အမေရိကန်သမ္မတ Donald Trump ကနိုင်ငံတကာထောက်ပံ့ရေးအစီအစဉ်တွေအတွက် ထောက်ပံ့ငွေတွေ ဖြတ်တောက်လိုက်တဲ့အတွက် ကမ္ဘာတဝန်းက အမျိုးသမီးနဲ့ ကလေးတွေ ဒုက္ခရောက်လိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကသောကြာနေ့က ပြောကြားလိုက်ပါတယ်။
Georgetown တက္ကသိုလ်ရဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ Institute မှာကျင်းပတဲ့ ဒီနှစ်အတွက် Hillary Rodham Clinton ဆုချီးမြှင့်ပွဲမှာ Mrs. Clinton ကသမ္မတ Trump ရဲ့လုပ်ရပ်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကြီးအကျယ်ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွက် ကြီးမားတဲ့ အမှားကြီးဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း သမ္မတသစ်နဲ့ပါတ်သတ်လို့ လူသိရှင်ကြားပြောကြားခြင်း မရှိခဲ့ပေမဲ့ သောကြာနေ့က ဆုပေးပွဲမှာတော့ သူက အမျိုးသမီးတွေကို နောက်ချန်ထားခဲ့မှာလား ဒါမှမဟုတ် ဦးဆောင်ခွင့်ပြုမှာလားဆိုတာ မေးခွန်းထုတ်ရမယ်လို့ ပြောကြားသွားပါတယ်။
ပဋိသန္ဓေဖျက်ချပေးတဲ့အဖွဲ့တွေနဲ့ ပဋိသန္ဓေဖျက်ချမှုဆိုင်ရာ ပညာပေးနေတဲ့အဖွဲ့အစည်းတွေကို အမေရိကန်ထောက်ပံ့ငွေပေးမှုတားဆီးတဲ့ အမိန့်ကို သမ္မတ Trump က သမ္မတာဝန်ယူပြီးရက်ပိုင်းမှာပဲ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။