သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်တိုင်းရင်းသား ၈ ဖွဲ့ အရေးပေါ် ထိပ်သီးအစည်းအဝေးကျင်းပ


(ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
(ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ် လော်ခီးလာ ဆိုတဲ့ နေရာမှာ ကျင်းပခဲ့ပါတယ်။

ဒီထဲမှာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့၈ ဖွဲ့ရဲ့ စိန်ခေါ်မှုပြဿနာတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရတဲ့ ကိစ္စတွေကို ငြိမ်းချမ်းရေးကို မထိခိုက်ဘဲ ဆောင်ရွက်ဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးပေါ် အစည်းအဝေးကို ၁ ရက်ခွဲကြာ ကျင်းပပြုလုပ်ခဲ့အပြီးမှာတော့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၈ ဖွဲ့ကြားမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာတဲ့နည်းကို သုံးပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောပြပါတယ်။

“နှစ်သစ်မှာ ကျနော်တို့ ဒီနှစ်ထဲမှာ ဆက်လက် ရင်ဆိုင်သွားရမယ့် ဗိုလ်မှူးတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ကျနော်တို့ အဖွဲ့ဝင် ၈ ဖွဲ့ကြားမှာ အကောင်အထည်ဖော်တဲ့နေရာမှာပေါ့လေ NCA မှာရှိတဲ့ အထစ်အငေါ့လေးတွေ ဘာညာကို ညှိနှိုင်းအဖြေရှာဖို့အတွက် အရေးပေါ် အစည်းအဝေး ခေါ်တာ ဖြစ်ပါတယ်။ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း ၈ ဖွဲ့နဲ့ တပ်မတော်နဲ့သော်လည်းကောင်း၊ အစိုးရနဲ့သော်လည်းကောင်း ညှိနှိုင်းအဖြေရှာတဲ့ mechanism (လုပ်ထုံးလုပ်နည်း) တခုကို ကျနော်တို့က ဖော်ထုတ်ထားပြီးတော့ ရှာဖွေရမယ်၊ နောက် ဒီလိုအရေးမျိုးဆိုရင် သူ့ကိုကိုင်တွယ်ဖို့ နည်းနာကို ကျနော်တို့က ခြုံငုံပြီးတော့ ငြိမ်းချမ်းရေးကိုလည်း မထိခိုက်အောင် တဘက်ကလည်း ဒီလို ပြဿနာလေးတွေ ပေါ်ရင်ဖြင့် အဖြေရှာတဲ့နည်းနာလည်းရအောင် အဲဒါမျိုးကို ကျနော်တို့က စဉ်းစားပါတယ်ခင်ဗျ။”

ဆွေးနွေးပွဲအတွင်းမှာတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့၈ ဖဲ့ွရဲ့ အနာဂတ်အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီထဲမှာ ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက NCA လက်မှတ်ရေးထိုးထားတဲ့ အဖဲ့ွတွေထဲမှာပါတဲ့ ရခိုင်လွတ်မြောက်ရေးပါတီ ALP က ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် ၃ ဦးဟာ သေနတ် ၁၉ လက်နဲ့အတူ ကရင်ပြည်နယ် ဘားအံမြို့မှာ ဖမ်းဆီးခံရတဲ့ အခြေအနေတွေနဲ့အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ဗဟိုကော်မတီဝင် ရဲဘော်မင်းဋ္ဌေးဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာအသွား စိန်လုံပူးပေါင်းဂိတ်မှာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးခံထားရတဲ့ အခြေအနေတွေကိုလည်း ခြုံငုံပြီး ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ဝင်တွေ လွတ်မြောက်နိုင်မယ့် အခြေအနေကတော့ နိုင်ငံရေးပြေလည်မှု အခြေအနေပေါ်မှာ မူတည်ပါတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က အခုလို ပြောပါတယ်။

“နိုင်ငံရေးအရ ကျနောတို့ အပြန်အလှန် အရေးထားမှုပေါ့ဗျာ အဲဒါမျိုးတွေရလို့ရှိရင် ဒီလို ကိစ္စမျိုးတွေက ကျနော်တို့က ဆက်လက် ဖြေရှင်းသွားနိုင်တဲ့ဟာတွေ ဖြစ်ပါတယ်။”

၂၀၁၇ ခုနှစ်အစမှာလုပ်တဲ့ အရေးပေါ်အစည်အဝေးမှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်တွေကြားမှာ ဒီလို ပြဿနာမျိုးတွေ မဖြစ်ပေါ်အောင်တော့ လုပ်ဆောင်ဖို့အတွက် မူတွေကို အခိုင်အမာ ချမှတ်ရေးဆွဲထားတယ်လို့လည်း ဆိုပါတယ်။ အာဏာပိုင်တွေက တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အသင်းအဖွဲ့တွေနဲ့ ဆက်နွယ်သူတွေအဖြစ် အရေးယူလေ့ရှိတဲ့ မတရားသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ကိုတော့ စစ်အစိုးရတွေ အဆက်ဆက် လက်ထက်မှာကတည်းက ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းနေတဲ့ အချိန်မျိုးမှာ အခုလို အရေးယူတာ မဖြစ်သင့်ဘူးလို့လည်း ဝေဖန်မှုတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့နှစ်တွေတုန်းကတည်းက လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (ခေါ်) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (RCSS/SSA-တောင်ပိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ နောက်ထပ် ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့တို့ကိုလည်း မတရားအသင်းအဖြစ်ကနေ အစိုးရက ပယ်ဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွတွေဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ သဘောတူ လက်မှတ်ရေးထိုးထားခဲ့တာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG