သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခကြား အရပ်သားသေဆုံးမှု အစိုးရ အလေးထား ဆောင်ရွက်ဖို့ လို


တိုက်ပွဲကြောင့် ဒဏ်ရာရထားသူ
တိုက်ပွဲကြောင့် ဒဏ်ရာရထားသူ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေဖြစ်နေတဲ့ အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ နစ်နာသူတွေ အတွက် အမှန်တရား ဖော်ထုတ်ပေးပါ တိုက်ပွဲတွေအမြန်ဆုံးရပ်တန့်ရေးကြိုးပမ်းပေးပါလို့ တိုင်းရင်းသား အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်က ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ နမ့်ဆန်က ကျေးရွာတခုပေါ် လက်နက်ကြီးကျည်ကျလို့ ကလေးငယ်တဦး အပါအဝင် အရပ်သား(၂) ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အရပ်သား (၈)ဦး ဒဏ်ရာအပြင်းအထန် ရပြီး အခုအချိန်အထိ လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူနေဆဲအခြေအနေဖြစ်ပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်လက်မှတ်မထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရစစ်တပ်တို့ကြား တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးတင်းမာနေဆဲအခြေအနေဖြစ်ပါတယ်။ ဒီ်လိုအနေအထားအပေါ်မှာ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအနေနဲ့ ဒေသခံ တိုင်းရင်းသားပြည်သူတွေရဲ့အသက်အိုးအိမ်စည်း စိမ်လုံခြုံရေးနဲ့ ဒေသတွင်းတည်ငြိမ်မှုရှိအောင် အလေးထားဆောင်ရွက်ပေးဖို့ တိုင်းရင်းသားအရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက်နေ့ကနေ ဇန်နဝါရီလ ၁၄ရက်ကာလအတွင်း မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းလွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် နမ့်ဆန်မြို့အနီး ဟိုချောင်းကျေးရွာပေါ် လက်နက်ကြီးကျည်ကျလို့ အမကကျောင်းစုံညီပွဲတော်အတွက် အကတိုက်နေကြတဲ့ ကျောင်းသားတွေထဲက အသက်(၇)နှစ်အရွယ် ကလေးငယ်တဦးနဲ့အတူ အရပ်သားတဦးသေဆုံးခဲ့ရပါတယ်။ နမ့်ဆန်နဲ့ လားရှိုးဆေးရုံတွေမှာ အရပ်သား(၈)ဦး ဆေးကုသမှုခံယူနေဆဲအနေအထားဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး သွားရောက်ကူညီပေးနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့က မှတ်တမ်းနဲ့သုတေသနဌာနမှူး လိည်းပိုးကျိန်က အခုလိုရှင်းပြပါတယ်။

“ဟိုချောင်းရွာဆိုတဲ့ ရွာပေါ့နော်၊ သေဆုံးသွားတဲ့သူက ဟိုချောင်းရွာ ကလေးတဦးရယ်၊ စက်ဆရာတဦးပေါ့နော်၊ ဆုံးသွားတယ်။ ကျန်တဲ့သူတွေက အခု လားရှိုးဆေးရုံမှာ ၈ ဦးထိခိုက်ဒဏ်ရာရတယ်။ ယောက်တိုင်း စိုးရိမ်ရတယ်ပေါ့၊ ခွဲစိတ်ရမှာ။ ကျမတို့ အဖွဲ့အစည်းအနေနဲ့သွားပြီးတော့သူတို့ဆေးဖိုးဝါးခ တတ်နိုင်သလောက်သွားကူညီတဲ့အချိန်မှာ သူတို့ကိုမေးကြည့်မြန်းကြည့်ရသလောက်ကျတော့ ခုချိန်ထိ စစ်တပ်ဘက်ကနေပြီးပံ့ပိုးကူညီမှု ဆိုတာက ဘာမှမရှိဘူးဆိုတာမျိုးပေါ့။ လာရောက်ပြီးတွေ့ဆုံတာမရှိသေးဘူးလို့ပြောကြတယ် ”

မေး။ အဲ့တော့ အခု နမ့်ဆန်ဘက်မှာအခြေအနေဘယ်လိုရှိပါသလဲရှင့်။ နောက်ပြီးတိုက်ပွဲ တွေကရော ဆက်ပြီးဖြစ်နေတုန်းပဲလား။

ဖြေ။ မနေ့ညကအထိတော့ အဲဒီလက်နက်ကြီးတွေ ပစ်နေတာတော့ ရှိနေတယ်ပေါ့။ ရှိနေတုန်းပဲပေါ့နော်။ မနေ့ညအထိပေါ့။ နမ့်ဆန်ဘက်က အဓိကဘယ်သူနဲ့ တိုက်ခိုက်သလဲဆိုတော့ ..ဒီ.. တအောင်းလွတ်မြောက်ရေးတပ်မတော်နဲ့ အဲဒီ အစိုးရတပ်မတော်ပေါ့နော် အဲဒီတပ်တွေ တိုက်ခိုက်နေတာ ဖြစ်တယ်။

နစ်နာသူမိသားစုတွေအတွက် မြန်မာ့တပ်မတော်အနေနဲ့ရော အစိုးရအနေနဲ့ တာဝန်ယူ၊ တာဝန်ခံပေးဖို့ တိုင်းရင်းဒေသက စစ်ပွဲတွေ အမြန်ဆုံးရပ်ပေးဖို့ တအာင်းကျောင်းသားလူငယ်တွေနဲ့ တအာင်းအမျိုးသမီးတွေကလည်း တောင်းဆိုပါတယ်။ ကြေငြာချက်ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ လိည်းပိုးကျိန်က အခုလိုပြောပါတယ်။

“အခုက အရပ်ဖက်အစိုးရက တက်လာတယ်ဆိုပေမယ့်လည်း အခုချိန်ထိက တိုင်းရင်းသားဒေသမှာ ဖြစ်ပျက်တဲ့ ဒီတိုက်ပွဲပဋိပက္ခတွေ၊ ပြီးရင် တိုင်းရင်းသားတွေက ဒီလို IDP တွေဖြစ်လာတယ်။တိုင်းရင်းသားတွေ ဒီလိုမျိုးလူ့အခွင့်အရေးချိုးမှု ဖောက်ခံနေရတာတွေကို ဒီလက်ရှိ NLD ဦးဆောင်တဲ့ ဒီအစိုးရက အခုထိ ဘာမှကို လုပ်ဆောင်ပေးတာတွေ မရှိသေးဘူးပေါ့နော်။ အဲတာကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်တို့ ၊သမ္မတ ဦးထင်ကျော်တို့ တိုင်းရင်းသားဒေသမှာ ဖြစ်ပျက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အကုန်လုံးကို စုံစမ်းစစ်ဆေးပြီးတော့ ဖော်ထုတ်ဖို့လိုအပ်တယ်လို့ ကျမတို့က တောင်းဆိုချင်တယ်။”

လက်ရှိတိုက်ပွဲတွေဖြစ်နေဆဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်စတဲ့ တိုင်းရင်းဒေသတွေမှာ အခုလိုအရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်မှုတွေဖြစ်နေတာ အသက်ဆုံးရှုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရနေတာတွေအပေါ် နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ အစိုးရအနေနဲ့ လျစ်လျူရှု မထားသင့်ဘူးလို့လည်း ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်က လူ့အခွင့်အရေးလှုပ်ရှားသူ မမေစံပယ်ဖြူကလည်း အခုလိုပြောပါတယ်။

“အရပ်သား အပြစ်မဲ့ ပြည်သူတွေအသက်သေဆုံးရတာ၊ လက်နက်ကြီးထိမှန်ပြီးတော့ ထိခိုက်ဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာရော၊ ဝမ်းနည်းကြေကွဲကြောင်းပဲဖြစ်ဖြစ်ပေါ့၊ သွားပြီးကြည့်ရှုတာရော ကူညီထောက်ပံ့ပြီးတော့ အားပေးစကားပြောတာတွေရော လုံး၀ မတွေ့ရတဲ့အခါမှာ နဂိုကတည်းကမှ ကျမတို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်သားပြည်သူတွေရဲ့ယုံကြည်မှု ကနည်းရတဲ့အထဲမှာပေါ့လေ၊ အားကိုးလို့မဲပေးရွေးချယ်ထားတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရဟာလည်း အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေ ထိခိုက်နစ်နာ ဆုံးရှုံးရတာတွေနဲ့ပတ်သက်ပြီးတော့ နုတ်ဆိတ်နေတယ်။ ဘာမှ အရေးယူ ဆောင်ရွက်ပေးခြင်းမရှိဘူးဆိုတဲ့ဟာတွေအပေါ်မှာ ပိုပိုပြီးတော့ပေါ့နော်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက် ခက်ခဲတာတွေ၊ ပြီးတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာလည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာတာပေါ့ ”

အခုဆိုရင်တော့ မြန်မာပြည်တွင်းက စစ်ဘေးကြောင့် အရပ်သားတွေထိခိုက်ရတာ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေရှိနေဆဲဖြစ်တဲ့အပေါ် မြန်မာပြည်ကလူ့အခွင့်အရေးအခြေအနေတွေကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ဘက်ကလည်း ကိုယ်တိုင်လာရောက်စုံစမ်းနေချိန် လည်းဖြစ်လို့ တိုင်းရင်းသားအရေးလှုပ်ရှားသူတွေဘက်က လက်ရှိအနေအထားနဲ့ ပတ်သက်လို့လည်း တွေ့ဆုံတင်ပြဖို့စီစဉ်နေတယ်လို့လည်း သိရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG