ရှမ်းပြည်နယ် ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်တိုင်းဒေသကြီးတွေက မဲဆန္ဒနယ်တွေထဲ အကျိတ်အနယ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ မဲဆန္ဒနယ်တွေရဲ့ အခြေအနေကိုတော့ ရန်ကုန်ရုံးကနေ မပြတ်စောင့်ကြည့်နေတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က ဆက်ပြောပြပါမယ်။
ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၃ စုကို ကြားဖြတ်ရွေးကောက်ပွဲမစတင်မီ တပတ်လောက်အလိုမှာ လုံခြုံရေးအရ ပိတ်သိမ်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်က မဲရုံတွေကို မဖျက်သိမ်းဘဲ မူလနေရာနဲ့ ၃ မိုင်ကနေ ၁၈မိုင်လောက်ထိ အကွာအဝေးကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဒီလို ပြောင်းရွှေ့တဲ့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရွေးကောက်ပွဲကော်မရှင်ကို မဲဆန္ဒရှင်တွေ သွားလာရေး အဆင်ပြေစေ ရေးအတွက် စီစဉ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီကိစ္စကို အဆင်ပြေအောင် ဘယ်လိုစီစဉ်ပေးခဲ့တယ်ဆိုတာ မိုင်းရှုးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းဝင်းက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
" ကျနော်တို့ မော်မိတ်ကျေးရွာအုပ်စု ကွမ်ချောင်းကျေးရွာအုပ်စု အန့်ကျေးရွာအုပ်စု နဂိုအစကတည်းက ရွှေ့ထားတာ ဝါလင်ကျေးရွာအုပ်စု တစု လေးစုရှိပါတယ်။ အဲ့ဒီ့အတွက် ကိုယ်ကိုယ်တိုင်ပဲ ကားတွေ ပို့နိုင်၊ မပို့နိုင် ကျနော်တို့သွားစစ်ဆေးပါတယ်။ အဆင်ပြေပါတယ်။ အခုအချိန်အထိကို ကားအခေါက် ၄၀ ကျနော်တို့ ရနေပါပြီ။ အားလုံး ဒါတွေကို ကော်မရှင်ကပဲ စီစဉ်ပေးတာပါခင်ဗျ။ ကျနော်တို့ကတော့ ကုန်ကျတဲ့ ဆီဖိုး နေ့တွက်တွေ ပေးခြေမှာပါ။ ကျနော် အခုသတင်းရသလောက် ကျနော် ရုံးကနေ သတင်းယူနေသလောက်တော့ ကိုယ်ကိုတိုင်လည်း မျက်မြင်တွေ့သလောက် ကြီးမားတဲ့ ပြသနာ မရှိပါဘူး။ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့မဲပေးနေကြပါတယ်။
ကျေးသီးမြို့နယ်တွင်းက အခြေအနေကိုတော့ ကျေးသီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစောရွှေက အခုလို ပြောပါတယ်။
" ၁၀ နာရီအထိကတော့ တမြို့နယ်လုံးအနေနဲ့ ၁၈ ရာခိုင်နှုန်းလောက်ပဲ လာပေးပါသေးတယ်။ နောက်ပိုင်းတော့ မရသေးဘူး အခုအချိန်အထိတော့ နည်းတယ်လို့ပဲ ပြောရမယ်။ အခက်အခဲကတော့ အဆက်အသွယ်တခုပဲ ကျနော်တို့ ကျေးရွာအုပ်စု တိုင်းကို ဖုန်း လွယ်လွယ်နဲ့ မရဘူး။ တချို့မဲရုံဆို ဖုန်းဆက်လို့မရဘူး။ ဖုန်းခေါ်လို့မရဘူး။
မိုင်းရှုးနဲ့ကျေးသီးမြို့နယ်က မဲရုံတချို့ဟာ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းတပ်ဖွဲ့ဌာနချုပ်နဲ့ နီးကပ်တာကြောင့် လုံခြုံရေး အခြေ အနေအပေါ် စိုးရိမ်တာတွေရှိခဲ့ပေမဲ့ အခြေအနေဟာ အေးအေးချမ်းချမ်းရှိကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းက အကျိတ်အနယ်ယှဉ်ပြိုင်ရမယ့် အမ်းမြို့နယ် မဲဆန္ဒနယ် အခြေအနေကိုတော့ အမ်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှုး ဦးခိုင်မျိုးလင်းက အခုလို ပြောပါတယ်။
" လူတွေကပုံမှန်လောက်ပါပဲ အခုဆိုရင် တဝက်ကျော်ကျော်လောက် ပြီးနေပြီလို့ သိရပါတယ်။ မဲရုံတွေမှာ ကြိတ်ကြိတ်တိုးတဲ့ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့နော်။ တချို့ကလည်း မနှစ်တုန်းကဆိုရင် မနက်မိုးလင်းတာနဲ့ အများကြီး ကြိတ်ကြိတ်တိုးပြီးတော့ စောင့်ရတာတွေရှိတယ် သူတို့ အခုကျတော့ အခြေအနေလေးတွေကို စောင့်ကြည့်တယ်။ လူပါးရင် ပါးသလို ဝင်တယ် အဲ့လိုပုံစံမျိုးတွေဖြစ်လို့။ ပြီးတော့ ကျနော်တို့အမ်းမှာက လွှတ်တော်တရပ်တည်းမို့လို့ မြန်တယ်လေ။ အဲ့တော့ တဖြေးဖြေးချင်း တဖြေးဖြေးချင်း လာကြတယ်ဟုတ်ကဲ့ အေးအေးဆေးဆေးပါပဲခင်ဗျာ။"
ဒီကနေ့ ကြားဖြတ်ရွေးကောက်ပွဲကို ကယား၊ ချင်း၊ ရခိုင်၊ ရှမ်း၊ မွန် ပြည်နယ်တွေနဲ့ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးတွေမှာ အများအားဖြင့် အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်ပါတယ်။ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် မဲရုံအမှတ် ၄ မှာ မဲဆန္ဒပေးရာနေရာ ချထားမှု နဲ့ပတ်သက်ပြီး စောဒကတက်တာရှိခဲ့သလို ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမှာ ၂ ခါပြန်မဲပေးခဲ့တာလို ပြဿနာတချို့တော့ ရှိခဲ့ကြောင်းနဲ့ စစ်ကိုင်းတိုင်းမုံရွာမြို့မှာတော့ မဲပေးသူအရေအတွက် မဲပေးခွင့်ရှိသူရဲ့ တ၀က်ကျော်လောက်သာရှိခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင်တွေ က ပြောပါတယ်။