သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမားရဲ့ မြန်မာ့အရေး ထောက်ခံအားပေးမှု


အမေရိကန်သမ္မတ Barack Obama ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရာထူးကနေ အနားယူတော့မှာဖြစ်ပါတယ်။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလေးပေး ဆောင်ရွက်ခဲ့ပြီး အမေရိကန်သမ္မတ တဦးအနေနဲ့လည်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက် လည်ပတ်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် သမ္မတ Obama အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးခဲ့သလဲဆိုတာတွေကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ကျနော်တို့ အခုအသံလွင့်ပြီး မကြာခင် နာရီပိုင်းအတွင်းမှာ သမ္မတ Barack Obama ဟာ တိုင်းပြည်ကို သူ့ရဲ့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားတော့မှာ ဖြစ်ပါတယ်။ အမေရိကန် ဒေသစံတော်ချိန် ည ၉ နာရီမှာ ပြောကြားမယ့် အဲဒီ မိန့်ခွန်းအတွင်း သူ့ကို ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း အပြင် သူတာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း အမေရိကန်နိုင်ငံအတွင်းနဲ့ နိုင်ငံတာမှာ အောင်မြင်မှု ရရှိခဲ့တာတွေကို မီးမောင်းထိုး ပြောကြားသွားဖို့ ရှိပါတယ်။

သူ့ရဲ့ ပထမ သမ္မတသက်တမ်းဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကို မြန်မာနိုင်ငံကို စေလွတ်ပြီး မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေအတွက် သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ စတင် ထိတွေ့ ဆက်ဆံခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို တစိုက်မတ်မတ် စတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ Asia Pivot လို့ခေါ်တဲ့ အာရှတိုက်ကို ဦးစားပေးလုပ်ဆောင်တဲ့ သမ္မတ အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒတွေထဲမှာ အအောင်မြင်ဆုံး သာဓက တခုဖြစ်တာနဲ့အညီ ကုလသမဂ္ဂ အပါအဝင် သမ္မတ အိုဘားမား ပြောကြားတဲ့ မိန့်ခွန်းတွေထဲမှာ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုတွေကို မကြာခန ထည့်သွင်း ပြောကြားလေ့ ရှိပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီ လုပ်ဆောင်ပေးခဲ့တယ်ဆိုပေမယ့်လည်း တကယ့် တကယ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် မြန်မာပြည်သူတွေကိုယ်တိုင်က လုပ်ဆောင်ခဲ့ကြတာလို့ George Town တက္ကသိုလ်က မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ David Steinburg က သုံးသပ်ပါတယ်။

ဒါပေမယ့် သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ သမိုင်းအမွေအနှစ်ကို ထားခဲ့နိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

“သူ့ရဲ့ အမွေအနှစ်ဟာ ကောင်းမွန်တဲ့ အမွေအနှစ် ဖြစ်ပါတယ်။ ပြောင်းလဲမှု ဖြစ်ပေါ်ဖို့အတွက် တွေ့ဆုံ ညှိနှိုင်းရဲတဲ့ စိတ်ဓါတ်ဟာ ယေဘုယျအားဖြင့် ကောင်းမွန်တဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ သူလုပ်ပေးနိုင်စွမ်း ရှိသလောက် လုပ်ပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံကိစ္စကို သူ စလုပ်တဲ့အချိန်တုန်းက အမေရိကန်လွှတ်တော်က သူ့လုပ်ရပ်တွေကို သဘောမတူခဲ့ပါဘူး၊ လွှတ်တော်က စိတ်ဝင်စားတာက ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ နောက်ပိုင်းမှာ လွှတ်တော်ပါ ထောက်ခံလာအောင် တဖြည်းဖြည်းနဲ့ ကြိုးစားလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒါဟာ ကောင်းတဲ့ လုပ်ဆောင်မှုတရပ် ဖြစ်ပါတယ်။”

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ပထမဆုံး အမေရိကန် သမ္မတ တဦးအနေနဲ့ သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး အာရှဒေသမှာ မြန်မာနိုင်ငံဟာ ဘယ်လောက် အရေးပါတယ်ဆိုတာကို ရန်ကုန်တက္ကသိုလ်မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အရေးပါမှုကြောင့် ကျနော့်အနေနဲ ဒီနိုင်ငံကို လာခဲ့တာ ဖြစ်ပါတယ်။ ခင်ဗျားတို့ နိုင်ငံဟာ အရှေ့နဲ့ တောင်အာရှ ဒေသကို ချိတ်ဆက်ပေးထားတဲ့ လမ်းဆုံမှာ ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး ၂ နိုင်ငံအကြားမှာ တည်ရှိနေတာပါ။ မြန်မာနိုင်ငံရဲ့ သမိုင်းဟာ နှစ်ပေါင်း ထောင်ပေါင်းများစွာ တည်ရှိခဲ့ပြီး ကမ္ဘာ့ ဖွံ့ဖြိုး တိုးတက်မှု အလျင်မြန်ဆုံး ဒေသအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။”

အဲဒီနောက်မှာတော့ သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှာ ထပ်မံ သွားရောက်ပြီး လူငယ်တွေနဲ့ တိုက်ရိုက် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေကို ရွေးချယ်ပြီး YSEALI လို့ခေါ်တဲ့ လူငယ် ခေါင်းဆောင် အစီအစဉ်ကို စတင် တည်ထောင်ပေးခဲ့ပါတယ်။

အဲဒီ အစီအစဉ်ဟာ မြန်မာနိုင်ငံက လူငယ်တွေအတွက် အများကြီး အကျိုးဖြစ်ထွန်းစေတယ်လို့ YSEALI အစီအစဉ်မှာ ပါဝင်သူ မြန်မာ လူငယ်တဦးဖြစ်တဲ့ မဇင်မာမြင့်က ပြောပါတယ်။

“သမ္မတ အိုဘားမားကတော့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတွေ အားလုံးထဲမှာ မြန်မာနိုင်ငံအပေါ်ကို အမျာကြီး အလေးထားပြီးတော့ ကူညီပေးခဲ့တဲ့ သမ္မတ တယောက်လို့ မြင်ပါတယ်။ အဓိကအားဖြင့်တော့ သူကူညီပေးခဲ့တာတွေ အများကြီး ရှိပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ လျော့ချပေးတာမျိုးတွေ၊ အဲဒီလိုမျိုးပေါ့နော်၊ ဘက်ပေါင်းစုံကတော့ ရှိတယ်။ ဒါပေမယ့် လူငယ်တယောက်အနေနဲ့ကတော့ သူ ကူညီပေးခဲ့တဲ့ အထဲမှာ လူငယ် ဖွံ့ဖြိုးရေး အစီအစဉ်တွေကို အဓိက သူစပြီးတော့ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေမှာ စပြီးတော့၊ Initiate လုပ်ပြီးတော့ Launch လုပ်ပေးခဲ့တဲ့ အစီအစဉ်တွေဟာ မြန်မာနိုင်ငံရဲ့ လူငယ်တွေအတွက် အများကြီး အကျိုးဖြစ်တယ်လို့ မြင်ပါတယ်။”

မဇင်မာမြင့်ဟာ YSEALI လူငယ် ခေါင်းဆောင်တွေနဲ့ သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံပွဲ ပြုလုပ်စဉ်က သမ္မတ အိုဘားမားကို မိတ်ဆက်ပေးဖို့ ရွေးချယ် ခံခဲ့ရသူ တဦးဖြစ်တဲ့အတွက် အိမ်ဖြူတော်မှာ သမ္မတနဲ့ သီးသန့် တွေ့ဆုံခွင့် ရခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကူညီ လုပ်ဆောင်ပေးယုံမကပဲ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကိုလည်း ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတုန်းက ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကို လာရောက် လည်ပတ်တဲ့အချိန်အတွင်းမှာပဲ ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။

“ဒေါ်စုနဲ့ ကျနော် တိုင်ပင်ဆွေးနွေးပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် နှစ်ပေါင်း အတန်ကြာ ချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ အချိန်တန်ပြီဆိုတာကို ကျနော် ပြောခဲ့ပါတယ်။ ဒါဟာ စီးပွားရေး လုပ်ဆောင်ရာမှာ နည်းလမ်းသစ်တွေနဲ့ လုပ်ဆောင်ခြင်းအားဖြင့် အကျိုးရလဒ်တွေကို မြန်မာနိုင်ငံသားတွေ ခံစားခွင့် ရကြဖို့ ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ နိုင်ငံတကာ စီးပွားရေးနယ်ပယ်ထဲ ဝင်ရောက်တဲ့ ဆင်းရဲတဲ့ နိုင်ငံတွေအတွက် ကုန်သွယ်ရေးနဲ့ စီးပွားရေး အကျိုးရလဒ်တွေ ရှိစေမယ့် ကုန်သွယ်ရေး အထူးခံစားခွင့်တွေကိုလည်း ပေးမှာ ဖြစ်ပါတယ်။ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးပြီး ကုန်သွယ်ရေး အထူးခံစားခွင့်တွေ ပေးခြင်းအားဖြင့် အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနက် အမြတ်စွန်း မရှာတဲ့ လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြုပ်နှံကြပြီး မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ဒီမိုကရေစီ ရှင်သန်ပြီး အောင်မြင်တဲ့ အမေရိကန်ရဲ့ မိတ်ဘက်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

အဲဒီလို ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးတဲ့အတွက်ရော၊ မြန်မာနိုင်ငံအပေါ် ယုံကြည်မှု ထားရှိတဲ့အတွက်ပါ သမ္မတ အိုဘားမားကို ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ပြောကြားခဲ့ပါတယ်။

“ကျမတို့နိုင်ငံကို ကူညီခဲ့တဲ့ အမေရိကန်နိုင်ငံသားများကိုသာမက အမေရိကန် လွှတ်တော်တရပ်လုံးအပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ အားလုံးသာမက - အထူးသဖြင့် သမ္မတ အိုဘာမားကို ကျမတို့နိုင်ငံကို ထပမဦးဆုံး အမေရိကန်သမ္မတအဖြစ် လာရောက် လည်ပတ်ခဲ့တဲ့အပြင်၊ ကျမတို့ နိုင်ငံသားတွေ၊ အထူးသဖြင့် လူငယ်တွေရဲ့ စွမ်းဆောင်နိုင်ရည်ကို အသိအမှတ်ပြုပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ကျမ ပြောလိုပါတယ်။”

Indiana ပြည်နယ်၊ Indianapolis မြို့မှာ နေထိုင်တဲ့ ဒေါက်တာ Ro Dinga ကလည်း သမ္မတ အိုဘားမားလက်ထက်မှာ သံတမန် ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် တည်ဆောက်တာ အပါအဝင် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ဖြစ်ပေါ်ဘို့ အများကြီး လုပ်ဆောင်ပေးခဲ့တယ်လို့ ယူဆကြောင်း ပြောပါတယ်။

“ကျနော်ကတော့ သမ္မတ အိုဘားမားနဲ့ ဒီမိုကရက် အစိုးရကနေ တော်တော်များများ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ လုပ်ဆောင်သွားတယ်လို့ သုံးသပ်ပါတယ်။ တော်တော်လည်း ကျေးဇူးတင်ဖို့ ကောင်းတယ်လို့ ယူဆပါတယ်။ အားလုံး သိပြီးတဲ့အတိုင်းပဲ နှစ် (၅၀) အတွင်းမှာ ပထမဆုံး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Hillary က ၂၀၁၁ မှာ မြန်မာပြည်ကိုသွားတော့ သမိုင်း မှတ်တိုင်ကြီးတခု ဖြစ်သွားတာပေါ့နော်။ အဲဒါပြီးရင် သမ္မတ အိုဘားမားကိုယ်တိုင် နိုဝင်ဘာ ၂၀၁၂ မှာ တခါ၊ နိုဝင်ဘာ ၂၀၁၄ မှာ တခါ၊ နှစ်ခါတိတိ မြန်မာပြည်ကို သွားပြီးတော့ လုပ်ဆောင်ခဲ့တယ်။ မြန်မာပြည်မှာ သံအမတ်တွေလည်း ပြန်ခန့်ခဲ့တယ် - Derek Mitchell ပေါ့နော် စပြီးတော့။ ပြုပြင် ပြောင်းလဲမှု အများကြီး လုပ်ခဲ့တဲ့အခါမှာ အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုလည်း သူတို့ ဖိတ်တယ်။ နိုင်ငံတော် အကြီးအကဲ အဆင့်အတန်းထားပြီးတော့ Blair House မှာ ထားပြီးတော့ ကြိုဆို ဧည့်ခံတယ်၊ စက်တင်ဘာ ၂၀၁၆ မှာပေါ့နော်။ အဲဒါပြီးရင် GSP လို့ ခေါ်တဲ့ Generalized System of Preferences တွေကိုလည်း ပေးတယ်။ အထူးအခွင့်အရေးပေးတဲ့ ကုန်သွယ်မှုပေါ့နော် - မြန်မာပြည်ကို။ အဲဒီတော့ အဲဒီဟာတွေအတွက် အများကြီး ကျနော်တို့ မြန်မာပြည်အတွက် ကောင်းသွားတာ ဖြစ်ပါတယ်။”

သမ္မတ အိုဘားမား စတင် တည်ထောင်ခဲ့တဲ့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစီအစဉ်ဟာ သမ္မတသစ် Donald Trump အစိုးရ လက်ထက်မှာ ဆက်လက် တည်ရှိဦးမလား ဆိုတဲ့ကိစ္စကို YSEALI အဖွဲ့ဝင် လူငယ်တွေနဲ့ ဒီအစီအစဉ်ကို ကိုင်တွယ်တဲ့ ဦးဆောင်သူတွေ အကြားမှာ ပြောဆို ဆွေးနွေးနေကြဆဲ ဖြစ်တယ်လို့ YSEALI အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ မဇင်မာမြင့်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG