သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတိုင်းရင်းသားတဦး Iowa မှာ အသတ်ခံရ


Iowa ပြည်နယ်မှာ အသတ်ခံရတဲ့ Stephen Kim ရဲ့ မိသားစု ဓာတ်ပုံ

အမေရိကန်ပြည်ထောင်စု Iowa ပြည်နယ်မှာနေထိုင်တဲ့ မြန်မာတိုင်းရင်းသား ဖခင်ဖြစ်သူကို လုယက်သူတွေက သူ့ ကလေးသုံးဦးရှေ့မှာ ပစ်သတ်ခဲ့မှု ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းအခြေချနေထိုင်တဲ့ တိုင်းရင်းသားတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ အခက်အခဲမျိုးစုံရင်ဆိုင်ရတဲ့အထဲမှာ အခုလို ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်မျိုးတွေလဲ ကြုံတွေ့ရလေ့ရှိကြောင်း ချင်း လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု Iowa ပြည်နယ် Des Moines မြို့မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် ဇိုမီးအမျိုးသား Stephen Kim ဟာ ဧပြီလ (၂၂) ရက်နေ့ ည ၁၀ နာရီပတ်ဝန်းကျင်မှာ ဇနီးဖြစ်သူ အလုပ်ကအပြန် သွားကြိုတဲ့အချိန် ကားထဲမှာ ကလေးငယ် သုံးဦးနဲ့ အတူ စောင့်ဆိုင်းနေစဉ် လုယက်တိုက်ခိုက်ခံရပြီး အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘေးပတ်ဝန်းကျင် လူနေတိုက်ခန်းမှာနေထိုင်သူတွေရဲ့ ထွက်ချက်တွေကို အခြေခံပြီး ရဲတပ်ကြပ်ကြီး Paul Parizek က သတင်းထောက်တွေကို ပြောရာမှာ Stephen ကို လုယက်ဓါးပြတိုက်ဖို့ ကြိုးစားသူ စုစုပေါင်း လေးဦး ရှိပြီး အဲဒီထဲက တဦးကနေ သူ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျန်တဲ့ သုံးဦးကနေ အချိန်မှီ ဖြောင့်ချက်လာပေးဖို့ တိုက်တွန်းကြောင်း ရဲတပ်ကြပ်ကြီး Paul Parizek က အခုလိုပြောသွားပါတယ်။

“ကျန်တဲ့သုံးဦးအနေနဲ့ ရွေးချယ်ဖို့ အခွင့်အလမ်းရှိနေပါတယ်။ သူတို့အနေနဲ့ မျက်မြင်သက်သေအဖြစ် ထွက်ဆိုမလား။ ဒါမှမဟုတ်ရင်တော့ သံသယဖြစ်ဖွယ်စာရင်းထဲ ထည့်သွင်းခံရနိုင်ပါတယ်။”

အခုလို ကလေးငယ် သုံးဦးရှေ့မှာ ဖခင်ဖြစ်သူကို ပစ်သတ်ခဲ့တဲ့ အမှုဟာ အလွန်ရက်စက်ပြီး ရာဇဝတ်ကျူးလွန်သူတွေကို မတွေ့မချင်း လိုက်လံဖမ်းဆီးမှာဖြစ်တယ်လို့လည်း ရဲတပ်ကြပ်ကြီးကပြောပါတယ်။

Des Moines မြို့က လုယက်ကျူးလွန်သူတွေဟာ Stephen Kim နဲ့ ပုဂ္ဂိုလ်ရေးပတ်သက်မှုမရှိပဲ ရာဇဝတ်ကျူးလွန်သူတွေက ကားထဲမှာ စောင့်နေတဲ့ Stephen ကိုတွေ့ပြီး ကံဆိုးစွာပဲ ဝင်ပြီး တိုက်ခိုက်လုယက် အသတ်ခံခဲ့ရတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မိသားစုဘ၀ ပိုမိုကောင်းမွန်ဖို့ ဒုက္ခသည်အဖြစ် လာရောက်အခြေချနေထိုင်တဲ့ Stephen Kim အနေနဲ့ မမျှော်လင့်ပဲ အသတ်ခံခဲ့ရတယ်လို့ Atlanta ပြည်နယ်က ချင်းလူမျိုးအသိုင်းအဝိုင်း အကြီးအကဲ (Burmese Chin Community of Atlanta) Salai Thang က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်ထင်တာကတော့ the wrong place နဲ့ the wrong time ဟိုဟာပေါ့။ ဒီ သူကတော့ ရိုးရိုးသားသား ဒီအတိုင်းပဲသွားပြီးတော့ မိန်းမက စောင့်နေတာပဲ။ ဒါပေမယ့် ကံဆိုးချင်တော့ပေါ့နော် ဗမာလို ပြောမယ်ဆိုရင်တော့ ကံဆိုးချင်တော့ ဖြစ်သွားတယ်လို့ ထင်တယ်။ ဘာလဲဆိုတော့ ဂိုဏ်းဖွဲ့ပြီး တိုက်တာ အမေရိကားဆိုရင် မနှစ်ကတော့ နည်းသွားတယ်လို့ ပြောတယ်။ ဒါပေမယ့် အခုများလာတဲ့အချိန်မှာ ဖြစ်သွားတယ်။ ဒီထဲမှာ ကျနော်တို့ မြန်မာပြည်သားတယောက် ဓားစာခံ ဖြစ်သွားတဲ့ သဘောမျိုးလို့ပဲ ကျနော်မြင်ပါတယ်။”

Atlanta ပြည်နယ်မှာ မနှစ်က ချင်းတိုင်းရင်းသားဒုက္ခသည်တဦးဆိုရင်လည်း ဘာသာစကားအခက်အခဲကြောင့် ရဲက အထင်မှားပြီး ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ကြောင်း Salai Thang ကပြောပါတယ်။

“ကျနော်တို့ Atlanta မှာလဲ တခါ ရဲတယောက်က ပစ်လိုက်တာ ဒီလိုပဲ။ တီးတိန် ချင်းတယောက်ပေါ့နော်။ သူ့ဘာသာသူ သွားတာ စိတ်ကတော့ သူများလိုပုံမှန်ကြီးတော့မဟုတ်ဘူးပေါ့။ သူ့ဟာသူသွားတာကို အဲဒါ အိမ်နီးချင်းက ရဲခေါ်တော့ သူကစကားလည်းမတတ်တဲ့အခါကြတော့ ရဲကလက်မြောက်ခိုင်းတာ သူကလည်းဓါးပါတော့ သူရန်ပြုမယ်ထင်ပြီးတော့ ရဲကပစ်သတ်လိုက်တာ။ လွန်ခဲ့တဲ့နှစ်ကပဲ ဆုံးသွားတာ တယောက်ရှိတယ်လေ။“

မေး။ ။ ခုလိုရွှေ့ပြောင်းအခြေချနေထိုင်တဲ့အခါမှာရော ဒီရုန်းကန်လှုပ်ရှားရတဲ့အခြေအနေလေးတွေပေါ့နော်၊ အဲဒါရော ဘယ်လိုရှိပါလဲရှင့်။

ဖြေ။ ။ မလွယ်ဘူး။ ကျနော်တို့ မြန်မာပြည်ကနေဒုက္ခသည်အဖြစ်နဲ့လာတဲ့အခါကျတော့။ ပြီးတော့ ကျနော်တို့က ဒီနိုင်ငံစကားလည်းမတတ်၊ ဒီနိုင်ငံရဲ့ culture လည်းမသိတဲ့အခါကျတော့၊ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုလည်းနားမလည်တဲ့အခါကျတော့၊ ဘာဖြစ်လဲဆိုတော့ - ကျနော်တို့ရုန်းကန်လှုပ်ရှားရတာ အရန်းခက်တယ်။ ပြီးတော့ ရတဲ့ဟာကလည်း များသောအားဖြင့် ကျနော်တို့ ပညာမတတ်တဲ့အခါကျတော့ ရတဲ့ဒီလုပ်ခလစာကလည်း နဲတယ်။ နဲတဲ့အခါကျတော့ အလုပ်နှစ်ခုလုပ်ရတာမျိုး၊ လင် ရော မယား ရော အလုပ်နှစ်ခု အဲလိုလုပ်ရတာမျိုးရှိတယ်။ အဲ့ဒါဆိုတော့ တော်တော်ခက်တယ်။ စားဝတ်နေရေး သူများလိုမျိုး တန်းတူနေဖို့ပေါ့နော်၊ တန်းတူနေဖို့မပြောနဲ့ သူများနေသလို နေဖို့အတွက်ကို အဲဒါ မနည်းဘူး ရုန်းကန်ရတယ်။ အဲဒါကတော့ တော်တော်လေးမလွယ်ဘူးပေါ့နော် ဒီကဒုက္ခသည်တွေ၊ အဓိက က ဘာသာစကားမတတ်တာပါတာပေါ့နော်။ ဘာသာစကားမတတ်တဲ့အခါကျတော့ အလုပ်ကောင်းကောင်းမရနိုင်ဘူးပေါ့။

Stephen Kim ရဲ့ ရုပ်အလောင်းကိုတော့ ဧပြီလ ၂၈ ရက်နေ့က သင်္ဂြိုလ်ခဲ့ပြီး ဇနီး Ester Kim နဲ့ သားတွေဖြစ်တဲ့ ၈ နှစ်အရွယ် Joseph၊ ၆ နှစ်အရွယ် David နဲ့ ၄ နှစ်အရွယ် Martin တို့ ကျန်ရစ်ပါတယ်။ အမေရိကန် ပြည်နယ် အနှံအပြားမှာ အခြေချနေထိုင်တဲ့ ချင်းတိုင်းရင်းသား စုစုပေါင်း ၄ သောင်းကျော် ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာတိုင်းရင်းသားတဦး Iowa မှာ အသတ်ခံရ
please wait

No media source currently available

0:00 0:04:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG