သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု


တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်အမြန်ဆုံးရပ်စဲပေးရေး ပြည်နယ်တိုင်းတွေမှာ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုတရပ်အနေနဲ့လမ်းလျောက်ချီတက်ပြီး ငြိမ်းချမ်းရေးလိုလားသူတွေက အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့တွေကို တောင်းဆိုလိုက်ကြပါတယ်။ စစ်အသုံးစားရိတ် လျော့ချရေး အပါအဝင် တပ်မတော်ကစပြီး အပစ်ရပ် စတင်ကြေညာပေးရေး စစ်ဘေးသင့်ဒုက္ခသည်တွေကို ကူညီပေးရေး စတဲ့ တောင်းဆိုချက်တွေကို လူထုလှုပ်ရှားမှုနဲ့ တောင်းဆို သွားကြမှာဖြစ်ပါတယ်။ ပြည်နယ် တိုင်းဒေသ တချို့မှာတော့ အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေရှိသလို နှောင့်ယှက်ဟန့်တားမှုတွေ ရှိခဲ့တယ်လို့ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ဦးဆောင်သူတွေကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၄ရက်နေ့ စနေနေ့ ဒီကနေ့မှာတော့ ရန်ကုန်မြို့အပါအဝင် ပြည်နယ် တိုင်း အသီးသီးက မြို့တော်တော်များများမှာ ငြိမ်းချမ်းရေး လိုလားသူတွေက စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ ပြည်တွင်းစစ် အမြန်ဆုံးရပ်စဲပေးဖို့ လမ်းမတွေပေါ်ထွက်ပြီး ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု အဖြစ်နဲ့ ခရီးရှည်ချီတက်လမ်းလျောက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။

“ ဆန္ဒပြကြွေးကြော်သံများ ”

အခုကြားခဲ့ရတဲ့အသံတွေကတော့ ပြည်တွင်းစစ် ချက်ခြင်းရပ်။ ပြည်သူလူထုလိုလားတဲ့ ငြိမ်းချမ်းရေးချက်ခြင်းပေး။ ငြိမ်းချမ်းရေးကို အမြန်ဆုံးလိုချင်တယ်။ သေနတ်သံမရှိတဲ့နေရာ ကျောင်းနေချင်တယ် စသဖြင့် သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ထားတဲ့ ဆိုင်းဘုတ်တွေ ပိုစတာတွေ ကိုင်ဆောင်ထားတဲ့ အပြာရောင်ဝတ်ဆင်ထားတဲ့ ငြိမ်းချမ်းရေး လိုလားသူတွေက ကြွေးကြော်သံတွေနဲ ့ချီတက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ လမ်းကြောင်းနှစ်ကြောင်းနဲ့ မြို့တော်ခန်းမကို ဦးတည်ချီတက်ဆန္ဒပြကြသလို လူရာပေါင်းများစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၄ရက်နေ့မှာ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြရတဲ့ အဓိကရည်ရွယ်ချက်ကို လူထုလှုပ်ရှားမှုဖြစ်ပေါ်ရေး ဦးဆောင်လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ ငြိမ်းချမ်းရေးလိုလားသူ မသဉ္ဇာရွှန်းလဲ့ရည် က အခုလိုပြောပါတယ်။

“ အဓိကက ကျမတို့ဒီလိုငြိမ်းချမ်းရေးလူထု လှုပ်ရှားမှုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နံပါတ်တစ်က ကျမတို့ ပြည်သူလူထုက ငြိမ်းချမ်းရေးလိုလားနေတယ်ဆိုတဲ့အချက်ကို ကြားသိစေအောင်ပေ့ါနော်၊ တာဝန်ရှိသူတွေသိအောင်လို့ ကျမတို့ ဒါ..လူထုရဲ့ ဆန္ဒကို ဖော်ထုတ်ခြင်းဖြစ်ပါတယ်။ ဒီတာဝန်ရှိတဲ့လူတွေ နောက်.. ဒီလက်နက်ကိုင်အဖွဲ့အစည်းကတော့ တပ်မတော်က တာဝန်ရှိတဲ့သူတွေ ကြားသိအောင်ရည်ရွယ်ပြီးကျမတို့ ဒီလို ပြည်သူရဲ့ အင်အားနဲ့ ပေါင်းစုပြီး ဒီလှုပ်ရှားမှု လုပ်ဆောင်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်ထဲမှာပဲပေါ့နော်။ အပစ်အခတ်တွေ ပြန်ဖြစ်လာတာမျိုးတွေ ကျမတို့ အများကြီးကြားရတယ်။ ပြည်သူတွေဘက်မှာ ရိက္ခာတွေ ပြတ်တောက်တာတွေ၊ ဒါတွေကြားရတဲ့အခါမှာ ပြည်သူ တွေအတွက်ကို ပြည်သူတွေက မခံမရပ်နိုင်ပြန်ဖြစ်ရတယ်။ နောက်ပြန်လည်ပြီးတော့ ဒီလိုမျိုးငြိမ်းချမ်းစွာနဲ့ စီတန်း ဆန္ဒပြတဲ့ ပုံစံမျိုးလုပ်ဆောင်ဖို့အထိကို အကုန်လုံးက သဘောတူတဲ့ အဆင့်အထိရောက်သွားခဲ့ပြီးတော့ ခုချိန်မှာတော့ ၂၀၁၇ မှာ ဒီလိုမျိုး စစ်ပွဲတွေ ရပ်ဖို့အတွက်ကို အဓိကတောင်းဆိုတဲ့ လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ “

ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက် အဓိက ရည်ရွယ် လုပ်ဆောင်တဲ့ လူထုလှုပ်ရှားမှု People’s Peace March ကနေ လူထုဆန္ဒနဲ့ အဓိက ဖော်ထုတ်ဆန္ဒပြတဲ့ တောင်း ဆိုချက်တွေနဲ့ဲ့ ပတ်သက်ပြီးလည်း သူက အခုလို ဆက်ရှင်းပြပါတယ်။

“ တောင်းဆိုချက် ၄ ချက်ကတော့ နံပါတ်တစ် ကျမတို့ ပြည်တွင်းစစ် ရပ်စဲရန်ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို အမြန်ရပ်ပေးဖို့ပါ။ နံပါတ်၂ ကတော့ ကျမတို့ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေကိုလည်း လွပ်လပ်စွာပေးခွင့်ပေါ့နော်။ အဲတာလေး အတည်ပြုပေးဖို့ ပါပါတယ်။ နောက်တခုကတော့ တပ်မတော်က အပစ်အခတ်ရပ်စဲရေးကို စတင်ကြေငြာပေးရန်ဆိုတာ ပါပါတယ်။ နောက်ထပ် နံပါတ်၄ ကတော့ စစ်အသုံးစားရိတ်ကိုပေါ့နော်။တနိုင်ငံလုံးမှာရှိတဲ့ စစ်အသုံးစားရိတ်ကိုလျှော့ချပေးရန် ဆိုပြီး အချက်၄ ချက်ကို ကျမတို့ တောင်းဆိုထားပါတယ်။ ”

ဒီကနေ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုကြီးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူထုက ပူးပေါင်းပါဝင်ခဲ့ကြတာပါ။ ပြည်ခရိုင် မြို့နယ်အသီးသီးက ပူးပေါင်းပါဝင်တဲ့ ပြည်မြို့ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုမှာ ပန်းတောင်းမြို့ကိုယ်စားပြု ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုရဲကျော်သူကလည်း သူတို့ဘာကြောင့် ပါဝင်ရသလဲဆိုတာ အခုလိုရှင်းပြပါတယ်။

“ အဓိကက တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ပေါ့။ ဒီတိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတဲ့အတွက် ပညာ်ရး၊ လူမှုရေး၊ ကျန်းမာရေးတွေ ဆုံးရှုံးနေတဲ့ ကိစ္စတွေကို ကိုယ်ချင်းစာနာတဲ့အနေနဲ့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းလှုပ်ရှားတာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျနော်တို့ တိုင်ပင်ပြီးလုပ်ထားတယ်နော်။စစ်ဘေးဒဏ်ခံပြည်သူတွေကို ထောက်ပံ့ကူညီခွင့်ရရေး၊ စစ်အသုံးစားရိတ်တွေ လျှော့ချရေး၊ တပ်မတော်ကနေပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေငြာပေးဖို့ပေါ့နော်၊ တပ်မတော်ဘက်ကနေ ပြီးတော့။ ပြီးတော့ ပထမဆုံး အနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်နားမှာ ကျနော်တို့ စုရပ်လုပ်ပြီးတော့ ရွှေဆံတော်ဘုရားကိုချီတက်ပြီးတော့ အဲဒီမှာ ဆုတောင်းပွဲလုပ်တာပေါ့”

မကွေးတိုင်းက မကွေးဆေးတက္ကသိုလ်ကျောင်းသားတဦးကို တကိုယ်တော်ဆန္ဒပြမှုနဲ့ ဖမ်းဆီးခဲ့သလို တခြားပြည်နယ်တိုင်းတွေမှာလည်း အာဏာပိုင်တွေနဲ့ ထိပ်တိုက်ဖြစ်ခဲ့ပါတယ်။ မသဉ္ဇာရွှန်းလဲ့ရည် ဒီလိုအဖမ်းဆီးတွေရှိခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုပြောပြပါတယ်။

“ ဟုတ်ကဲ့ ။ ကျမတို့ကြားတာက နှစ်ခု၊ သုံးခုလောက်ရှိပါတယ်။ အဲဒီမကွေးတိုင်းက ဆေးတက္ကသိုလ်ကျောင်းသားတယောက်ကို ရဲစခန်းကလာခေါ်သွားတယ်။ လာခေါ်သွားပြီး ပုဒ်မ ၁၈၊ နောက်တခုကြားရတာကတော့ ပုဒ်မ ၁၉ နဲ့ပါ သူ့ကို တရားစွဲဆိုထားတယ်လို့ကြားရပါတယ်။ အဓိကကတော့ တက္ကသိုလ်ရှေ့မှာ ခွင့်ပြုချက်မရှိပဲနဲ့ တဦးထဲပေါ့နော်၊ တဦးထဲ ဆန္ဒပြတယ် ဆိုတဲ့အချက်နဲ့သူ့ကိုတရားစွဲထားတယ်လို့ သိရတယ်။ အာမခံရဖို့လည်း ကျိုးစားနေကြပါတယ်။ နောက်တခုကတော့ ကျမတို့ ဒီ..ကယားပြည်နယ်မှာရှိနေတဲ့ လူငယ်တွေပေါ့နော်။ ချီတက်တဲ့ လွိုင်ကော်မှာရှိတဲ့ ကျောင်းသားတွေကိုလည်း ဝန်ကြီးချုပ်ကခေါ်ယူပြီးတော့ ပြောဆိုတယ်လို့လည်း ကြားရပါတယ်။ နောက်တခုကကျတော့ ပဲခူးတိုင်းမှာလည်း အဲဒီလိုပါပဲ။ ပဲခူးတိုင်းက ဗကသ တွေကိုခေါ်ယူပြီးတော့ ဝန်ကြီးချုပ်တို့က ခေါ်ယူပြီးတော့ စကားတွေပြောတယ်လို့လည်း ကြားရပါတယ် ”

ပြည်နယ်တိုင်းဒေသကြီးအသီးသီးမှာ ဒီကနေ့ စနေနေ့ ကျင်းပတဲ့ ငြိမ်းချမ်းရေးအတွက် လူထုလှုပ်ရှားမှု ချီတက်လမ်းလျောက်ဆန္ဒပြပွဲတွေကို ရန်ကုန်တိုင်းဒေသကြီးအပါအဝင်ပဲခူးတိုင်း သာယာဝတီခရိုင်၊ ပြည်ခရိုင်၊ ရွှေဘို၊ မွန်ပြည်နယ် သထုံ၊ မော်လမြိုင်မြို့၊ မြိတ်၊ ထားဝယ်၊ပုလောမြို့ စတဲ့မြို့အသီးသီးမှာ စစ်ဆန့်ကျင်သူတွေ ငြိမ်းချမ်းရေးလိုလားသူ လူထုအခြေပြုအဖွဲ့တွေ၊ အမျိုးသမီးရေး လူထုအခြေပြုအဖွဲ့တွေ၊ ကျောင်းသားလူငယ်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊အမျိုးသမီးရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ပူးပေါင်းပြီး လမ်းလျောက်ချီတက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု
please wait

No media source currently available

0:00 0:05:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG