနဲ့ ထောက်ပံ့ ဆောင်ရွက်နိုင်ပါစေကြောင်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။"
ကမ္ဘာတလွှား ကြုံတွေ့နေရတဲ့ စစ်ပွဲတွေ အကြမ်းဖက်မှုတွေနဲ့ အတူ ဆီးရီးယား နိုင်ငံတွင်းက စစ်ပွဲတွေ အရေးနဲ့ ပတ်သက်ပြီးလည်း ဒီအချိန်ဟာ လက်နက်တွေနဲ့ တိုက်ခိုက်နေတာတွေကို အဆုံးသတ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ စေ့စပ်ညှိနှိုင်းပြီး အဖြေ တခု ထွက်လာအောင် ထဲထဲဝင်ဝင် ဆောင်ရွက်ကြဖို့ အချိန်တန်ပြီလို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။
ကမ္ဘာတလွှားက မြို့တွေ နိုင်ငံတွေမှာ အကြမ်းဖက်မှုတွေက ကြောက်ရွံ့မှုနဲ့ သေဆုံးခြင်းကို မျိုးစေ့ကြဲချနေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဟောကြားခဲ့ပါတယ်။ မြို့တော်နဲ့ ကမ္ဘာကြီးကို ပြောကြားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ နှစ်ပတ်လည် မိန့်ခွန်းကို နာကြားဖို့ စိန့်ပီတာ ရင်ပြင်မှာ ၀တ်ပြုသူ ထောင်သောင်းချီပြီး စုစည်းခဲ့ကြပါတယ်။ ကမ္ဘာတလွှားက ၈၅ သန်းသော Anglican ခရစ်ယာန် အသင်းတော်ဝင်တွေနဲ့ အင်္ဂလန် ၀တ်ကျောင်းတော်ရဲ့ အကြီးအကဲ ဘာသာရေး ဂိုဏ်းချုပ် Justin Welby ကလည်း ကမ္ဘာတလွှား ခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေကို မိန့်ကြားခဲ့ပါတယ်။
ဥရောပ တလွှားက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ အနီးမှာတော့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားပြီး ခရစ်ယာန်တွေရဲ့ ဘာသာရေး အထွဋ်အမြတ် ဖြစ်တဲ့ ခရစ္စမတ်နေ့မှာ အစ္စလာမစ် အကြမ်းဖက်သမားတွေ တိုက်ခိုက်လာနိုင်ခြေနဲ့ ပတ်သက်ပြီး လုံခြုံရေး တပ်လှန့်ထားပါတယ်။