သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ABSDF ဗဟိုကော်မတီဝင်တဦး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ဖမ်းဆီးခံရ


ABSDF ဗဟိုကော်မတီဝင် ကိုမင်းဌေး
ABSDF ဗဟိုကော်မတီဝင် ကိုမင်းဌေး

မြန်မာအာဏာပိုင်တွေကနေဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ကိုမင်းဌေးကို မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုထားတယ်လို့ မိသားစုဝင်တွေ နဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ABSDF အဖွဲ့ဟာ အစိုးရနဲ့NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တရားဝင်အဖွဲ့အစည်းဖြစ်ပေမဲ့ABSDF(မြောက်ပိုင်း)အဖွဲ့ ခေါင်းဆောင်ကိုမင်းဌေးဟာ လက်ရှိမြန်မာ့တပ်မတော်နဲ့စစ်ရေးတင်းမာနေတဲ့ KIO အဖွဲ့နဲ့ ဆက်စပ်မှုရှိနေလို့ အခုလို ထိန်းသိမ်းတရားစွဲဆိုခံရတယ်လို့ယူဆနေကြပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ကိုမင်းဌေးကို မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁နဲ့တရားစွဲဆိုထားပြီးကချင်ပြည်နယ်မိုးမောက်မြို့ရဲစခမ်းမှာထိန်းသိမ်းထားတယ်လို့ကိုမင်းဌေးရဲ့ဇနီးဖြစ်သူ ABSDF(မြောက်ပိုင်း)အဖွဲ့ကော်မတီအတွင်းရေးမှူး ဒေါ်နန်းယဉ်(ခေါ်) မနှောင်းက ဗွီအိုအေ ကို အခုလိုပြောပါတယ်။

“မိုးမောက်ဘက်ကို ပို့ထားတယ်ပေါ့နော်၊ တပ်ကနေ ရဲကိုလွှဲလိုက်တယ်၊ အဲ့လိုမျိုးတော့ သတင်းကြားတာပဲ။ အမှုဖွင့်တယ် အဲ့တာမျိုးလည်းကြားတယ်ရှင့်။ ၁၇/၁ လို့ကြားတာပဲရှင့်၊ မိုးမောက်ရဲစခန်းမှာရှိတယ် ”

ကိုမင်းဌေးဟာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီကနေ ရန်ကုန်မြို့ မှာကျင်းပပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကနေအပြန် ဒီဇင်ဘာ(၂၇)ရက်နေ့ ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်က သိမ်လုံဂိတ်မှာ မြန်မာစစ်တပ် ကနေ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတာပါ။

ကိုမင်းဌေးဟာ အစိုးရနဲ့ NCA ခေါ် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားတဲ့ ABSDFအဖွဲ့ရဲ့ ဗဟိုကော်မီတီဝင်တဦးဖြစ်သလို အခုလို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုထားတာဟာ မဖြစ် သင့်သလို ABSDFအဖွဲ့တာဝန်ရှိသူတွေကလဲ ဒီအမှုနဲ့ပက်သက်လို့ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မနှောင်းကအခု လို ပြောပါတယ်။

“၁၇/၁ ဆိုတဲ့ဥစ္စာကတော့ ဖြစ်တော့ မဖြစ်သင့်ဘူးပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ကျမတို့အဖွဲ့ကဆက်ပြီးတော့မှ ဒီကိစ္စနဲ့ပတ်သက်ပြီးမှ ဆက်ပြီးညှိုနှိုင်းဆောင်ရွက်နေဆဲဖြစ်တယ် ဆိုတာကတော့ သိရတယ်ရှင့်”

ABSDF အဖွဲ့ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်NCAမှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့(၈)ဖွဲ့အနက်က တဖွဲ့ ဖြစ်ပြီး တရားဝင်အဖွဲ့တခုဖြစ်ပေမဲ့ လက်ရှိစစ်ရေးတင်းမာနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ ဆက်စပ်မှုရှိနေလို့ အခုလိုဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုခံရတယ်လို့ယူဆကြောင်း မိုးမောက်မြို့နယ်NLD ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းအောင်ကပြောပါတယ်။

“ ကျနော် လှမ်းစုံစမ်းကြည့်တော့ သူ့ကို ၁၇/၁နဲ့ တရားစွဲထားတယ်လို့ကြားတာပါပဲ။ မနေ့ကတော့ ရဲကလို့ပြောတယ်။ မိုးမောက်မြို့နယ်စခန်းမှုး၊ ဖွင့်တာကတော့ ရဲကလို့ပြောတယ်။ ABSDF ကတော့ ကျနော်တို့ NCA ကိုလက်မှတ်ထိုးတားပြီးပြီလေ။ သူတို့က တရားဝင်အဖွဲ့အစည်းဖြစ်သွားပြီ။ ABSDF အနေနဲ့ စွဲတာမဟုတ်ဘူးထင်တယ်။ ကျနော်ထင်တာကတော့ ဒါ KIA၊ KIO နဲ့ဆက်စပ်မယ်ထင်တာပဲ။ “

ကိုမင်းဌေးကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁နဲ့ မိုးမောက်ရဲတပ်ဖွဲ့ကနေ တရားစွဲဆိုခံရကြောင်းကိုလဲ မိုးမောက်မြို့နယ်NLD ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းအောင်ကအတည်ပြုပြောဆိုပါတယ်။

(ABSDF) ဗဟိုကော်မတီဝင်ကိုမင်းဌေးဟာ ကချင်ပြည်နယ်မြောက်ပိုင်းဒေသ KIO အဖွဲ့ရဲ့အခြေခံဒေသမှာရှိတဲ့ ကျောင်းသားတပ်မတော်တပ်ဖွဲ့မှာ တာဝန်ယူထားတာဖြစ်သလို KIOနဲ့မြန်မာ့တပ်မတော်တို့အကြား စစ်ရေးတင်းမာ နေဆဲ အခြေအနေကြောင့်ထိန်းသိမ်းခံရတယ်လို့လဲ ယူဆမှုတွေရှိနေပါတယ်။

ကိုမင်းဌေးတရားစွဲဆိုခံရတဲ့ဖြစ်စဉ်နဲ့ပက်သက်လို့ မိုးမောက်မြို့နယ်ရဲစခမ်းကိုဆက်သွယ်ခဲ့ပေမဲ့လဲ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိမှာ ABSDFအဖွဲ့အနေနဲ့ ကိုမင်းဌေးကိုဘာကြောင့်ဖမ်းဆီးထားတယ်ဆိုတာ JMCလို့ခေါ်တဲ့ အပစ် အခတ်ရပ်စဲမှုစောင့်ကြည့်လေ့လာရေးကော်မီတီရဲ့အဖြေကိုစောင့်နေတယ်လို့ ABSDFအဖွဲ့ဒုတိယဥက္ကဌ ရဲဘော်မျိုးဝင်းက ဆိုပါတယ်။

“ ကျနော်တို့ကလည်း အစိုးရဘက်ကနေ၊ တပ်ကနေ တရားဝင်စာကို GMC ကနေပြီးတော့တဆင့် စာပို့မယ်ဆိုတာကို ကျနော်တို့စောင့်နေပါတယ်။ အဲ့ဒီဟာ ကျနော်တို့ လက်ခံရရှိပြီးတော့မှ ဒီကိစ္စကို ကျနော်တို့ confirm သေချာတယ်ဆိုတာ ပြောနိုင်မှာပေါ့နော်။ ကျနော်တို့ ခုထိတော့ တရားဝင် စာမရသေးဘူးဗျ“

ကိုမင်းဌေး လွတ်မြောက်ရေးအတွက် ABSDFခေါင်းဆောင်တွေအနေနဲ့ တပ်မတော်ကတာဝန်ရှိသူတွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာငြိမ်းချမ်းရေးကော်မတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲအခြေအနေမှာ ရှိနေတယ် လို့လဲ ရဲဘော်မျိုးဝင်းက ဆိုပါတယ်။

ကိုမင်းဌေးအထိန်းသိမ်းခံရတဲ့ဖြစ်စဉ်အပေါ် အသေးစိတ်မသိရသေးပေမဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ဆက် လက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့မျှော်လင့်ကြောင်း မြန်မာငြိမ်းချမ်းရေးကော်မရှင်အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ ကနေ ဗွီအိုအေကိုပြောဆိုပါခဲ့ပါတယ်။

တကယ်လို့ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁နဲ့တရားစွဲဆိုခြင်းခံရရင် ပြစ်မှုကြီးငယ်အလိုက် ထောင်ဒဏ်(၇) နှစ် ကနေ(၁၀)နှစ်အထိကျခံနိုင်တယ်လို့ ရှေ့နေဦးအောင်မျိုးသန့်ကပြောပါတယ်။

ကိုမင်းဌေးဟာ ABSDFကိုကိုယ်စားပြုပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့သူတဦးလဲဖြစ်ပါတယ်။

ကိုမင်းဌေးဟာ နာမည်ကျော် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone နဲ့ ရိုက်ကူးထုတ်လုပ်သရုပ်ဆောင်တဲ့ Rambo 4 ရုပ်ရှင်မှာ မြန်မာတပ်မတော် စစ်ဗိုလ်တဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူတဦးလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG