သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု နောက်ဆက်တွဲ စုံစမ်းမှုများ


ပြစ်မှုကျူးလွန်ရာတွင်းပူပေါင်းပါဝင်သူူ အောင်ဝင်းဇော်
ပြစ်မှုကျူးလွန်ရာတွင်းပူပေါင်းပါဝင်သူူ အောင်ဝင်းဇော်

NLD ပါတီ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီကို သေနတ်ပစ် လုပ်ကြံသတ်ဖြတ်တဲ့အမှုမှာ သေနတ်သမား ဦးကြည်လင်း ဝန်ခံပြောဆိုခဲ့တယ်လို့ သတင်း ထွက်နေတဲ့ ဦးမြင့်ဆွေဆိုသူနဲ့ အခုနောက်ဆုံး အစိုးရလုံခြုံရေးက ဖမ်းမိထားတဲ့ ဦးအောင်ဝင်းဇော်ဆိုသူဟာ တယောက်ထဲဖြစ်တယ်လို့ အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပေမယ့် တကယ်တမ်းမှာ သီးခြားစီဖြစ်တယ်လို့ သမ္မတရုံးကရော၊ ဒီအမှုကို အာရုံစိုက်လိုက်နေတဲ့ ပြည်တွင်းသတင်းထောက် တချို့ကပါ ပြောဆိုကြပါတယ်။ ဦးကိုနီအသတ်ခံရမှုနဲ့ ပတ်သက်လို့ အစိုးရက အချိန်နဲ့တပြေးညီ သတင်းမထုတ်ပြန်နိုင်ရတာဟာ အမှုမှန်ဖေါ်ထုတ်ရေး မကြန့်ကြာရအောင် ရည်ရွယ်တာဖြစ်တယ်လို့ သမ္မတရုံးကပြောပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရှေ့နေကြီးဦးကိုနီကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ တရားခံ ဦးကြည်လင်းရဲ့ ကနဦး ရဲစစ်ချက်တွေ လူမှုမီဒီယာတွေပေါ် ပေါက်ကြားခဲ့ချိန်တုန်းက ဘုရားခိုးဂိုဏ်း ဦးမြင့်ဆွေ ဆိုသူက သူ့ကိုလုပ်ကြံခိုင်းခဲ့တာပါဆိုပြီး ဦးကြည်လင်းက ဝန်ခံပြောဆိုခဲ့တာပါ။ ဦးကြည်လင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေက လေဆိပ်မှာတင် ဖမ်းမိပြီး နောက်ထပ်ရက်ပိုင်းအကြာမှာ ဦးအောင်ဝင်းဇော်ဆိုသူကို ဘားအံဖက်မှာ လုံခြုံရေးတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့ကြောင်း သောကြာနေ့မှာ မြန်မာသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဦးအောင်ဝင်းဇော်ကိုဖမ်းမိချိန်မှာ ဦးအောင်ဝင်းဇော်နဲ့ ဦးမြင့်ဆွေဆိုသူတို့ဟာ တဦးထဲသာဖြစ်တယ်လို့ သမ္မတရုံးကရော၊ သူတို့ ၂ဦးနဲ့ အိုးဘိုထောင်မှာ ဆုံခဲ့ဖူးတဲ့ ဦးအောင်စိုးဆိုသူ အကျဉ်းသားဟောင်းကပါ အတည်ပြုပြောခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းမှာ ဦးအောင်ဝင်းဇော်နဲ့ ဦးမြင့်ဆွေတို့ဟာ သီးသန့် တဦးစီသာဖြစ်တယ်လို့ Myanmar Now သတင်းဌာနအယ်ဒီတာ ကိုဆွေဝင်းက ခုလိုရှင်းပြပါတယ်။

“ ကျနော် နံပါတ်တစ်ပြောနိုင်တာကတော့အောင်ဝင်းဇော်က အောင်ဝင်းဇော်ပဲ။ အောင်ဝင်းဇော်က လုံး၀ မြင့်ဆွေမဟုတ်ဘူး။ နော်.. ကျနော် နံပါတစ် ဒါကို ဘယ်လိုလိုက်လုပ်လဲဆိုတော့ အောင်ဝင်းဇော်နေထိုင်ခဲ့တဲ့ အိုးဘိုထောင်ကို ကျနော်က ပြန်ပြီးတော့ စုံစမ်းတယ်။ သူ့ကို ဗ.က လို့ခေါ်တယ်။ သူဟာ စစ်တပ်ကနေပြီးတော့မှ ပြုတ်လာတယ်။ ဒီအောင်ဝင်းဇော်မိဘတွေနေထိုင်တဲ့ ဘားလမ်းကို သွားပြီးတော့ အောင်ဝင်းဇော်ရဲ့ ငယ်သူငယ်ချင်းတွေနဲ့ သွားတွေ့တယ်။ ပြီးတော့ အောင်ဝင်းဇော်ရဲ့ ဦးလေးက အရင်က အင်းစိန်ထောင်ပိုင်ဟောင်းပေ့ါနော်။ သူတို့တွေအားလုံးနဲ့ စကားပြောတော့ အောင်ဝင်းဇော်က အောင်ဝင်းဇော်ပဲ ။ အောင်ဝင်းဇော်မှာ မြင့်ဆွေဆိုတာလည်း မရှိဘူး။ အောင်ဝင်းဇော်ရဲ့ မှတ်တမ်းထဲမှာက တပ်မတော်အရာရှိ။ အဲ့ဒီအရာရှိဘဝနဲ့ စည်းကမ်းချက်တခု ဖောက်ဖျက်လို့ဆိုပြီးတော့ ထောင်ကျတယ်။ နောက်တခါကျတော့ ခုထပ်ပြီးတော့မှာ ဒီဘုရားခိုးဂိုဏ်းတွေနဲ့ ပတ်သက်ပြီးတော့မှ ထောင်ကျပြီးတော့မှာ လွတ်မြောက်လာတာ။ ဒါက အောင်ဝင်းဇော်နဲ့ ပတ်သက်ပြီးတော့ ခိုင်ခိုင်မာမာ ရှိတဲ့အချက်ပေါ့နော်။ နောက်ပြီးတော့ မြင့်ဆွေက အောင်ဝင်းဇော်မဟုတ်ဘူးလားဆိုတော့ ရဲမှတ်တမ်းမှာကျတော့ မြင့်ဆွေဆိုတာ မန္တလေးအခြေစိုက် မန္တလေးသား။ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်ပေါ့နော်။ မြင့်ဆွေရဲ့ မိဘတွေက ကြေးသွန်းလုပ်ငန်းတွေဘာတွေလုပ်ကိုင်တဲ့မန္တလေးမှာဆိုတာ သိရတယ်။ မြင့်ဆွေရဲ့ အဖေက အရပ်သား။ ကြေးသွန်းလုပ်ငန်းလုပ်တယ်။ အောင်ဝင်းဇော်ရဲ့အဖေက တပ်မတော်အရာရှိ အငြိမ်းစား။ ရန်ကုန်ဘားလမ်းမှာနေတယ်။ ဆိုတော့ ဘာမှ မဆိုင်တဲ့ နှစ်ယောက်ဖြစ်နေတယ်။”

ဦးအောင်ဝင်းဇော်နဲ့ ဦးမြင့်ဆွေဆိုသူတို့ဟာ တဦးထဲလားလို့ သမ္မတရုံးကို မေးမြန်းရာမှာ သီးသန့်သာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“ အောင်ဝင်းဇော်က ပြစ်မှုကျူးလွန်ရာမှာ ပူးပေါင်းပါဝင်တဲ့လူအဖြစ်နဲ့ ကျနော်တို့ ဖမ်းမိထားတာဖြစ်တယ်။ ကျနော်တို့ အဲတာကြောင့် သတင်းတွေထုတ်ပြန်တဲ့ နေရာမှာ ရသမျှ ကျနော်တို့ ထုတ်ပြန်လို့မရဘူး။ အဲဒီတရားခံရဲ့ စစ်ကြောချက် ဘယ်လောက်အတိုင်းအတာထိမှန်သလဲဆိုတာ ကျနော်တို့က ပြန်ပြီးတော့ ဆန်းစစ်လေ့လာရတဲ့ သဘောရှိပါတယ်။ အဲတော့ ကျနော်တို့ ပြောနိုင်တာကတော့ အောင်ဝင်းဇော်သည် ပထမ ဖေ့စ်ဘုတ်တွေမှာ အထူးသဖြင့် မြင့်ဆွေဆိုတာ အောင်ဝင်းဇော်ပဲဆိုတဲ့ ဟာက လူမှုကွန်ယက်မှာ ပြန့်နှံ့ပြီးတော့ ပေါ်လာတာဖြစ်ပါတယ်။ သို့သော် ကျနော်တို့ ရဲတပ်ဖွဲ့က ဖော်ထုတ်ပြီး ဖမ်းဆီးရမိသူသည် အောင်ဝင်းဇော်သည် အောင်ဝင်းဇော်သာဖြစ်ပါတယ်။ ”

ရှေ့နေကြီးဦးကိုနီ အသတ်ခံရတဲ့အမှုကို ပြည်ထဲရေးကကိုင်တွယ်နေပြီး ရန်ကုန်မှာ စစ်ကြောရေးလုပ်နေတာပါ။ဒီအမှုရဲ့ နောက်ဆုံးအခြေအနေမေးမြန်းရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီးတင်ဝင်းက ခုလို ဖြေကြားပါတယ်။

“ ကျနော်တို့ မနေ့ကဟိုမှာ (သမ္မတရုံးက) သူတို့ သတင်းထုတ်ပြန်လိုက်တဲ့ အတိုင်းပါပဲ။ ကျနော်တို့ အဲဒီထက်ထူးပြီး ဘာမှ မသိပါဘူး။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့လဲ ဘာမှ အတည်ပြုချက် confirm လုပ်လို့မရသေးပါဘူး။ ရန်ကုန်မှာပဲ စစ်နေတာပါခင်ဗျ၊ ကျနော်တို့ဆီမှာ ဘာမှ မတက်သေးပါဘူး ”

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက တော့ နိုင်ငံတကာမှာလို အချိန်နဲ့တပြေးညီ သတင်းမထုတ်ပြန်နိုင်ရတဲ့အကြောင်းကို ခုလိုရှင်းပြပါတယ်။

“ ဒါက အခု ပြည်ထဲရေးကလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတာရှိတယ်။ မဏာမ စစ်ကြောချက်တွေ ထွက်သွားတာတွေရှိတယ်။ အဲဒီမှာ စပြီးတော့ ဖမ်းမိကတည်းက သတင်းတွေ ထွက်သွားတဲ့အခါမှာ ကျနော်တို့ ဟိုဖက်မှာ ဆက်စပ်တဲ့ တရားခံတွေကို ဖမ်းရတဲ့အခါမှာ အခက်အခဲတွေရှိတယ်။ အဲဒီ အတွက်လည်း ပြည်ထဲရေးဝန်ကြီးဌာနက အထူးအဖွဲ့သတ်မှတ်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒါတော့ နိုင်ငံတကာထုံးတွေ ရှိကောင်းရှိမယ် သို့သော် ကျနော်တို့လက်ရှိ ပြည်တွင်းမှာ လုံခြုံရေးအရ အထူးအရေးကြီးတဲ့ကိစ္စကို ကိုင်တွယ်နေတာ ဖြစ်တဲ့အတွက် နားလည်ပေးဖို့တော့ ကျနော်တို့က ပြောချင်ပါတယ်။”

ဦးကိုနီလုပ်ကြံခံရတဲ့အမှုနဲ့ ပတ်သက်လို့ ဆက်စပ်တရားခံတွေကို နောက်ထပ် ဖမ်းဆီးထားတဲ့သတင်းတွေ ထွက်နေပေမယ့် အစိုးရဖက်ကတော့ ခုချိန်ထိ အတည်ပြုဖို့ငြင်းဆန်နေပါတယ်။ ရှေ့နေကြီးဦးကိုနီဟာ အင်ဒိုနိုင်ငံမှာ Senior Leadership program လေ့လာရေးခရီးစဉ်အပြီး ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်အရောက်မှာ သေနတ်ပစ်လုပ်ကြံ ခံရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG