သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည် တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ အခြေအနေဆိုးရွား


ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ms Yanghee Lee ဂျွန်လ ၂၄ ရက်က ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ရှိ စခန်းကို သွားရောက်စဉ်။ ဓာတ်ပုံ - (UN Information Center)
ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ms Yanghee Lee ဂျွန်လ ၂၄ ရက်က ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ရှိ စခန်းကို သွားရောက်စဉ်။ ဓာတ်ပုံ - (UN Information Center)

လတ်တလောဖြစ်ပွားနေတဲ့ ကချင်ဒေသစစ်ပွဲတွေကြောင့် KIO ဌာနချုပ်နားက နဂိုရှိပြီးသား စစ်ဘေးရှောင် IDP စခန်းက ထောင်ချီတဲ့ ဒုကသည်တွေဟာ နောက်ထပ် နေရာသစ်တခုကို ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ကချင်လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ကချင်ပြည်နယ်က IDP စခန်းတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ အလှူရှင်တွေက အကူအညီပေးချင်ပေမဲ့ အစိုးရက ခွင့်မပြုသေးတာကြောင့် ဒုက္ခသည်တွေ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ တကျော့ပြန် ပြင်းထန်လာတဲ့ ကချင်ဒေသ စစ်ပွဲတွေကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ လိုင်ဇာဌာနချုပ်နားက ဇိုင်းအောင်နဲ့ မွန်ဂါဇွတ် IDP ဒုက္ခသည်စခန်းတဝိုက်ကို အစိုးရတပ်ရဲ့ လက်နက်ကြီးကျည်တွေ ကျခဲ့တာကြောင့် အဲဒီစခန်းမှာ ခိုလှုံနေတဲ့ ထောင်ချီတဲ့ ဒုက္ခသည်တွေဟာ နောက်ထပ် ၁၀ မိုင်လောက်ဝေးတဲ့ ခေါင်ရှောင်ဒေသဘက်ကို ဇန်နဝါရီလ ၈ ရက်နေ့က ထွက်ပြေးခဲ့ရပြီး လောလောဆယ် ယာယီ ရွက်ဖျင်တဲတွေနဲ့ နေနေကြရတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက် တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“ဇိုင်းအောင်ဆိုတဲ့ ဒုက္ခသည်စခန်းနားမှာ တပ်မတော်က ပစ်လိုက်တဲ့ မော်တာတွေက မီတာ ၅၀၀ အတွင်းမှာ ကျတဲ့အခါကျတော့ သူတို့တွေ အကုန်လုံး ထွက်ပြေးသွားကြတာပါရှင့်။ ၂၆၀၀ ကျော်ရှိပါတယ်။ အဲဒါက လိုင်ဇာနဲ့ တော်တော်လေး နီးပါတယ်။ အခု လောလောဆယ် ခေါင်ရှောင်ဆိုတဲ့နားမှာ လမ်းဘေးမှာပဲ သူတို့ ဒီလို ရိုးရိုးတဲတွေနဲ့ပဲ အမိုးအကာမရှိ တော်တော်လေး ဒုက္ခရောက်ခဲ့ကြပါတယ်ရှင့်။ တိုက်ပွဲတွေက ဆက်ရှိနေတုန်းဖြစ်ပါတယ်။ Yanghee Lee မြစ်ကြီးနားကို မရောက်ခင် တရက်အထိ တိုက်ပွဲဖြစ်နေပါတယ်။”

စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ အရေးပေါ်အကူအညီထဲမှာ အထူးသဖြင့် ဆေးဝါးအကူအညီတွေပါ လိုနေတယ်လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“အခုလောလောဆယ် အသစ်နေရာမှာ ဇိုင်းအောင်စခန်းက ပစ္စည်းတွေ ဘာမှမယူဘဲနဲ့ ညတွင်းချင်း ထ ပြေးကြရတာဖြစ်တဲ့အတွက်ကြောင့် တဲတွေနဲ့ပဲ နေရတာဖြစ်တယ်။ မြေကြီးပေါ်မှာပဲ အိပ်နေကြရတာ ဖြစ်ပါတယ်။ လောလောဆယ် ကချင်မှာ အဲဒီနေရာမှာ အရမ်းကို အေးပါတယ်။ အေးတဲ့အပြင်ကို ဟိုတပတ်ကကျတော့ မိုးရွာပြီး မိုးသီးပါ ကြွေတဲ့အတွက်ကြောင့် အခု လောလောဆယ်က ဆေးဝါးတွေတောင် အလုံအလောက် မရှိဘူးရှင့်။ ဖျားနာတာတွေရော အကုန်လုံး နှာစေး၊ ချောင်းဆိုးက အစပါရှင့်။ တော်တော် ဒုက္ခရောက်တာပေ့ါ။ သုညဒီဂရီလောက်နီးပါး ဖြစ်နေတဲ့အထဲမှာ မိုးပြန်ရွာတဲ့အခါကျတော့ ကလေးသေးသေးလေးတွေပေါ့၊ ပြီးလို့ရှိရင် အသက်ကြီးရွယ်အိုတွေ၊ သူတို့အတွက်က ပိုပြီး စိုးရိမ်ရတာပါရှင့်။”

IDP ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာအဖွဲ့တွေက အရင်တုန်းက အကူညီပေးခဲ့ပေမဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ နောက်ပိုင်းမှာ အကူအညီပေးရေး လမ်းကြောင်းကို တားမြစ်ထားတာကြောင့် ဒါကို ပြန်ဖွင့်ပေးဖို့ လိုတယ်တယ်လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“လောလောဆယ် မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီဒုက္ခသည်စခန်းတွေကို ထောက်ပံ့ရေးပေးဖို့အတွက် အစိုးရကရော၊ ပြီးလို့ရှိရင် တခြား အလှူရှင်တွေကိုပါ ခွင့်ပြုပြီးတော့ တောင်းဆိုပေးဖို့အတွက် အင်မတန်မှ လိုအပ်နေတာဖြစ်ပါတယ်။ လောလောဆယ် ပြဿနာက ကိုယ်လည်းမပေးဘူး။ သူများ သွားပေးမယ့်ဟာကိုလည်း တားဆီးနေသလို ပုံစံမျိုးဖြစ်နေတဲ့အခါကျတော့ ဒုက္ခသည်တွေအတွက် နှစ်ထပ်ကွမ်းပြဿနာဖြစ်ပါတယ်။ အဓိကတာဝန်ရှိသူဟာ ကျမတို့ မြန်မာနိုင်ငံအစိုးရဖြစ်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယမ်ဟီးလီကလည်း လောလောဆယ် မြန်မာနိုင်ငံကို ရောက်နေတာကြောင့် ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေး လမ်းကြောင်း ဖွင့်ပေးဖို့အတွက် ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်း နိုင်မယ်လို့ မျှော်လင့်ကြောင်း ကနေဒါနိုင်ငံသား ကချင်လူမျိုးများအဖွဲ့ရဲ့ အတွင်းရေးမှူး ဂျွန်လာဆမ်းက ပြောပါတယ်။

“ကချင်စစ်ပြေးဒုက္ခသည်တွေပေါ့နော်။ ဒုက္ခသည်တွေ စားနပ်ရိက္ခာဖြတ်တောက်မှု လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပေါ့နော် လက်ရှိအစိုးရအနေနဲ့ အမြန်ဆုံး ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။ ကုလသမဂ္ဂအနေနဲ့လည်း လက်ရှိ အာဏာရအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ အမြန်ဆုံး ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။”

ကချင်စစ်ဘေးရှောင် IDP ဒုက္ခသည်စခန်း ၉ ခုရှိပြီး တရုတ်-မြန်မာနယ်စပ်နားက လူ ၂၀၀၀ နီးပါးရှိတဲ့ ပိုင်ခွမ်ဒုက္ခသည်စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။ ကျန်တဲ့စခန်းတွေကတော့ တရုတ်နယ်စပ်နားက လောင်မင်ချင်-ဘန်ဝါ၊ မုံးကိုး၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်တူ သီပေါ၊ ကျောက်မဲနဲ့ နောင်ချို စခန်းတွေဖြစ်တယ်လို့ ကချင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြုစုထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG