ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ ကချင်ဒေသမှာ ထွက်နေတဲ့ကျောက်စိမ်းနဲ့ တခြားသယံဇာတ ထုတ်ယူသုံးစွဲရေးကိစ္စနဲ့ ဆက်စပ်နေပြီး၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ခွင့်ကို တရားဝင်ခွင့်ပြုထားပေမယ့် ကျောက်တူးဖော်ရေးကုမ္ပဏီတွေဟာ မှောင်ခိုလမ်းကြောင်းကတဆင့် တရုတ်နယ်စပ်ဘက်မှာ ရောင်းဝယ်မှုတွေ လုပ်နေတယ်လို့ ဒေသအတွင်း သယံဇာတ ထုတ်ယူသုံးစွဲမှုကို စောင့်ကြည့်နေတဲ့ KTNG ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်က ကိုဆာဂျီ ပြောပါတယ်။ ကချင်ဒေသက သယံဇာတကို အလွန်အကျွံထုတ်ယူနေပေမယ့် ဒေသခံတွေ အကျိုးခံစားခွင့် မရှိဘူးလို့လည်း သူကဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နံှမှုနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်နိုင်ဖို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံတဲ့ ဝါရှင်တန်ဒီစီ ခရီးစဉ်အတွင်း ကိုဆာဂျီ က ပြောဆိုလိုက်တာပါ။ ကိုဆာဂျီ ကို VOA ရုံးချုပ်မှာ ကိုဉာဏ်ဝင်းအောင် က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ အခုလိုမျိုး VOA ကို လာရောက်လည်ပတ်ပြီး သီးသန့်အင်တာဗျူး ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုဆာဂျီ အခုတခေါက် အမေရိကန် လာရောက်တဲ့ခရီးစဉ်အတွင်းမှာ ကချင်ပြည်နယ် တိုင်းရင်းသားဒေသက သယံဇာတနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို လာရောက်တင်ပြတယ်လို့ သိရပါတယ်။ ဆိုတော့ ဘယ်သူတွေနဲ့ တွေ့ဖြစ်ပြီးတော့ ဘယ်လို အကြောင်းအရာတွေကို ပြောဖြစ်လဲ။
ကိုဆာဂျီ ။ ။ ကျနော်တို့ ဒီတခေါက် လာရတာကတော့ အမေရိကန်အစိုးရ US State Department နဲ့ တွေ့တယ်။ Security Council တို့၊ ဒီအဖွဲ့အစည်းတချို့ နိုင်ငံရေးပေါ်လစီ၊ စီးပွားရေးပေါ်လစီတွေ ချမှတ်တဲ့ အကြံပြုတဲ့ Congress ထဲက Senator တွေနဲ့ တွေ့ဆုံပြီး လက်ရှိ ဖြစ်နေတဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေနဲ့ ပဋိပက္ခ ဆက်နွှယ်နေတယ်ဆိုတဲ့ အကြောင်းကို ကျနော်တို့ သွားပြောခြင်းဖြစ်တယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ပြီးခဲ့တဲ့ လပိုင်းတွေကမှ မြန်မာနိုင်ငံကို အထူးသဖြင့် စစ်ခေါင်းဆောင်အဟောင်းတွေ အပါအဝင် တချို့ခေါင်းဆောင်တွေကို စီးပွားရေးပြစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်လည်ရုတ်သိမ်းလိုက်တာ ရှိပါတယ်။ ဒီဟာတွေနဲ့ ကချင်ပြည်နယ်က သယံဇာတ ထုတ်ယူသုံးစွဲခွင့်ကိစ္စတွေနဲ့က ဆက်စပ်မှု ရှိနေသလား။ ဘယ်လိုမျိုးကြောင့် အခုလိုမျိုး တင်ပြဖြစ်တာလဲ။
ကိုဆာဂျီ ။ ။ အများကြီး ဆက်စပ်နေပါတယ်။ အခုအချိန်အခါမှာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု မြန်မာနိုင်ငံအပေါ် ရုတ်သိမ်းလိုက်တဲ့အခါမှာ သူတို့ရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှမှုက တခါတည်းတပြိုင်တည်း ဆက်စပ်သွားတယ်။ အထူးသဖြင့် အခုအချိန်မှာ ရင်းနှီးမြုပ်နံှတဲ့အခါ နိုင်ငံအတော်များမှားမှာ အမေရိကန်အပါအဝင် တခြား စက်မှုကုန်ထုတ်လုပ်ဖို့ဟာ ရင်းနှီးမြုပ်နံှဖို့ အခြေအနေ မရှိဘူး။ ပထမဦးဆုံး Extractive Industry ဆိုတဲ့အခါ တွင်းဖော် သဘာဝသယံဇာတကို ထုတ်ယူတဲ့ အပိုင်းမှာ ဇောင်းပေးမယ့် အခြေအနေတွေရှိမယ်။ ဒါကြောင့်မို့ အခုအချိန်က တကယ်ကို အမေရိကန်အစိုးရရဲ့ ရင်းနှီးမြှုပ်နံှဖို့ဟာ ဒီဟာ သယံဇာတ ထုတ်ယူသုံးစွဲမှု အခြေအနေကို အရင်အားပေးသင့်တယ်။ လက်ရှိ ငြိမ်းချမ်းရေးကို အရင်ဦးစားပေး လုပ်သင့်သလား။ နောက်ပြီ နိုင်ငံရေးပြဿနာကို အရင်ဖြေရှင်းကြမလားဆိုတဲ့ဟာ မြန်မာနိုင်ငံအပေါ်မှာ သူတို့ရဲ့ မူဝါဒ ချမှတ်တဲ့အချိန်မှာ သူတို့ရဲ့ မူဝါဒကို ဘယ်လို လမ်းစဉ်လုပ်မလဲဆိုတဲ့ဟာကို ထည့်သွင်းစဉ်းစားနိုင်ဖို့ကို အထောက်အကူပြုဖို့အတွက် ကျနော်တို့က လာရောက်တိုက်တွန်းတာပေါ့။
ကိုဉာဏ်ဝင်းအောင် ။ ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့တလောတုန်းက အထူးသဖြင့် ကချင်ဒေသမှာ သယံဇာတ တူးဖော်တဲ့လုပ်ငန်းတချို့ကို ယာယီရပ်ဆိုင်းထားတဲ့ဟာတွေကို ကျနော်တို့ ကြားရပါတယ်။ အဲဒီတော့ အခုအချိန်အထိ သယံဇာတ တူးဖော်မှုတွေက ကချင်ပြည်နယ်အတွင်းမှာ လွတ်လွတ်လပ်လပ် လွန်လွန်ကျူးကျူးကို လုပ်နေတဲ့ အခြေအနေမျိုး ရှိနေတုန်းပဲလား။
ကိုဆာဂျီ ။ ။ တော်တော်ကို လွန်လွန်ကျူးကျူး လုပ်နေတဲ့အပိုင်းတွေ ရှိတယ်။ ဒါဟာ ကျနော်တို့က ထဲထဲဝင်ဝင် တကယ့်ဘဝလေ့လာစောင့်ကြည်တဲ့အဖွဲ့ဆိုတော့ အများကြီး သိရတာပေါ့။ တချို့ဆိုရင် ကုမ္ပဏီသက်တမ်း ကုန်တဲ့ဟာကို သက်တမ်းဆက်မတိုးဘဲနဲ့ ဒီအတိုင်းထားတဲ့အပိုင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကုမ္ပဏီ သက်တမ်းကုန်တဲ့ဟာ ပြောတဲ့အပိုင်းမှာ သက်တမ်းမကုန်တဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းမှ စက်ယန္တရားတွေလည်း ပူးပေါင်းတယ်။ သူတို့နေရာတွေမှာ လိုင်စင်သက်တမ်းမကုန်တဲ့ဟာတွေ ဆက်တူးနေတယ်။ ဒါကြောင့် အင်အားတောင် ပိုကြီးသွားတဲ့ စက်ယန္တရား ပူးပေါင်းလိုက်တယ်။ လုပ်ကွက်တွေကို ပူးပေါင်းလိုက်တယ်။ ကုမ္ပဏီနာမည် မကုန်တဲ့ဟာနဲ့ ပူးပေါင်းလိုက်တော့ ပိုပြီးတော့ အင်အားကြီးတဲ့ စက်နဲ့ တူးဖော်တာ ဒါက သယံဇာတထုတ်ပြီး သုံးစွဲတဲ့ဟာ ယာယီရပ်ဆိုင်းရေးမှာ ထိရောက်မှု မရှိဘူး။ လက်တွေ့မကျဘူး။
ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီ တူးလို့ရတဲ့ သယံဇာတတွေက အဓိက ဘယ်လမ်းကြောင်းကနေ ဘယ်နိုင်ငံကို ရောက်သွားတာမျိုးလဲ။
ကိုဆာဂျီ ။ ။ ဒီကိစ္စက အရမ်းကောင်းတဲ့ မေးခွန်းပါ။ ကျနော်တို့ မြန်မာနိုင်ငံက အင်မတန်မှ သဘာဝသယံဇာတ ထုတ်ပြီးသုံးစွဲဖို့ အခြေအနေ ရှုပ်ထွေးတဲ့ဟာတွေ ရှိတယ်။ ကျနော်လည်း ဒီဟာကို ပြောပြချင်တယ်။ တရားဝင်၊ တရားမဝင်ဆိုတာ နိုင်ငံတကာမှာ အစိုးရခွင့်မပြု Permit မပေးလို့ရှီရင် တရားမဝင်လို့ ဆိုလို့ရတယ်။ မြန်မာနိုင်ငံမှာ တရားဝင်ကုမ္ပဏီတွေလည်း သူတို့က Emporium မှာ သွားတင်တဲ့ဟာ မဟုတ်ဘူး။ တရုတ်ပြည်နယ်စပ်မှာ တရားဝင်ကုမ္ပဏီတွေလည်း အကြီးအကဲတွေနဲ့ အပေးအယူလုပ် ယူတဲ့အခါ တဘက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အများကြီးဆက်စပ်သွားတာ ပြည်နယ်မှာရှိတဲ့ သာမန်လူတွေပဲ ပိုင်ဆိုင်ခွင့်ကို မရှိတာ၊ စီမံခန့်ခွဲခွင့်၊ ရောင်းဝယ်ဖောက်ကားပိုင်ခွင့်ကို လက်ဝယ်ထားရှိမှုကို ဥပဒေနဲ့ အရေးယူလို့ရတယ်။ တကယ့်ကို ဗဟိုက လွှတ်လိုက်တဲ့၊ Permit ပေးလိုက်တဲ့လူတွေက အချိန်ပြည့်တရားဝင် လုပ်လို့ရတယ်။ တရားဝင်ဆိုပေမယ့် အားလုံးက တရားဝင် Emporium မှာပြမှ တိုင်းပြည်အတွက် အကျိုးအတွက် အခွန်ဘဏ္ဍာကို ထည့်ယူသုံးစွဲတဲ့ဟာ မဟုတ်ဘူး။ သူတို့လည်း အဲဒီလမ်းကြောင်းနဲ့ပဲ နားလည်မှုနဲ့ တရုတ်ပြည်ဘက်ကို ရောင်းမှ အစိုးရကို အခွန်မပေးဘဲနဲ့ ရောင်းတဲ့ဟာ ဝင်ငွေပိုကောင်းတာပေါ့။ ဒါကြောင့် ဘယ်သူအတွက်မှ အကျိုးမရှိတဲ့ အခြေအနေမှာ ဖြစ်သွားတာပေါ့။ အင်မတန်မှ ရှုပ်ထွေးတဲ့ တရားဝင်နဲ့ တရားမဝင်ဆိုတဲ့ဟာ ကျောက်စိမ်းကိစ္စတွေ နဲ့ တခြားကိစ္စတွေ သစ်ကိစ္စတွေ အားလုံးက အပေးအယူ ဌာနဆိုင်ရာကအစ စစ်တပ်၊ အဖွဲ့အစည်း အားလုံး ပါဝင်မှ သဘာဝသယံဇာတ ထုတ်ယူမှုက တော်တော့ကို ရှုပ်ထွေးတဲ့ အခြေအနေပါ။
ကိုဉာဏ်ဝင်းအောင် ။ ။ ဒီဒေသခံ တာဝန်ရှိတဲ့ အာဏာပိုင်တွေ၊ ကုမ္ပဏီပိုင်းတွေက ပေါင်းပြီးတော့ တချို့ကိစ္စတွေမှာ တရားမဝင် လုပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ရှိပါတယ်။ ဥပမာ နောက်တခုက လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တချို့ကလည်း ဒီလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာလည်း ကြားသိရတယ်။ ဘယ်လိုမျိုး ဒီဟာတွေက ပတ်သက်ဆက်နွယ်မှု ရှိပါလဲ။
ကိုဆာဂျီ ။ ။ အဓိက အခုနပြောတဲ့ ပြဿနာတွေက အကြီးဆုံး အိမ်ရှင်လုပ်တဲ့ဟာကတော့ ဗဟိုက ခွင့်ပြုချက်လုပ်ထားတဲ့ ကုမ္ပဏီကြီးတွေက အကြီးဆုံး။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် လက်နက်ကိုင်ဖြစ်ဖြစ်၊ လက်နက်မကိုင်ဖြစ်ဖြစ် အဓိက ကုမ္ပဏီပါမစ် ပေးထားတာက Power အမြင့်ဆုံးပေါ့။ ဥပမာ အတိအကျပြောမယ်ဆိုရင် မြတ်ယမုံကုမ္ပဏီတို့၊ လင်းလက်ဝင်းတို့ ရေမဆေးရှာတဲ့လူကို ပစ်သတ်တဲ့ လုံခြုံရေး တာဝန်ယူတဲ့ စစ်တပ်က ပစ်သတ်တဲ့ဟာမျိုး ကုမ္ပဏီတွေက အင်မတန်မှ Power ရှိတဲ့ ကုမ္ပဏီတွေ ဖြစ်တယ်။ အဲဒီထဲမှာ ရှုပ်ထွေးတဲ့ဟာတွေ အများကြီးရှိတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ အခု ပြောသွားတဲ့အထဲမှာပါတဲ့ ကုမ္ပဏီ အခုန ကိုဆာဂျီ ပြောသွားတဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ နောက်ကွယ်မှာ မြန်မာ့တပ်မတော် စစ်တပ်ရဲ့ အကြီးအကဲတွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေလား။
ကိုဆာဂျီ ။ ။ ကျနော်တို့ Myanmar Holding Companies ဆိုတဲ့ အကျိုးတူဦးပိုင်ကုမ္ပဏီတွေက အများဆုံးက အရင်တုန်းက စစ်တပ်အစိုးရခေတ်မှာ ထူထောင်ထားတာ သူတို့က ရာခိုင်နှုန်းအများဆုံးက သူတို့ရဲ့ ဦးပိုင်လီမိတက်တွေ ဖြစ်နေတယ်။ နောက်ပြီး တချို့ကျန်တဲ့ဟာလည်း သူတို့နဲ့ ဆက်စပ်ပတ်သက် စီးပွားရေး လုပ်ငန်းရှင်ကုမ္ပဏီတွေ၊ အကြီးစား သတ္တုတွင်းကုမ္ပဏီတွေ။ အများကြီး သူတို့နဲ့ ဆက်စပ်တဲ့ဟာ ရှိတာပေါ့။ ဒါကြောင့်မို့ ဒီဟာ ကာကွယ်ဖို့က အရေးကြီးတယ်။ ဖားကန့်မှာ ခဏခဏ စစ်တပ်နဲ့ ရဲနဲ့ လုံခြုံရေးယူတဲ့ဟာနဲ့ သာမန်ရေဆင်းကောက်တဲ့ဟာတွေ ပစ်သတ်ပြီး သေဆုံးတာတို့၊ ကျင်းပြိုပြီး သေဆုံးတာတို့ ခဏခဏဖြစ်တဲ့ဟာတွေက အများကြီး ဆက်စပ်တာပေါ့။ ဒီအပိုင်းက။
ကိုဉာဏ်ဝင်းအောင် ။ ။ အခုလို သယံဇာတ ထုတ်ယူသုံးစွဲမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ရာသီဥတုကအစ ဘယ်လိုမျိုး ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရတာ ရှိလဲ။ ကချင်ပြည်နယ်မှာ။
ကိုဆာဂျီ ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ သဘာဝ သယံဇာတကို စည်းမဲ့ကမ်းမဲ့ စည်းစနစ်မကျ ထုတ်ယူသုံးစွဲတဲ့အတွက်ကြောင့်မို့ သဘာဝသယံဇာတက ဥပမာ ကျောက်စိမ်း အချိန်တိုအတွင်း ခပ်မြန်မြန်နဲ့ ကုန်သွားတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆိုရင် အင်မတန်မှ မြင့်တဲ့တောင်တွေက လေးလငါးလ လောက်ဆိုရင် ချောင့်ဝှမ်းတွေ ဖြစ်ကုန်တယ်။ နောက် မြစ်ချောင်းအင်းအိုင် ဥရုချောင်းကိုကြည့်လိုက် လက်ဘက်ရည်ဖျော်ထားသလို တော်တော့ကို အခြေအနေဆိုးတဲ့ ရေထုညစ်ညမ်းမှုတွေ၊ ခဏခဏ မိုးတွင်းမှာဆိုရင် ရေကြီးတယ်။ ဖားကန့်မြို့ကို ရေလွှမ်းမိုးတယ်။ နောက်ပြီးတော့ ကျင်းပြိုတဲ့အခါ မိုးတွင်းမှာဆို ခဏခဏ သတင်းထဲမှာ ကျင်းပြိုမြေပြိုပြီး လူတွေ သေတယ့်ဟာတွေ ဖြစ်တယ်။ အကြီးမားဆုံး သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေ ဖြစ်တယ်။ တပြိုင်နက်ထဲ လူမှုရေးပြဿနာတွေ အများကြီး ဖြစ်ပေါ်နေတယ်။ မူးယစ်ဆေးဝါးကအစ လောင်ကစား၊ လိင်မှုဆိုင်ရာတွေ ကျူးလွန်မှုတွေ ခဏခဏ တကယ့်ကို ပြစ်မှုနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေဆိုးတဲ့ အခြေအနေဖြစ်တယ်။ တပြိုင်တည်း ပြဿနာပဋိပက္ခဆိုတဲ့ ကုမ္ပဏီအကျိုးအမြတ်ကို ကျောက်စိမ်းရဲ့ သဘာဝသယံဇာတ အကျိုးအမြတ်က အကြီးအကဲတွေဟာ အားလုံးအကြီးအကဲနဲ့ ဆက်စပ်တဲ့ဟာကြတော့ ဒီဟာတွေ ကာကွယ်ဖို့အတွက် ခဏခဏ ပြည်တွင်းစစ်တွေ အများကြီး ဆက်စပ်တာ၊ ပဋိပက္ခ ဖြစ်ပေါ်စေတာတွေ ကျောက်မျက်ထုတ်ယူဖို့အတွက် တော်တော့ကို ဆက်စပ်နေတယ်။ ပြဿနာ တော်တော်များတယ်ဆိုတာကို တင်ပြချင်တယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ပြည်တွင်းစစ်နဲ့ ဆက်စပ်တယ်လို့ ပြောသွားတော့ ကျနော် တခုမေးချင်တာက ဒီ သယံဇာတ ထုတ်ယူသုံးစွဲမှုနဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ ဘယ်လို ဆက်စပ်မှု ရှိနေတာမို့လဲ။
ကိုဆာဂျီ ။ ။ ကိုဉာဏ်ဝင်းအောင် ။ ။ အများကြီး ဆက်စပ်တယ်ဆိုတဲ့အထဲမှာ တခြားပြဿနာ ဖြစ်လာရတဲ့ အကြောင်းရင်းက၊ တိုက်ပွဲဖြစ်လာရတဲ့ အကြောင်းရင်းက အများကြီးရှိတယ်။ အဲဒီအထဲမှာ ဒါကတခု။ တကယ့်ကို အကြီးမားဆုံး အကြောင်းပြချက်။ ပြောမယ်ဆိုရင် ဒါလဲ တခုအပါအဝင် ဖြစ်တယ်။ ကျောက်စိမ်းကိစ္စ သဘာဝသယံဇာတ ထုတ်ယူမှု၊ သုံးစွဲမှုက ဒါက အဓိကအားဖြင့် ကျနော်တို့ ပြည်ထောင်စုဆိုတဲ့ နာမည်ခံပဲ ဖြစ်နေတယ်။ ဖယ်ဒရယ် စီမံခန့်ခွဲရေး သဘာဝသယံဇာတကို ပိုင်ဆိုင်ခွင့်နဲ့ စီမံခန့်ခွဲပိုင်ခွင့်၊ အခွန်ဘဏ္ဍာခွဲဝေသုံးစွဲခွင့်တွေက ဘာမှမရှိဘူး။ ဗဟိုထိန်းချုပ်မှုအောက်မှာပဲဖြစ်တဲ့အခါကြောင့်မို့ အများကြီးကို ပြဿနာကို ဖြစ်ပေါ်စေတဲ့အပိုင်းကို အုပ်ချုပ်မှု အခြေခံဥပဒေနဲ့ စီမံခန့်ခွဲမှုမှာ ပြည်ထောင်စုအပေါ် အခြေမခံဘဲနဲ့ အားလုံးက ဗဟိုကလုပ်တဲ့အတွက်ကြောင့်မို့ ပဋိပက္ခကို ဖန်တီးရာရောက်တာပေါ့။
ကိုဉာဏ်ဝင်းအောင် ။ ။ ဒီသယံဇာတ ကချင်ပြည်နယ်မှာ ထုတ်ယူသုံးစွဲမှုက ကချင်ဒေသခံတွေက အကျိုးခံစားခွင့် မရဘူးလား။ အခုလောလောဆယ်မှာ။
ကိုဆာဂျီ ။ ။ ခြုံပြီးပြောမယ်ဆိုရင် တော်တော့ကို အကျိုးနည်းတယ်လို့ ပြောရမယ်။ ကချင်ဒေသသာမကဘူး ဗမာပြည် တပြည်လုံးက အကျိုးခံစားခွင့် သိပ်မရှိတဲ့အပိုင်းမှာ ရှိတယ်။ ရေဆေးကောက်တာတို့၊ အငယ်စား ကျောက်စိမ်းလုပ်တဲ့ဟာတွေ ပွဲစားလုပ်ပြီးမှ နည်းနည်းကျန်ရင်ကျန်မယ်။ တကယ့် အကျိုးခံစားခွင့်ကို လုံးဝမရှိဘူး။ ကျောက်စိမ်းမှာ အဆင့် Grade A, B, C, D အထိ သတ်မှတ်ထားတာတွေ ရှိတယ်။ A နဲ့ B အရည်အသွေးရှိတဲ့ ကျောက်စိမ်းက ကချင်ပြည်နယ်မှာ သယ်ယူပို့ဆောင်ခွင့်၊ ရောင်းဝယ်ဖောက်ကားပိုင်ခွင့် မရှိဘူး။ အချိန်ပြည့် ဖမ်းလို့ရတယ်။ ပြည်နယ်ထဲမှာရှိတဲ့ လူက ကျောက်စိမ်းထွက်တဲ့နေရာမှာ ရှိတဲ့လူတွေက တကယ့်ကို တရားမဝင်တဲ့ဟာ automatic ဖြစ်သွားတယ်။ ဗဟိုက ခွင့်ပြုလိုက်တဲ့ဟာပဲ အားလုံးက သယ်ယူပို့ဆောင်ခွင့်ရှိတယ်။ နေပြည်တော် Emporium မှာပဲ လုပ်ခွင့်ရှိတယ်။ ဒီဟာတွေက တရားဝင် တကယ့်အကျိုးမရှိအောင်လို့ထားတဲ့အပိုင်း ဒါက တကယ့်ကို လက်ရှိ အခြေခံဥပဒေအရ။
ကိုဉာဏ်ဝင်းအောင် ။ ။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကိုဆာဂျီအနေနဲ့ အကြံပေးချင်ပါလဲ။
ကိုဆာဂျီ ။ ။ ကျနော် ဒီအပိုင်းနဲ့ သဘာဝသယံဇာတ ပတ်သက်ပြီး အခုက အင်မတန်မှ အရေးကြီးတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အချိန်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးဆွေးနွေးဖို့အတွက် ငြိမ်းချမ်းရေးကို ပြုလုပ်နေတဲ့အချိန်မှာ သဘာဝသယံဇာတကို စည်းနဲ့ကမ်းနဲ့ ပြဿနာကို ပိုမိုကြီးထွားစေတဲ့ဟာတွေကို ယာယီရပ်ဆိုင်းထားက အကောင်းဆုံးပဲလို့ ကျနော် ပြောကြားချင်တယ်။ နောက်ပြီးမှ ဒီသဘာဝသယံဇာတ အရင်းအမြစ်ထုတ်ယူ သုံးစွဲမှုနဲ့ ပတ်သက်လို့ ပြည်ထောင်စု ဖယ်ဒရယ်ကို အခြေခံပြီးမှ ဖယ်ဒရယ် စီမံခန့်ခွဲပိုင်ခွင့်၊ အခွန်ဘဏ္ဍာ ခွဲဝေသုံးစွဲပိုင်ခွင့်တွေ၊ အခွန်ဘဏ္ဍာကို ကိုယ့်ပြည်နယ်ကိုယ့်နေရာမှာ ပညာရေး၊ ကျန်းမာရေးအတွက် အဆင့်မြင့်အောင် ဘယ်လိုထုတ်ယူသုံးစွဲမလဲ ဆိုတဲ့အပိုင်းတွေကို အများကြီး စဉ်းစားပြီး ရေရှည်တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ ရေရှည်တည်တန့်ခိုင်မြဲမယ့် ဖွံ့ဖြိုးရေးကို အများကြီး လုပ်ယူနိုင်တဲ့ ပေါ်လစီအပိုင်းကို အများကြီးစဉ်းစားစေချင်တယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ကျေးဇူးတင်ပါတယ်။