သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်းအခြေချသူ တသိန်းခန့် ထိုင်းနိုင်ငံသားပေးမည်


ထိုင်းကျောင်းတက်နေတဲ့ မြန်မာကလေးတွေတရားဝင်အထောက်အထားလက်မှတ်တွေရရှိခဲ့ပုံ- (VOA)
ထိုင်းကျောင်းတက်နေတဲ့ မြန်မာကလေးတွေတရားဝင်အထောက်အထားလက်မှတ်တွေရရှိခဲ့ပုံ- (VOA)

ထိုင်းနိုင်ငံမှာရောက်ရှိ အခြေချနေတဲ့ မြန်မာနိုင်ငံကဆင်းသက်လာသူ တသိန်းလောက်ကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ထိုင်းအာဏာပိုင်တွေ လုပ်ဆောင်နေပါတယ်။ ထိုင်းနိုင်ငံထဲမှာမွေးဖွားတဲ့သူတွေနဲ့ ထိုင်းမှာအနေကြာသူတွေ ထိုင်းကျောင်းတက်နေတဲ့ကလေးတွေအပါအဝင် နိုင်ငံမဲ့ဖြစ်နေတဲ့ သက်တမ်းကြာနေထိုင်သူ မြန်မာတွေကို အခုလောက်ထိ အရည်အတွက်များများ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ လုပ်ဆောင်တာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အသေးစိတ်ကို စုံစမ်းထားတဲ့ ထိုင်းက မအေးအေးမာ ဆက်ပြောပြမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာမိဘတွေကရွှေ့ပြောင်းအလုပ်သမားတွေ အဖြစ်လာရောက်အလုပ်ကိုင်ရင်းနဲ့ ကလေးမွေးဖွားခဲ့ကြသူတွေ၊ အနေကြာတိုင်ရင်းသားတွေ၊ နိုင်ငံမဲ့ဖြစ်နေတဲ့ မူရင်းမြန်မာနိုင်ငံကအနည်းဆုံးလူဦးရေ တသိန်းထက်မနည်းကို နိုင်ငံသားတွေပေးဖို့အတွက် ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အခုတခေါက်မှာတော့အရင်တုန်းကနဲ့မတူပဲ နိုင်ငံသားပေးတဲ့အထဲမှာ မြန်မာနိုင်ငံကနေတရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချတဲ့မိသားစုတွေကပေါက်ဖွားလာတဲ့ ကလေးတွေကိုလည်း ထိုင်းနိုင်ငံသားအဖြစ်ပေးမှာဖြစ်ပါတယ်။ ခုအခြေအနေနဲ့ပတ်သက်လို့ထိုင်းရှေနေများကောင်စီရဲ့လူမျိုးစုနဲ့နိုင်ငံမဲ့များ ရွှေ့ပြောင်းအလုပ်သမားရေးရာဆပ်ကော်မတီဥက္ကဌ နိုင်ဆူလုဖုန်ကောင်းကျန်ထွတ်က ထိုင်းဘာသာနဲ့ခုလိုပြောပါတယ်။

သူပြောသွားတာကတော့ လောလောဆယ် ထိုင်းနိုင်ငံအတွင်းမှာ မွေးဖွားလာတဲ့ မြန်မာကလေးငယ်တွေကို ကြည့်မယ်ဆိုရင် သုံးမျိုးသုံးစား ခွဲခြားထားတယ်လို့ဆိုပါတယ်။ မိဘတွေက တရားဝင်အထောက်အထားနဲ့ အလုပ်လာလုပ်ရင်းမွေးဖွားလာကြတဲ့ ကလေးငယ်တွေ၊ ထိုင်းနိုင်ငံကို နယ်စပ်ကနေ တရားမဝင် ခဏလာပြီး ထိုင်းစက်ရုံမှာ မွေးဖွားလာကြတဲ့ ကလေးငယ်တွေရှိသလို ထိုင်းနိုင်ငံအတွင်း တောင်ပေါ်တိုင်းရင်းသားကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ မွေးဖွားလာကြတဲ့ ကလေးငယ်တွေ၊ ဒီလိုမျိုး မိဘက တရားဝင်အထောက်အထားမရှိပဲ ထိုင်းနိုင်ငံတွင်းနေထိုင်နေစဉ်အတွင်းမှာ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ထိုင်းနိုင်ငံသားအခွင့်အရေးရရှိမယ်လို့ သူက ဆိုခဲ့တာပါ။ ဒီလိုကလေးတွေကိုနိုင်ငံသားအဖြစ် ပေးမယ့်အပြင်အခု ထိုင်းပြည်ထဲရေးဌာန က နိုင်ငံသားအဖြစ်ပေးနိုင်တဲ့ အမျိုးစားအုပ်စုသုံးမျိုး သတ်မှတ်ပေးခဲ့တာကတော့..နံပါတ်(၁)အုပ်စုအနေနဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့သက်သေအထောက်အထားရှိတဲ့ကလေးငယ်တွေနဲ့ မိဘတွေဟာလည်း ထိုင်းနိုင်ငံ အတွင်းမှာ (၁၅)နှစ်ကြာ နေထိုင်ခဲ့တဲ့ အထောက်အထား ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူတွေ၊ ထိုင်းပြည်ထဲရေးကထုတ်ပေးထားတဲ့ နံပါတ်စဉ် ၈၊ ၉ ပါတဲ့ ကဒ်ပြားကိုင်ဆောင်တဲ့ ကလေးတွေကိုနိုင်ငံသား အဖြစ်ပေးနိုင်တယ်လို့ဆိုပါတယ်။

နံပါတ်(၂)အုပ်စုအနေနဲ့ ကတော့ မြန်မာ ခလေးငယ်တွေဟာ ထိုင်းနိုင်ငံမှာပညာသင်ကြားပြီး တက္ကသိုလ်ဘွဲ့ ရထားမယ်၊ ထိုင်းမှာမွေးဖွားတယ်ဆိုတဲ့ မွေးစာရင်းသက်သေ အထောက်အထားပြည်စုံမယ်၊ ဒါမှမဟုတ်ထိုင်းကထုတ်ပေးထားတဲ့ အိမ်ထောင်စုစာရင်း ရှိနေတဲ့ သူတွေဆိုရင်လည်း လည်းထိုင်းနိုင်ငံသားအဖြစ်ရနိုင်တယ်လို့ဆိုပါတယ် ။

နံပါတ်(၃)အနေနဲ့ ကတော့ ထိုင်းနိုင်ငံမှာမွေးတာ မှန်ကန်သလို ၁၂ နစ်ကြာနေထိုင်နေတာကို နယ်မြေခံ တာဝန်ရှိသူတွေက တာဝန်ခံသက်သေအထောက်ထားနဲ့ တင်ပြနိုင်ရင်လည်း နိုင်ငံသားဖြစ်လက်ခံဖို့အတွက် စီစဉ်ပေးနိုင်တယ်လို့ဆိုပါတယ်။ အဲဒီလို လူမျိုးတွေကို တကယ်စာရင်းပြုစုမယ်ဆိုရင် လူဦးရေ ၈ သောင်းနဲ့ တစ်သိန်းကျော်မှာ ရှိနိုင်ပါတယ်ဆိုပြီး ပြောဆိုသွားတာပါ။

ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံအတွင်းမှာ နှစ်ပေါင်းရှည်ကြာ နေထိုင်ကြ တဲ့ နိုင်ငံမဲ့ ပြည်သူ ၁,၈၀၀၀ ကျော်ကို နိုင်ငံသားအဖြစ် လက်ခံခဲ့ပြီးပြီဆိုတဲ့ ကြေညာချက်ကိုတော့ ပြီးခဲ့တဲ့၂၀၁၅ ခုနှစ်အတွင်းမှာထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက် ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီကလည်း ကြိုဆိုခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်းမှာလည်း နိုင်ငံမဲ့ဖြစ်နေသူတွေအတွက်တရားဝင် နေထိုင်ခွင့်အထောက်အထားလက်မှတ်တွေကိုလည်း ထုတ်ပေးခဲ့တာပါ။ ဒီထဲမှာထိုင်းကျောင်းတက်နေတဲ့ မြန်မာကလေးငယ်အများစုဟာ ထိုင်းနိုင်ငံကပေးတဲ့ တရားဝင် အထောက်အထားလက်မှတ်တွေရရှိပြီး အလယ်တန်းအထိ အခမဲ့ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းရရှိခဲ့ပါတယ်ရှင် ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG