သုံးရလွယ်ကူစေသည့် Link များ

မကြာခင် ရာထူးက အနားယူတော့မယ့် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က သူ့ရဲ့ နောက်ဆုံးအကြိမ် ပြောကြားတဲ့ အပတ်စဉ်မိန့်ခွန်းမှာ အမေရိကန် လူထုကို ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။

အမေရိကန် ပြည်သူတွေထံက နေ့စဉ်နေ့တိုင်း သင်ယူခဲ့ရပြီး၊ သမ္မတကောင်းတယောက်၊ လူကောင်းတယောက်၊ ဖြစ်လာခဲ့တဲ့အကြောင်း သမ္မတ အိုဘားမား ပြောကြားခဲ့တာပါ။ ၈ နှစ်ကြာ သမ္မတသက်တမ်းအတွင်း အမေရိကန်လူထုရဲ့ စိတ်စေတနာကောင်းတွေ၊ ရုန်းကန်နိုင်စွမ်းတွေ၊ မျှော်လင့်ချက်တွေကို တွေ့မြင်ခဲ့ရသလို၊ စီးပွားရေးမှာ အဆိုးရွားဆုံး ကာလတခုကို ကျော်လွှားနိုင်ဖို့ ကြိုးစားရတဲ့ အချိန်မှာ အိမ်နားနီးချင်းတွေ တဦးနဲ့တဦး ဖေးမခဲ့ကြတာတွေကိုလည်း နမူနာပေး ပြောကြားခဲ့ပါတယ်။ သမ္မတအိုဘားမားရဲ့ နောက်ဆုံးနှုတ်ဆက်မိန့်ခွန်းအဖြစ် ရှီကာဂိုမြို့မှာ အင်္ဂါနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ထင်ဟပ်ပြောကြားခဲ့တဲ့ စနေနေ့ အပတ်စဉ်မိန့်ခွန်းမှာတော့ Obamacare လို့ ထင်ရှားတဲ့ သူ့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေကိုလည်း ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။ နိုင်ငံရေးအရ သဘောထား ကွဲလွဲစရာတွေ ရှိနေပေမဲ့လည်း အမေရိကန်ရဲ့ ဘုံရပ်တည်ချက်တွေအတွက် အမေရိကန်ပြည်သူတွေ ညီညွတ်မှု ရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။ သမ္မတအိုဘားမား နေရာမှာ ဆက်ခံမယ့် ရွေးကောက်ခံသမ္မတ Donald Trump ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် တာဝန်လွှဲပြောင်းယူမယ့် ဇန်န၀ါရီလ ၂၀ ရက်နေ့ ၀ါရှင်တန်ဒီစီမြို့တော်က အခမ်းအနားကိုတော့၊ ထောက်ခံသူတွေရော ကန့်ကွက်သူတွေပါ ထောင်သောင်းချီ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG