သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဝေဟင် ရဟတ်ယာဉ် ဝင်ရောက်မှု အိန္ဒိယငြင်းဆန်


အိန္ဒိယ-မြန်မာနယ်စပ်။
အိန္ဒိယ-မြန်မာနယ်စပ်။

မြန်မာနိုင်ငံ လေကြောင်းပိုင်နက်ထဲကို အိန္ဒိယနယ်စပ်လုံခြုံရေး တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ် ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း မြန်မာအစိုးရက အိန္ဒိယအစိုးထံ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း အိန္ဒိယ အခြေစိုက် The Times of India သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီ ဖြစ်ရပ်ဟာ အိန္ဒိယ - မြန်မာနယ်စပ် မီဇိုးရမ်းမြို့နယ်အတွင်းက Zokhawthar ကျေးရွာမှာ အခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဖြေရှင်းချက်ပေးဖို့ အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနကတဆင့် နယ်ခြားစောင့်တပ်ဖွဲ့ထံ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လေကြောင်းပိုင်နက်ထဲကို သူတို့ရဲ့ ရဟတ်ယာဉ်တွေ ကျူးကျော် ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့က အိန္ဒိယအစိုးရထံ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဌာနအတွင်း စုံစမ်း စစ်ဆေးမှုတွေအရ - ဖေဖော်ဝါရီလ ၃ ရက်နေ့တုန်းက အဆင့်မြင့် အပေါ့စား ရဟတ်ယာဉ်တစင်းဟာ Kumbhirgram လေတပ် အခြေစိုက်စခန်းကနေ နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် မီတာ ၅,၅၀၀ လောက် အမြင့်မှာ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်ဟာ အိန္ဒိယနိုင်ငံပိုင် မီဇိုးရမ်း ပြည်နယ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ လေကြောင်း ပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ခဲ့ခြင်း မရှိဘူးလို့ ချေပ ပြောဆိုပါတယ်။

၂၀၁၅ ခုနှစ်အတွင်း အိန္ဒိယ စစ်တပ်က မြန်မာနိုင်ငံ ပိုင်နက်ထဲကို ဝင်ရောက်ပြီး စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံအကြား ဒီကိစ္စဟာ အတိမ်းအစောင်းမခံတဲ့ ကိစ္စရပ်တခု ဖြစ်လာခဲ့ပါတယ်။ Kumbhirgram လေတပ် အခြေစိုက်စခန်းဟာ အိန္ဒိယ - တိဘက် နယ်စပ်ဒေသနဲ့ အာသံရိုင်ဖယ် သေနတ်ကိုင်တပ်ရင်းအတွက် နယ်ခြားစောင့်တပ်က လေကြောင်း အကူအညီပေးဖို့ အသုံးပြုနေတဲ့ လေတပ် အခြေစိုက် စခန်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG