အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၆ ခုနှစ်အတွင်း ဥပဒေချိုးဖောက်လို့ ဖမ်းဆီးခဲ့သူ ၅ သိန်းကျော်ရှိတယ်လို့ အမိမြေလုံခြုံရေးဌာနက သောကြာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ရာဇဝတ်မှုကျုးလွန်ထားသူတွေကို ဖမ်းဆီးဖို့နဲ့ အများပြည်သူလုံခြုံရေးကို ခြိမ်းခြောက်နေသူတွေ၊ နယ်စပ်လုံခြုံရေးနဲ့ အမျိုးသား လုံခြုံရေး အတွက် အန္တရာယ်ရှိသူတွေကို လူဝင်မှုကြီးကြပ်ရေးဌာနက အဓိကထား ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ကြိုးစားခဲ့တာကြောင့် ခုလို ၅ သိန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
အမိမြေလုံခြုံရေးဌာနရဲ့ ၂၀၁၆ ခုနှစ် နှစ်ပါတ်လည်ကိန်းဂဏန်းအစီရင်ခံစာမှာ ခုလိုဖမ်းဆီးနိုင်ခဲ့သူအရေအတွက်က ၂၀၁၅ ခုနှစ်ထက် ပိုများခဲ့ပေမဲ့ ၁၉၈၀ နဲ့ ၂၀၀၈ ခုနှစ်တွေတုန်းက ပျှမ်းမျှ အရေအတွက်နဲ့ယှဉ်ရင် နည်းနည်းလေးသာဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ နယ်စပ်လုံခြုံရေးအတွက် ပြည်ထောင်စုအစိုးရက ဆက်ပြီးတိုးမြှင့် ဆောင်ရွက်သွားမယ်လို့ အမိမြေလုံခြုံရေးရာဝန်ကြီး Jeh Johnson ကပြောပါတယ်။
အခု ၂၀၁၆ နှစ်ထဲ ဖမ်းဆီးနိုင်ခဲ့သူ အများစုဟာ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားစဉ်မှာ ဖမ်းမိသူတွေ၊ ဒါမှမဟုတ် ရာဇဝတ်ဂိုဏ်းဝင်တွေအပါအဝင် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြသူတွေဖြစ်ကြပါတယ်။
၂၀၁၆ အတွင်း နေရပ်ပြန်ပို့ခဲ့သူ ၄ သိန်းခွဲထဲမှာ ၉၄% ကလည်း အဲဒီလိုလူမျိုးတွေဖြစ်ကြပါတယ်။ အခုနှစ်အတွင်း အုပ်ထိန်းသူမပါဘဲ နိုင်ငံထဲ ဝင်ရောက်လာတဲ့ ကလေးငယ် ၆ သောင်းနီးပါးကိုလည်း အမေရိကန်မှာ ထိန်းသိမ်းခဲ့ပါတယ်။
အမေရိကတိုက်အလယ်ပိုင်းနိုင်ငံတွေကနေ ခုလိုရွှေ့ပြောင်း အခြေချဖို့ကြိုးစားကြတဲ့ ပြဿနာရဲ့အဓိကအကြောင်းအချက်တွေကို ဖြေရှင်းနိုင်ဖို့ အမိမြေလုံခြုံရေးဌာနက ကြိုးစားနေတယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။