သုံးရလွယ်ကူစေသည့် Link များ

ဒီကနေ့ ဧပြီလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံတွင်းက ပြည်နယ်တိုင်းတချို့မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတဲ့ နေ့ပါ။ လစ်လပ် လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့ မဲဆန္ဒနယ်တွေထဲ ရန်ကုန်တိုင်း အတွင်း အကျိတ်အနယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြတဲ့ မဲဆန္ဒနယ်သုံးခုကို ကျမတို့ရဲ့ ဗွီအိုအေ ရန်ကုန်ရုံးခွဲက ၀ိုင်းတော်သား တွေ နေရာခွဲပြီး ကိုယ်တိုင်သွားပြီးတော့ ကြည့်ရှု လေ့လာ တွေ့ဆုံ မေးမြန်းတာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီထဲက အမျိုးသား လွှတ်တော်အတွက် ရန်ကုန်တိုင်းအတွင်း တခုတည်းသော လစ်လပ်မဲဆန္ဒနယ်ဖြစ်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၆ မြို့နယ် ၇ မြို့နယ်ထဲက ကြည့်မြင်တိုင်မြို့နယ်ဘက်ကို သွားခဲ့တဲ့ မမြင့်မြင့်ခိုင်က တွေ့သိမေးမြန်းခဲ့သမျှ အရင်ဆုံးပြောပြပါရှင်။

ဟုတ်ကဲ့ပါရှင်၊။ ကြည့်မြင်တိုင်မြို့နယ်ထဲက မျက်မမြင်ကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံကို ဗွီအိုအေက ရောက်သွားချိန်မှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel လာရောက်လေ့လာတာကို တွေ့ရပါတယ်။ သံအမတ်ကြီး Scott Marciel က ဒီကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပြု ပြောကြားသွားပါတယ်။

“ဒီရွေးကောက်ပွဲဟာ အရည်အသွေးနဲ့ ပတ်သက်လို့ စိတ်ကျေနပ်မှုရှိစရာ ကောင်းသလားဆိုတာကို မြန်မာလူထုကပဲ ဆုံးဖြတ် ပေးပါလိမ့်မယ်။ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း အများကြီး ကြိုးစားထား တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပေါ်တော့ ကျွန်တော်တို့ သဘောကျခဲ့ကြပါတယ်။ တကယ် တော့ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိဆိုတာကို မဲဆန္ဒရှင် ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးမှာပါ။”

ရွေးကောက်ပွဲနေ့ အခြေအနေတွေကို လာရောက် လေ့လာတာဟာ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးနေသူတွေကို အမေရိကန်အနေနဲ့ အပြည့်အဝ ထောက်ခံအားပေးတဲ့သဘောဖြစ်ပြီး ဒီကနေ့ ရွေးကောက်ပွဲ မှာ မသန်စွမ်းသူတွေလဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင် မဲထည့်ခွင့်ရတာတွေ့ရလို့ ဝမ်းသာပါတယ်လို့လဲ သံအမတ်ကြီး Scott Marciel က ပြောပါတယ်။

မနက်ပိုင်းမှာ ဗွီအိုအေက ရောက်သွားသမျှ မဲရုံတွေမှာ အဲဒီအချိန်ပိုင်းအတွင်း မဲလာပေးသူ ခပ်ကျဲကျဲပဲတွေ့ရပါတယ်။ အမျိုးသား လွှတ်တော် အမှတ် ၆ မဲဆန္ဒနယ်မှာ မြို့နယ် ၇ ခုပါဝင်ပြီး ရဲတပ်ဖွဲ့ဝင်နဲ့ အစိုးရ၀န်ထမ်းတွေ၊ မိသားစုဝင်တွေ အများစုနေထိုင်တဲ့ ဆိပ်ကမ်းမြို့နယ်တွင်းမှာတော့ မဲလာပေးသူ ပိုစိပ်တာကိုတွေ့ခဲ့ရပါတယ်။

ကြည့်မြင်တိုင်မြို့နယ် မျက်မမြင်ကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံမှာတော့ မသန်စွမ်းသူ ၄၀ ကျော်လောက် ကိုယ်တိုင်ကိုယ်ကျ မဲလာထည့်ကြတာ ထူးထူးခြားခြား တွေ့ရတာပါ။ မသန်စွမ်းသူတွေ ကိုယ်တိုင်ကိုယ်ကျ လျှို့ဝှက်မဲပေးနိုင်ဖို့အတွက် အစီအမံတွေ အနေနဲ့ မသန်စွမ်းသူတွေ မဲရုံထဲ အဆင်ပြေပြေ သွားလာနိုင်ဖို့အပြင် မဲပြားပုံစံတွေကိုလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်း ကထက် ပိုပြီး သေသေသပ်သပ်လုပ်ထားတာ မြင်ခဲ့ရပါတယ်။

ဒီမဲရုံမှာ မဲလာထည့်တဲ့ ဦးအောင်လွင်ဦးကတော့ သူ့အတွေ့အကြုံကို အခုလို ရှင်းပြပါတယ်။

"ဒီနေ့ ၂၀၁၇ ရွေးကောက်ပွဲမှာ မဲလာပေးရတဲ့အချိန်မှာ မဲရုံမှာ စီစဉ်ထားတဲ့ပုံစံက လွတ်လပ်စွာ မဲပေးခွင့်ကို ပိုပြီးတော့ ပီပြင်တယ်လို့ ကျနော် ယူဆပါတယ်။ ကျနော်တို့က ကျနော်တို့ မဲပေးတဲ့ဥစ္စာကိုဘယ်သူမှ မသိပဲ လျှို့ဝှက်ဆန္ဒမဲပီပီ မဲပေးခဲ့ရတယ်။ ၂၀၁၅ မှာတုန်းကလည်း အဲ့လိုပဲ မဲပေးခဲ့ရတယ်။ ဒါပေမဲ့ ၂၀၁၅ မှာတုန်းက လွတ်လွတ်လပ်လပ် မဲပေးခဲ့ရတဲ့ပုံစံ သူတို့စီစဉ်ထားတဲ့ မဲTemplate ပြားက သိပ် quality သိပ်မကောင်းခဲ့ဘူး။ ဒါပေမဲ့ လွတ်လပ်စွာ မဲပေးခဲ့ရတယ် အခုလည်း ပိုပြီးတော့ ဒီနေ့ မဲပေးခဲ့ရတဲ့ မဲTemplate ပြားက အင်မတန်မှ ပိုကောင်းမွန်တဲ့ Standard ရှိတဲ့ မဲTemplate ပြားနဲ့ မဲပေးခဲ့ရတယ်။"

ဒီကြားဖြတ်ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ လျှို့ဝှက် မဲထည့်နိုင်အောင် မြို့နယ် ၅ ခုမှာ စီစဉ်ပေးထားပြီး မသန်စွမ်းသူ မဲဆန္ဒရှင် စုစုပေါင်း ၁၉၂ ဦး ရှိပါတယ်။ နောက်ပိုင်းမှာ မသန်စွမ်းသူတွေ ကိုယ်တိုင်ကိုယ်ကျ မဲပေးနိုင်တဲ့ မဲရုံတွေ များလာဖို့ လိုသလို မသန်စွမ်းသူတွေ အဆင်ပြေပြေ မဲပေးနိုင်ဖို့ အစိုးရရော၊ ရွေးကောက်ပွဲကော်မရှင်ကပါ အခြေအနေကောင်းတွေကို တိုးချဲ့ဆောင်ရွက်ဖို့လိုတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI)က ကိုနေလင်းစိုးက ပြောပါတယ်။

"ငါးမြို့နယ်က ချင်းပြည်နယ် ထန်တလမ်ပါတယ်။ စစ်ကိုင်းတိုင်း မုံရွာ ရန်ကုန်မှာဆိုရင် ကော့မှုးမြို့နယ် လှိုင်သာယာမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်ပေါ့။သို့သော် လက်လှမ်းမမှီတဲ့ မသန်စွမ်းသူတွေလည်း တော်တော်များများ ကျန်သေးတယ်ပေါ့။ တနိုင်ငံလုံးမှာ သန်းခေါင်စာရင်းအရ ၂၃ သိန်းကျော် ရှိတာပေါ့ မသန်စွမ်းတဲ့သူကလေ။ အသက် ၁၈နှစ်အထက် ပြောပါဆိုရင်တော့ ခန့်မှန်းခြေ ၁၅ သိန်းလောက်ရှိလိမ့်မယ်။ တနိုင်ငံလုံးမှာလေ။ ဆိုတော့ သူတို့တွေရဲ့ အခြေအနေကတော့ ကျယ်ပြန့်လာဖို့ အများကြီးပေါ့။သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ သူတို့ဒေသမှာ မဲပေးခွင့်ရကြပါတယ်။ ဒါပေမဲ့ ပိုပြီးတော့ ကောင်းမွန်တဲ့ အခြေအနေတွေ ထပ်ပြီး ဖြစ်ပေါ်ဖို့ ထပ်ပြီးတော့ ကြိုးစားရဦးမှာပေါ့နော်။"

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ ၂ သန်းကျော်ရှိပြီး ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ တစ်သန်းခွဲကျော် ရှိပါတယ်။ ဒါကတော့ ကြည့်မြင်တိုင်မြို့နယ်တွင်း မသန်စွမ်းသူတွေအတွက် စီစဉ်ပေးထားတဲ့ မဲရုံအခြေအနေပါ။ တခါ လှိုင်သာယာ မဲဆန္ဒနယ်ဘက်ကို ကျမတို့ရဲ့ဝိုင်းတော်သား ကိုထက်အောင် သွားခဲ့တယ်ဆိုတော့ အဲဒီကအခြေအနေကို ဆက်ပြောပြပါဦးရှင်။

ဟုတ်ကဲ့ပါ မမြင့်မြင့်ခိုင်ရေ၊ ကိုယ်စားလှယ်လောင်းတွေကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ မဲဆန္ဒနယ်တွေထဲ ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာမဲဆန္ဒနယ်လည်း တစ်ခုအပါအ၀င်ပါ။ ဒီမဲဆန္ဒနယ်ဟာ အခု စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်နေတဲ့ ဒေါက်တာသန်းမြင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိင်ရခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာလဲ ဒေါက်တာသန်းမြင့်ကိုယ်တိုင် လှိုင်သာယာ မဲဆန္ဒနယ်မှာ မဲလာပေးပါတယ်။ မဲပေးရတဲ့အပေါ် သူ့ရဲ့ခံစားချက်ကိုတော့ ဒေါက်တာသန်းမြင့်က အခုလိုပြောပြပါတယ်။

" very exciting ပေါ့ကွာ။ ထုံးစံအတိုင်းပေါ့ မဲပေးတယ်ဆိုတော့ အပြိုင်အဆိုင်ပေါ့ မဲဆန္ဒရှင် တယောက် နှစ်ယောက်တော့ စိတ်လှုပ်ရှားတာပေါ့ စိတ်လှုပ်ရှားတာပေါ့ စိတ်လှုပ်ရှားတယ်ဆိုတာ ဝမ်းသာအားရနဲ့ ကိုယ်ကြိုက်တာ ကိုယ်ပေးရတာဆိုတော့ စိတ်လှုပ်ရှားမှု ရှိတာပေါ့ကွယ်။

အခြေခံလူတန်းစား အများစုနေထိုင်တဲ့ လှိုင်သာယာမြို့နယ်တွင်းမှာ မဲဆန္ဒှရှင်တွေရဲ့သဘောထား ကွဲလွဲနိုင်ပြီး မဲတွေကွဲသွားနိုင်ဖွယ် ရှိတယ်လို့ ရွေးကောက်ပွဲ မတိုင်ခင်က သုံးသပ် ပြောဆိုတာတွေရှိထားပါတယ်။ မဲဆန္ဒရှင်တဦးဖြစ်တဲ့ မပြည့်ဖြိုးဇင်ကတော့ သူရဲ့ အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

"မဲပေးရတဲ့အတွေ့အကြုံကတော့ ကောင်းတာပေါ့၊ ဒါပေမဲ့ အရင်တုန်းကလို လူမများတဲ့အတွက်ကြောင့် အားနည်းတာပေါ့နော်။"

ကိုထက်အောင်။ ။ ဟုတ်ကဲ့ ဘာကြောင့် လူနည်းတယ်လို့ထင်လဲ ညီမ။

"လူတွေက သိပ်စိတ်မဝင်စားတာလား ဘယ်လိုလဲတော့ မသိဘူးပေါ့နော် အရင်တုန်းကဆိုရင်တော့ အားရပါးရ မဲပေးကြတယ်။ အရင်တုန်းကဆိုရင်တော့ မဲပေးရတာ ညီမတို့ သိပ်အားရတယ် အခုကျတော့ သိပ် Feel မလာဘူးနော် ဒါပေမဲ့ ကိုယ့်ရဲ့ဆန္ဒအတိုင်း ကိုယ်ဖြစ်ချင်တဲ့အတိုင်း လုပ်ပါတယ်။"

ဗွီအိုအေကရောက်ခဲ့သမျှ လှိုင်သာယာမြို့နယ်တွင်း မဲရုံတွေမှာ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းအများစု မဲလာပေးကြတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် အများအပြားရှိခဲ့ပါတယ်။ ဒီ ကြားဖြတ်ရွေးကောက်ပွဲကိုတော့ လူစိတ်ဝင်စားမှု နည်းတယ်ဆိုတဲ့ သတင်းတွေ အစော ကတည်းကထွက်ထားတာပါ။

ဒီအပေါ်မှာ မဲဆန္ဒှရှင်တဦးဖြစ်တဲ့ ဦးမြတ်ကျော်ရဲ့အမြင်က -

"မဲဆန္ဒ လစ်လပ်တာလည်း နည်းတော့ လူကလည်း ကျဲသွားတာပေါ့။ ဟိုတုန်းကတော့ အများကြီးပေါ့ တိုင်းရော ပြည်နယ်ရော ဘာရော အဲ့တာကြောင့် များတယ် ထင်ပါတယ်။"

လှိုင်သာယာမဲဆန္ဒနယ်မှာ လစ်လပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် တစ်နေရာအတွက် နိုင်ငံရေးပါတီ ၆ ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၈ ယောက် ၀င်ရောက်ယှဉ်ပြိုင်ပါတယ်။ လှိုင်သာယာမြို့နယ်တွင်းက မဲရုံတွေကို သြစတေးလျသံရုံး၊ နော်ဝေးသံရုံး စတဲ့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြာသံရုံးတွေက တာဝန်ရှိသူတွေအပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ လှည့်လည် လေ့လာကြည့်ရှုကြတာ တွေ့ခဲ့ရပါတယ်။

ဒါကတော့ ကျနော်ရောက်ခဲ့တဲ့ လှိုင်သာယာမဲဆန္ဒနယ်ဘက်က အခြေအနေပါ။ ကော့မှူးမဲဆန္ဒနယ်ဘက်က အခြေအနေကိုတော့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါဦး ခင်ဗျား။

ဟုတ်ကဲ့ပါခင်ဗျာ၊ ဒီကော့မှူးမဲဆန္ဒနယ်ဟာ အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် စပြီး ရွေးကောက်တင်မြှောက်ခဲ့သလို ၂၀၁၅ အထွေထွေရွေး ကောက်ပွဲမှာလဲ ထပ်ပြီး ရွေးကောက်တင်မြှောက်ခဲ့တဲ့ မဲဆန္ဒနယ်ဖြစ်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွက် မဖြစ်မနေအနိုင်ရဖို့လိုတဲ့ မဲဆ္ဒနယ်တခုလို့ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ဒီမဲဆန္ဒနယ်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေအားလုံး ကော်မရှင်တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ မြို့နယ် ကော်မရှင် ဥက္ကဌတာဝန်ယူထားတဲ့ ဦးအောင်မြတ်က သူတာဝန်ယူထားတဲ့ မဲဆန္ဒနယ်မှာ ကြုံတွေ့ရတဲ့အခြေအနေတွေကို ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

"အခက်အခဲရှိတာကတော့ အသေးအမွှားလေးတွေပေါ့ အဲ့တာကတော့ နည်းနည်းလေးပေါ့။ ပါတီတခုနဲ့တခု အဆင်မပြေတာလေးတွေ၊ နောက်ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တခါတလေကျရင် ပါတီနဲ့ ကျနော်တို့ ရှင်းရတာပေါ့။ လိုအပ်တာလေးတွေ ကျနော်တို့ပြောရတော့ အဆင်မပြေတာတော့ မရှိပါဘူး။ အခက်အခဲပေါ်လာရင် ကျနော်တို့ရှင်းလိုက်တာပဲ။သိပ်ကြီးကြီးကျယ်ကျယ်မဟုတ်တော့ အားလုံး အဆင်ပြေပါတယ်။ အခုထက်ထိလည်း ကျနော်တို့ ဘာမှ အခက်အခဲဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် အတွေ့အကြုံတွေအရဆိုရင် ဘယ်ဟာတွေက ပယ်မဲဖြစ်တာ အများဆုံးလဲအဲ့ မဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားပြီး ကျနော်တို့ လုပ်တယ်။ အဲ့တာကို ကျနော်မှတ်ထားတယ် အဲ့တာကို သိတယ်။"

ဗွီအိုအေက လှည့်လည်သွားရောက်ခဲ့တဲ့ ကော့မှူးမဲဆန္ဒနယ်အတွင်း မဲရုံတွေမှာ မဲလာပေးသူ လူကြီး လူလတ် လူငယ် စတဲ့ အရွယ်အသီးသီး လူတန်းစားအလွှာအသီးသီးက မဲဆန္ဒရှင်တွေကို တွေ့ခဲ့ရပါတယ်။ သက်ကြီးရွယ်အိုတွေ မဲလာပေးကြတာကိုလဲ အတော်လေးတွေ့ခဲ့ရပါတယ်။ လူအများအပြား တကြိမ်ထဲ မဲပေးနေတာမျိုး မတွေ့ရသလို လူပြတ်သွားတဲ့အခြေအနေမျိုးကိုလဲ မတွေ့ခဲ့ရပါဘူး။ ပြောရရင်တော့ မဲလာပေးသူအရေအတွက် မနည်းဘူးလို့ပဲ ဆိုရမှာပါ။

ဒီထဲမှာ အပါအ၀င်ဖြစ်တဲ့ မဲဆန္ဒရှင် အမျိုး သမီးတဦးကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေကနေ အခုတကြိမ်ထိ မပျက်မကွက် မဲပေးခဲ့သူပါ။ သူဘာ့ကြောင့် မဲပေးသလဲ ဆိုတာကို အခုလိုပြောပြပါတယ်။

"ဘယ်လိုလဲဆိုတော့ ပြောင်းလဲဖို့ပေါ့နော် ပြောင်းလဲဖို့ တဆင့်ထက်တဆင့် ဘယ်သူက ဘယ်လိုတိုးတက်အောင် ပြုပြင်နိုင်မလဲဆိုတာကို ယုံကြည်အားကိုးပြီးတော့ ထည့်ခဲ့တာပါ။"

ကိုကျော်ကျော်သိန်း။။ ဆိုတော့ အခု လက်ရှိ NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက အုပ်ချုပ်တာ တနှစ်ရှိသွားပြီ။ ဒီတနှစ်အတွင်းမှာ တချို့တွေက ဘဝင်မကျတာတွေလည်း ရှိတယ်။ ဖြစ်ချင်တာတွေ မဖြစ်သေးဘူးဆိုပြီး သိပ်သဘောမကျတဲ့ အသံမျိုးတွေ ကြားနေရတာတွေရှိတယ်။ အမအနေနဲ့ကရော ဒီတနှစ်အတွင်းမှာ ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့လုပ်ခဲ့တာတွေက အမအတွက် ကျေနပ်အားရသလား အမအတွက် ပျော်စရာကောင်းရဲ့လား။

"ပျော်စရာကောင်းပါတယ်။ ဘာလို့ပျော်စရာကောင်းလဲဆိုတော့ အခုမှ စလျှောက်မယ့် လမ်းလျောက်ကာစ ကလေးပုံစံမျိုးအခုမှ စပြီးလျှောက်ရမယ့်ကာလမှာ ကျနော်တို့က စောင့်ပြီး ကြည့်ရုံပဲ ရှိတယ်။ နောက်ပိုင်းကျမှ အဖြေဆိုတာ သူ့ဟာနဲ့သူ Level သိလာမှာပေါ့နော်။ အခုအချိန်မှာ ဘယ်သူ့ကိုမှ ပြောလို့တော့ မရသေးဘူးပေါ့၊ ဒါပေမဲ့ တိုးတက်မှုကတော့ ရှိတော့ရှိပါတယ်။"

ဗွီအိုအေကရောက်ခဲ့တဲ့မဲရုံတွေထဲ တချို့မဲရုံတွေမှာ ဥရောပသမဂ္ဂ EU အပါအ၀င် နိုင်ငံတကာက လေ့လာသူတချို့ လှည့်လည် လေ့လာနေတာကို တွေ့ခဲ့ရပါတယ်။

အခုကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်စုစုပေါင်း ၁၉ နေရာရှိပြီး ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်အသီးသီး ၇ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ခုနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ၉၃ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြတာပါ။ ဒီရွေးကောက်ပွဲရလာဒ်ဟာ လွှတ်တော်တွင်း ကိုယ်စားလှယ်အရေအတွက် အချိုးအစားကို ပြောင်းသွားစေနိုင်လောက်တဲ့ အခြေအနေထိ ရှိမှာမဟုတ်ပေမဲ့လည်း လက်ရှိအာဏာရ NLD ပါတီပေါ် လူထုထောက်ခံမှု စစ်တမ်းအဖြစ် မြင်နိုင်တယ်လို့ ပြောဆိုသုံးသပ်တာတွေ ရှိပါတယ်။

XS
SM
MD
LG