သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်အကြို ဒေါ်စုမိန့်ခွန်း ဥပဒေနဲ့မညီဟု ပြည်ခိုင်ဖြိုးနဲ့ တခြား၁၀ပါတီ ကန့်ကွက်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။

ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေး ပါတီ ၁၀ ခုလောက် ပေါင်းပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအပေါ် ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံပိုင်မီဒီယာကနေ နိုင်ငံအခြေပြမိန့်ခွန်းပြောကြားခဲ့တာဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ မညီညွတ်တာကြောင့် အခုလို ကန့်ကွက်လွှာ တင်သွင်းဖို့ စီစဉ်တာလို့ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်း ထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ရက်သာလိုတဲ့အချိန် မတ်လ ၃၀ ရက်နေ့က NLD အစိုးရသစ် တာဝန်ယူတဲ့ တစ်နှစ်တာ ကာလအတွင်း တွေ့ရှိချက်တွေကို နိုင်ငံပိုင် မီဒီယာကနေတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့တာဟာ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြိုက်ဖက် အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက ဝေဖန်လိုက်တာပါ။

ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေး ပါတီ ၁၀ ခုလောက်က NLD ပါတီကို ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြန်ကြားရေး တာဝန်ခံ ဒေါက်တာ ဦးနန္ဒာလှမြင့်က ပြောပါတယ်။

"ရွေးကောက်ပွဲမတိုင်ခင်နေ့မှာ အစိုးရပိုင်သတင်းမီဒီယာတွေကနေ မဲဆွယ်စည်းရုံးတဲ့ပုံစံမျိုး ဆောင်ရွက်သွားတဲ့ကိစ္စကို ကြေညာချက်လည်း ထုတ်ပြီးပြီ ကျနော်တို့ပူးတွဲပြီးတော့လေ ပါတီ ၁၂ပါတီ။ အခုအဲ့ဒီ့ဟာကိုပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြသွားမှာပေါ့။ ရွေးကောက်ပွဲကျင်းပပြီး ၄၅ရက်အတွင်းဆိုတော့ အဲ့ဒီ့ကာလအတွင်းမှာ ဘောင်ဝင်အောင် တင်ပြမှာပေါ့လေ။ ရက်အတိအကျတော့ ကျနော်တို့ ပြောဖို့ခက်နေသေးတယ်။ တင်တော့တင်မှာပါ ကျနေ်ာတို့ပါတီအနေနဲ့တင်မဟုတ်ဘူး တခြားပါတီတွေကလည်း ဒီအပေါ်မှာ အမြင်တူတဲ့ပါတီတွေလည်း ရှိတော့ သူတို့တွေလည်း အားလုံးဝိုင်းပြီးတော့ တင်ကြမယ်ဆိုတော့ အချိန်တခုယူရတာလည်းပါတယ်။ နောက်တခုက ဥပဒေနဲ့လည်း ညီညွတ်အောင် သေသေချာချာ ပြင်ဆင်ဆောင်ရွက်နေတဲ့အနေအထားပါ။ ၁၀ပါတီတော့ ရှိတယ်။ တင်မှပဲ အတိအကျပြောလို့ရမှာပါ။ "

ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ ကန့်ကွက်လွှာတွေ တင်သွင်းချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် ၄၅ ရက်အတွင်း ဘာကြောင့် ကန့်ကွက်ရတဲ့ဆိုတဲ့ အခြေခံ အကြောင်းပြချက်ကို အကျဉ်းချုံးရေးသားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံကို ပေးပို့ရမှာဖြစ်ပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာကြောင့် ကန့်ကွက်လွှာအမှုတွေကို မေလ လလယ်အတွင်းမှာ အပြီးသတ် တင်သွင်းရမှာဖြစ်ပါတယ်။ NLD ပါတီကို အခုလို ကန့်ကွက်လွှာ တင်သွင်းဖို့ စီစဉ်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဦးနန္ဒာလှမြင့်က အခုလို ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ဥပဒေနဲ့မညီညွတ်ပဲနဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဆောင်ရွက်သွားတဲ့အပေါ်မှာ ကျနော်တို့က အစဉ်အလာ မဖြစ်စေချင်လို့လေ ဘယ်ပါတီပဲ အစိုးရဖြစ်ဖြစ် ဒီလိုမျိုး။ ဟိုတုန်းကလည်း မဆောင်ရွက်ခဲ့ဘူး။ အခုလက်ရှိဟာကလည်း ကောင်းမွန်တဲ့အစဉ်အလာမဟုတ်ဘူး။ ဒါကြောင့်ကန့်ကွက်သွားရတာပေါ့လေ။ တခြားတော့ အကြောင်းတရားတော့ မရှိပါဘူး။ လူပုဂ္ဂိုလ် အဖွဲ့အစည်းအပေါ် တခြားအကြောင်းကြောင့် အမုန်းတရား လုံးဝ မရှိပါဘူး။ ဒါကတော့ ဒီမိုကရေစီယဉ်ကျေးမှုအတိုင်းပဲ ဖြစ်စေချင်လို့ပါ။"

ပြည်ခိုင်ဖြိုးပါတီဟာ အခုလိုမျိုး NLD ပါတီကို တိုက်ရိုက် ကန့်ကွက်လွှာ တင်သွင်းဖို့ စီစဉ်နေတာသာမက လှိုင်သာယာ၊ ကော့မှုးနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကိုလည်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်လွှာ တင်သွင်းထားပါတယ်။

မတ်လ ၃၀ ရက်နေ့မှာ နိုင်ငံပိုင် မီဒီယာကနေ ထုတ်လွှင့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာတော့ ပြောင်းလဲချိန် တန်ပြီဆိုပြီး ကြွေးကြော်ခဲ့တဲ့ NLD အစိုးရ တစ်နှစ်တာ ကာလအတွင်း ဘယ်လောက် ခရီးရောက်နေပါပြီလဲဆိုတာ အပါအဝင် ငြိမ်းချမ်းရေး ကိစ္စနဲ့ ပြည်သူတွေအပေါ်မှာ မေတ္တာ တရားထားပြီး နိုင်ငံအပေါ်မှာ သစ္စာ စောင့်ထိန်းသွားမယ် ဆိုတာကို အဓိကထားပြောဆိုခဲ့တာပါ။

ပြန်ကြားရေးဝန်ကြီးကတော့ နောက် ရွေးကောက်ပွဲတွေကျရင် အခုလိုမျိုး ဖြစ်ရပ်တွေ မဖြစ်အောင် သတိထား ဆောင်ရွက်သွားမယ်ဆိုတဲ့သဘောမျိုး ပြောထားပါတယ် ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG