သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် တရားရုံးချုပ်တရားသူကြီးအဖြစ် Neil Gorsuch ကို Trump အမည်တင်သွင်း


သမ္မတ Trump၊ Neil Gorsuch နဲ့ ဇနီး
သမ္မတ Trump၊ Neil Gorsuch နဲ့ ဇနီး

အမေရိကန်ပြည်ထောင်စု Colorado ပြည်နယ်ရဲ့ ဗဟိုအစိုးရတရားသူကြီး Neil Gorsuch ကို နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးအဖြစ် ခန့်အပ်ဖို့ သမ္မတ Donald Trump က အမည်တင်သွင်းလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ကွယ်လွန်သွားတဲ့ Conservative တရားသူကြီး Antonin Scalia ရဲ့နေရာမှာ အစားထိုးမယ့် Neil Gorsuch ကို သမ္မတ Trump က အင်္ဂါနေ့ညက အိမ်ဖြူတော်မှာ ကြေညာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ်ရှိတဲ့ Neil Gorsuch သာနိုင်ငံတော်တရားရုံးချုပ် တရားသူကြီးဖြစ်လာခဲ့မယ်ဆိုရင် အသက်အငယ်ဆုံး တရားရုံးချုပ် တရားသူကြီးတွေထဲက တယောက်ဖြစ်လာမှာပါ။ Colorado ဇာတိသားဖြစ်သူ Gorsuch ဟာ သမ္မတဟောင်း Barack Obama နဲ့ Harvard တက္ကသိုလ် ဥပဒေကျောင်းမှာ တတန်းတည်းသားဖြစ်ခဲ့ပါတယ်။ သူဟာ Columbia တက္ကသိုလ်က ဘွဲ့ရခဲ့သလို Oxford တက္ကသိုလ်ကနေလည်း ပါရဂူဘွဲ့ကို ရရှိခဲ့သူဖြစ်ပါတယ်။

နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးတွေဖြစ်ကြတဲ့ Byron White နဲ့ Anthony Kennedy တို့လက်အောက်မှာ အမှုထမ်ခဲ့ဖူးပါတယ်။ သမ္မတ George W. Bush လက်ထက် ၂၀၀၆ ခုနှစ်က ဗဟိုအစိုးရတရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ သူသာ နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးတာဝန်ယူရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံကို ကာကွယ်သွားမယ်လို့ လက်ခံမိန့်ခွန်းမှာ Neil Gorsuch ကပြောကြားခဲ့ပါတယ်။ သူ့ကို အတည်ပြုမပြု လွှတ်တော်မှာ ကြားနာစစ်ဆေးရဦးမှာဖြစ်ပါတယ်။

နိုင်ငံတော် တရားရုံးချုပ်မှာ တရားသူကြီး ၉ ဦးတို့ ခန့်အပ်ထားတာဖြစ်ပြီး တရားသူကြီး Scalia ပြီးခဲ့တဲ့နှစ်က ရုတ်တရက်ကွယ်လွန်ခဲ့မှုကြောင့် လက်ရှိ ၈ ဦးသာရှိနေတာဖြစ်ပါတယ်။ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး ၈ ဦးအနက် ကွန်ဆာဗေးတစ် ရှေးရိုးစွဲဝါဒီ ၄ ဦးနဲ့ လစ်ဘရယ် သဘောထားပွင့်လင်းတဲ့ အတွေးအခေါ်ရှိသူ ၄ ဦးအကြား အညီအမျှ ကွဲပြားနေတာကြောင့် အခု သမ္မတ Trump က အမည်တင်သွင်းတဲ့ တရားသူကြီး Neil Gorsuch ကို လွှတ်တော်က အတည်ပြုမယ်ဆိုရင် ရှေးရိုးဝါဒီဘက်က မဲအများစု ရမှာဖြစ်ပါတယ်။ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးတွေရဲ့ သက်တမ်းဟာ တသက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG