သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC အဖွဲ့ ၅ ဖွဲ့ NCA လက်မှတ်ထိုးမည့်ကိစ္စ အစိုးရရှင်းလင်း


ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၆)
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၆)

NCA ခေါ် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို UNFCရဲ့ အဖွဲ့ဝင် ၅ ဖွဲ့ဖြစ် တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီ အမျိူးသားတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားကောင်စီ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး ၊ ၀ အမျိုးသားအဖွဲ့ချုပ်တို့လက်မှတ်ထိုးတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပတ်လည်မိန့်ခွန်း နောက်ဆက်တွဲ အဖြစ် ကြေညာခဲ့ခြင်းအပေါ် UNFC ဒုဥက္ကဋ္ဌအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့ က ကန့်ကွက်ခဲ့ကြပါတယ်။ ဒီလို လက်မှတ်ရေးထိုးဖို့ ယတိပြတ် ဆုံးဖြတ်ထားတာ မဟုတ်သေးကြောင်းလည်း ပြောပါတယ်။ မြန်မာအစိုးရဘက်ကတော့ အခုလို ထုတ်ပြန်ချက်ဟာ ခိုင်မာတဲ့ သတင်း အချက်အလက်တွေ ရှိပေမယ့် ဆန္ဒစော သွားခဲ့တဲ့သဘော ရှိပါတယ်လို့ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှစ်ပတ်လည်မိန့်ခွန်းအပြီးမှာ NCA တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်လက်မှတ်မထိုးရသေးတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့က တိုင်းရင်းသားငါးဖွဲ့အနေနဲ့ လက်မှတ်ထိုးဖို့ရှိတယ်လို့ ပြောဆိုခဲ့မိတာက ဆန္ဒစောပြီးပြောဆိုခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရဦးဇော်ဌေးကဆိုပါတယ်။ အဲ့ဒီ့တော့ အခုလိုဖြစ်သွားခဲ့တဲ့ အပေါ် ဦးဝင်းမင်းက ဦးဇော်ဌေးကို မေးမြန်းရာမှာ-

ဦးဇော်ဌေး။ ။ အဓိက ကတော့ ကျနော်တို့ Message ရတာပေါ့နော်။ သတင်းရတယ်။ သတင်းအချက်အလက်ရတယ်ဆိုတာ တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဆီကလည်း သတင်းရတယ်ပေါ့။ နာမည်တော့ ထုတ်ဖော် မပြောတော့ပါဘူး။ နောက်တချက်က အဲ့ဒီ့ EAO ( Ethnic Armed Organizations )ထဲကနေပြီးတော့ မီဒီယာကို ထွက်ပြောတာပေါ့နော်။ မွန်ပြည်သစ်ပါတီက နိုင်ဝင်းလှတို့၊ အဲ့လိုမျိုး ထိုးမယ့်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်သစ်မှာလည်း Decision ချလိုက်တယ်ဆိုပြီး ပြောလာတယ်ပေါ့နော်။ အဲ့တာနဲ့ ကျနော်တို့ကလည်း Information ကို ဒီဟာကိုရတဲ့အတွက် Source ကတော့ တခုတည်းတော့မဟုတ်ဘူး။ Source ကတော့ မီဒီယာ Source တခုတည်းတော့မဟုတ်ဘူး ကျန်တဲ့နေရာက Source တွေရတဲ့အတွက် ဒါကို ဝမ်းသာစရာ သတင်းအနေနဲ့ လုပ်လိုက်တယ်။ သို့သော် တဘက်မှာလည်း UNFC အနေနဲ့ ကျနော်တို့ သဘောတူညီချက်တွေရဖို့၊ NCA ထိုးဖို့အထိလုပ်ဖို့မှာလည်း သူ့မှာလည်း Internal Process ပေါ့ အထဲမှာ လုပ်ရမယ့်လုပ်ငန်းစဉ်လေးတွေရှိတယ်ဆိုတာလည်း ကျနော်တို့ နားလည်ပါတယ်။ အထူးသဖြင့် မွန်ပြည်သစ်က နိုင်ဟံသာတို့ထွက်ပြောတဲ့ဟာမျိုးတွေ သူတို့အထဲမှာ ဆုံးဖြတ်ချက် ချတဲ့အဆင့်တော့ မရောက်သေးဘူးဆိုတဲ့သဘော ပြောသွားတာတော့ တွေ့ရပါတယ်။

တွေ့ရတော့ ဘာပဲပြောပြော ဒီဟာသည် အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အားမလိုအားမရဖြစ်နေတာပေါ့နော် အဲ့ဒီ့ဟာတွေနဲ့ပတ်သက်လို့ သတင်းကောင်းပါးတဲ့သဘော အဲ့တာလေး ပြောလိုက်တာဖြစ်ပါတယ်။ UNFC အနေနဲ့ တဖွဲ့ချင်းမှာ တချို့လည်း ပြောပြီးပြီပေါ့ တချို့လည်း ပြောဖို့ကျန်သေးတယ်ပေါ့ အဲ့တာသိရတယ်။ သို့သော် နောက်တဆင့်ပေါ့ UNFC Summit မှာ UNFC ထိပ်သီးအစည်းအဝေးမှာ ဒါတွေဆွေးနွေးပြီးတော့ ထိုးမယ့်အဖွဲ့၊ မထိုးမယ့်အဖွဲ့ သဘောထားလေးတွေယူပြီး သွားမယ်လို့တော့ ကျနော်တို့က သိရပါတယ်။

နောက်တချက်က UNFC အနေနဲ့ NCA လမ်းကြောင်းအတိုင်းသွားရမယ်ဆိုတဲ့ ဘုံသဘောတူညီချက် ရှိပြီးသားဖြစ်တယ်။ ထိုးတဲ့အခါမှာတော့ တဖွဲ့ချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ ထိုးနိုင်တယ်ဆိုတဲ့ မူဝါဒလေးတွေ ရှိတာလည်း သိရတယ်။ ကျနော်တို့ဘက်က ညှိနှိုင်းဆွေးနွေးတဲ့အနေအထားလေးကလည်း အလားအလာကောင်းဘက်ကို ရောက်နေတဲ့ဆိုတဲ့သဘော တွေ့ရတဲ့အတွက် ဒီ Message လေး ပေးရခြင်းဖြစ်ပါတယ်။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့ အခုနောက်ဆုံးအခြေအနေကတော့ မသေချာဘူး လို့ပြောရမှာပေါ့နော် ငါးဖွဲ့ထိုးဖို့၊ မထိုးဖို့က။

ဦးဇော်ဌေး။ ။ ကျေျနာ်တို့ Internal Process လေးတွေရှိပါသေးတယ်။ ဆက်ပြီးတော့ UNFC ထဲမှာ လုပ်ရမယ့်လုပ်ငန်းစဉ်အချို့ ကျန်သေးတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ နားလည်ပါတယ်လို့ ပြောချင်ပါတယ်။

ဦးဝင်းမင်း။ ။ ဟုတ်ကဲ့ ခုနကပြောတဲ့ ဒီမီဒီယာမှာတင်မဟုတ်ဘူးပေါ့။ အပြင်မှာ ဆက်သွယ်မှုရတဲ့အနေအထားက ခိုင်မာမှု အနေအထား ဘယ်လောက်လောက်ရှိလဲ။

ဦးဇော်ဌေး။ ။ အခုအချိန်မှာတော့ ကျနော်တို့က နည်းနည်းလေး စောပြီးတော့ ပြောလိုက်တာပေါ့နော်။ ပြောလိုက်တော့ UNFC အတွင်းမှာလည်း လုပ်ရကိုင်ရ အဲ့လိုပေါ့ Pressure လေးတွေရှိတယ်ဆိုတာတော့ ကျနော်တို့ နားလည်ပါတယ်။ သို့သော် ခုနကပြောတဲ့ ခိုင်မာမှုကတော့ ရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရဦးဇော်ဌေးကိုဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG