သုံးရလွယ်ကူစေသည့် Link များ

အငြင်းပွါးကျွန်း ဂျပန်အုပ်ချုပ်မှု အမေရိကန်အသိအမှတ်ပြု


အမေရိကန်နဲ့ ဂျပန် ကာကွယ်ရေးဝန်ကြီးတို့လက်ဆွဲနုတ်ဆက်နေပုံ ။ဖေဖော်ဝါရီ ၄၊၂၀၁၇။

အရှေ့တရုတ်ပင်လယ်ပြင်အတွင်း ဂျပန်နဲ့ တရုတ်နိုင်ငံတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Sankaku ကျွန်းစုတွေကို ဂျပန်အစိုးရက အုပ်ချုပ်နေတဲ့အပေါ် အမေရိကန်က အသိအမှတ်ပြုကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်တာပါ။ အဲဒီ ပြောကြားချက်အပေါ် တရုတ်နိုင်ငံဘက်က အလျင်အမြန်ပဲ ဝေဖန် ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံကို ရောက်နေတဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis က ဂျပန်ကာကွယ်ရေးဝန်ကြီး Tomomi Inada နဲ့ ဒီကနေ့ တွေ့ဆုံချိန်အတွင်း အဲဒီလိုမှတ်ချက်ပေးပြောဆိုသွားတာပါ။ Senkaku ကျွန်းစုတွေ ကိစ္စနဲ့ပတ်သက်လို့ နှစ်နိုင်ငံကြား ရေရှည်ထားရှိလာတဲ့ မူဝါဒအပေါ်မှာ ဆက်လက်ရပ်တည်သွားမယ်ဆိုပြီး Mattis က ရှင်းရှင်းလင်းလင်းပြောဆိုသွားတာပါ။

တရုတ်နိုင်ငံက ဒိုင်အိုယုလို့ခေါ်ပြီး ဂျပန်နိုင်ငံက ဆန်ကာကု လို့ခေါ်တဲ့ လူမနေတဲ့ အဲဒီကျွန်းစုတွေကို တရုတ်နဲ့ ဂျပန်တို့သူပိုင်၊ ကိုယ်ပိုင်အငြင်းပွါးနေတာဖြစ်ပါတယ်။ ဒါ့အပြင် အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်တွင်းမှာလည်း တရုတ်တို့က လူလုပ်ကျွန်းတု တွေဖန်တီးနေတာဖြစ်ပါတယ်။

ဒါတင်မက တောင်တရုတ်ပင်လယ်ဒေသထဲမှာ ငါးပေါများတဲ့ ရေပြင်နယ်နိမိတ်နဲ့ မဟာဗျူဟာကျတဲ့ ရေကြောင်းလိုင်းရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝတဲ့ နေရာတွေကို ထိုင်ဝမ်၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်းပိုင်ဆိုင်တယ် ဆိုပြီး ပြောဆိုနေတာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်တွင်းဘယ်လို စစ်ရေးလှုပ်ရှားမှုမျိုးမှ မလုပ်ကြဖို့လည်း Mattis က တိုက်တွန်းပါတယ်။ခုချိန်မှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်ဖို့ မလိုအပ်ဘူးလို့လည်း Mattis ကပြောပါတယ်။
ဒီအငြင်းပွားနယ်မြေနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဝေဖန်သွားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ဘက်နှစ်ဘက် မျှမျှတတ မြင်တတ်အောင် ကြည့်ပြီး Diaoyu ကျွန်းတွေရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုနဲ့ပတ်သက်လို့ လက်လွတ်စပယ် မှတ်ချက်တွေ မချဖို့ ပြီးတော့ ဒီဒေသတွင်း အရေးကိစ္စကို ပိုပြီးတော့ ရှုပ်ထွေးအောင် ဒေသ မတည်မငြိမ်မှုတွေ ပိုဖြစ်အောင် မလုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Lu Kang က တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG