သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုမိုကျစ်လစ်တဲ့ နိုင်ငံခြားရေးဌာနဖြစ်ဖို့ အမည်တင်သွင်းခံရသူ Tillerson လိုလား


အမေရိကန်သံတမန် လုပ်ငန်းတွေဟာ ပိုကျစ်လစ်ပြီး ပိုမိုထိရောက်မယ့်အကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနဟာလည်း တွက်ခြေကိုက်ပြီး ပိုထိရောက်တဲ့စံနစ်ကို အသုံးပြုမှာဖြစ်တဲ့အတွက် ပိုထိရောက်ပြီး အကုန်အကျ သက်သာမှာ ဖြစ်ကြောင်း ရွေးကောက်ခံ သမ္မတ Donald Trump က နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်တင်သွင်းခြင်း ခံရသူ Rex Tillerson က ဗုဒ္ဓဟူးနေ့က လွှတ်တော် ကြားနာပွဲအတွင်း ထွက်ဆိုသွားပါတယ်။

ဒါ့အပြင် တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ စစ်ရေးအရ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ပိုမို တင်းကျပ်စွာ လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းလည်း ၉ နာရီကြာတဲ့ အထက်လွှတ်တော် ကြားနားပွဲအတွင်း Tillerson က ထွက်ဆိုသွားပါတယ်။

ရုရှားနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ် ပြုနိုင်တဲ့ နိုင်ငံဖြစ်ကြောင်းနဲ့ မကြာသေးခင်က ရုရှားတို့ရဲ့ လုပ်ဆောင်ချက်တွေဟာလည်း အမေရိကန် အကျိုးစီးပွားကို လျစ်လျူရှုရာ ရောက်စေကြောင်း Tillerson က ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံကို ဝင်ရောက် သိမ်းပိုက်ခဲ့တဲ့ ကိစ္စလို သူ့ရဲ့ လုပ်ဆောင်ချက်တွေအတွက် ရုရှားနိုင်ငံအနေနဲ့ တာဝန်ယူရမှာ ဖြစ်ကြောင်း အထက်လွှတ်တော် နိုင်ငံခြားရေးကော်မီတီရှေ့မှာ သူ့ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ရေးအတွက် ပြုလုပ်တဲ့ ကြားနာပွဲအတွင်း Tillerson က ဗုဒ္ဓဟူးနေ့မှာ အဲဒီလို ပြောကြားလိုက်တာပါ။

ပြန်လည် နိုးထလာနေတဲ့ ရုရှားနိုင်ငံရဲ့ အခြေအနေအပေါ် နေတိုး မဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ စိုးရိမ်မှု ဖြစ်ပေါ်တာဟာ မှန်ကန်ကြောင်း၊ အမေရိကန်ရဲ့ ဦးဆောင်မှု လျော့ကျနေတာကြောင့် ရုရှားတို့က အဲဒီလို ပြနလည် နိုးထလာနေတဲ့ကိစ္စကို ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် အနီးကပ် ဆက်ဆံမှု ပြုလုပ်ဖို့ Donald Trump က ရုရှားကို တောင်းဆိုထားကြောင်းလည်း Tillerson က လွှတ်တော်အမတ်တွေကို ထွက်ဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အနာဂတ် အစီအစဉ်တွေကို ချမှတ် အကောင်အထည် ဖော်နိုင်ရေးအတွက် ရုရှားနိုင်ငံနဲ့ ပွင့်လင်းတဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်သင့်ကြောင်းလည်း Tillerson က ထွက်ဆိုခဲ့ပါတယ်။ Tillerson ဟာ Exxon Mobile ရေနံကုမ္ပဏီးကြီးရဲ့ အကြီးအကဲဟောင်းလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG