သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanghee Lee ရခိုင်မှာ ဒေသခံတွေနဲ့တွေ့ဆုံ


Yanghee lee kachin visit (United Nations Information Centre Yangon)
Yanghee lee kachin visit (United Nations Information Centre Yangon)

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ ဘူးသီးတောင်နဲ့ မောင်တောမြို့တို့ကို သွားလေ့လာခဲ့ပြီး ရခိုင်နဲ့ မူစလင် နှစ်ဖက် အသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ် ခရီးစဉ်ကို အစိုးရက တာဝန်ယူဆောင်ရွက်ပေမယ့်လို့ ဒေသခံ ရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ လုံခြုံရေးတွေ လိုက်ပါမလာဖို့အတွက် Ms.Yanghee Lee က တောင်းဆိုခဲ့တဲ့အကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံကို ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ မနေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာ ရခိုင်ပြည် မြောက်ပိုင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြတဲ့ မောင်တောနဲ့ ဘူးသီးတောင် ဒေသတို့ကို ဒီကနေ့မှာ သွားရောက်ခဲ့ပြီး နှစ်ဖက်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးခွဲရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့က ခြင်္ကာလီရွာရယ်၊ နောက်အဲဒီက ကိုးတံကောက်ရွာရယ်၊ အဲဒီ ခြင်္ကာလီရွာ၊ အဲဒီရွာတွေကိုရော.. နောက် အဲဒီက IDP camp ရော၊ ဘူးသီးတောင်မှာရောပေါ့၊ မောင်တောမှာ ညအိပ်မယ်။ မောင်တောကနေဆက်ပြီးတော့ ဘူးသီးတောင်ကိုသွားမယ့်ခဏထမင်းစားပြီးတော့ ဘူးသီးတောင်သွားတယ်။ ဘူးသီးတောင်ကနေ ဒီနေ့မောင်တောကို ပြန်နေတယ်အခု။ ”

Ms.Yanghee Lee ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မစခင်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ယူဆရတဲ့နေရာတွေကို သွားရောက်လေ့လာဖို့ စီစဉ်ခဲ့ပေမယ့်လို့ ကချင်ပြည်နယ်ဘက်က လိုင်ဇာနဲ့ ဖားကန့်ဒေသတို့ကို အစိုးရက သွားခွင့် မပြုခဲ့ပါဘူး။ ဒါ့အပြင် အလုပ်အကျဉ်းစခန်းတွေထဲမှာ ဆိုးဝါးတဲ့ အခြေအနေမှာ ရှိနေပြီး အကျဉ်းသားတွေကို အခုထက်ထိ ခြေကျင်းခတ် အလုပ်စေခိုင်းတယ်လို့ ပြောဆိုမှုတွေ ရှိနေတဲ့ မွန်ပြည်နယ်က ဇင်းကျိုက် ကျောက်ထုတ် အကျဉ်းစခန်းကို သွားရောက်လေ့လာခဲ့ပေမယ့်လို့ Ms.Yanghee Lee လာရောက်တဲ့နေ့မှာ ကျောက်ထုတ်စခန်းမှာ အလုပ်သမားတွေကို အလုပ်ခိုင်းစေခြင်း မပြုခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ ကုလအထူးကိုယ်စားလှယ်ဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို လေ့လာဖို့အတွက် ရောက်ရှိနေတာပါ။ ဒီခရီးစဉ်အတွင်း Ms.Yanghee Lee ရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူထားပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးက ဦးဆောင်ကာ တာဝန်ယူဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်စိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမင်းအောင်က ပြောပါတယ်။

“ပြည်နယ်အစိုးရကနေပြီးတော့ အဆင်ပြေပြေဖြစ်ဖို့အတွက် ကျနော်တို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးနေလင်းကိုသူနဲ့အတူတူသွားဖို့.. ဟို.. လိုက်ပါပြီးတော့ သူ့ရဲ့လိုအပ်ချက်တွေပေါ်မှာ လိုက်ပါဆောင်ရွက်ပေးနေတယ်လေ ။ပြည်နယ်အစိုးရအဖွဲ့ရဲ့ဝန်ကြီးတယောက်ကလေ”

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ အစပြုခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက တစ်လျှောက်လုံး ဝေဖန်ခဲ့ကြတဲ့ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေကို ကုလအထူးကိုယ်စားလှယ် Ms.Yanghee Lee ကိုယ်တိုင် သွားရောက်လေ့လာနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ အစိုးရရဲံ လုံခြုံရေးတွေနဲ့ အဲဒီ့ဒေသတွေကို သွားရောက်ရမှာဖြစ်တာကြောင့် နှစ်ဖက်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံတဲ့အခါမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးပြောဆိုမှုတွေ ရှီနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိပေမယ့်လို့ Ms.Yanghee Lee ကတော့ သူရဲ့ ဒီတစ်ခေါက် ခရီးစဉ် ပြီးဆုံးအောင်အထိ စောင့်ကြည့်ဖို့ လိုပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လို့ မနေ့က ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့ဆုံစဉ်မှာတော့သူ့အနေနဲ့ ဒေသခံ ရွာသားတွေနဲ့ ပြောဆိုမေးမြန်းတဲ့အခါမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လိုက်ပါမလာဖို့ တောင်းဆိုခဲ့တယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

“ ရွာတွေမှာ သူသွားတဲ့ရွာ၊ သူရောက်တဲ့ရွာမှာ သူနဲ့ နီးနီးကပ်ကပ်မနေဖို့ပေါ့၊ တပ်မတော် ဒါမှမဟုတ် ရဲတပ်ဖွဲ့ဝင်တွေ သူမေးမြန်းစုံစမ်းတဲ့နေရာမှာ လာပြီးတော့ နီးနီးကပ်ကပ်မနေဖို့၊ ဝေးဝေးမှာနေပြီးတော့ သူ့ဘာသာ လွပ်လွပ်လပ်လပ် မေးမြန်းမယ်၊ မေးချင်တဲ့လူကို မေးမယ်၊ မမေးချင်တဲ့လူကို မမေးဘူး။ လုံခြုံရေးအပိုင်းကနေပြီးတော့ လိုက်ပါဖို့မလိုဘူးဆိုတာလေးကို သူက အသိပေးထားတာပေါ့နော်။ အဲတာမျိုးလေးတွေပြောတာပါ။ မနေ့က။”

Ms. Yanghee Lee ဟာ မြန်မာနိုင်ငံကို လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သတ်လို့ လာရောက်လေ့လာတာ ဒါဟာ ငါး ကြိမ်မြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီလ ၁၈ ရက်နေ့မှာတော့ ကုလအထူးကိုယ်စားလှယ်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ ရှိပါတယ်ခင်ဗျာ။

Ms. Yanghee Lee ရခိုင်မှာ ဒေသခံတွေနဲ့တွေ့ဆုံ
please wait

No media source currently available

0:00 0:04:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG