သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ကနေဒါခရီးစဉ် ၂နိုင်ငံ ဆက်ဆံရေးခိုင်မာဖို့ ဦးတည်


ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stephane Dion နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီ-၂၀၁၆)
ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stephane Dion နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီ-၂၀၁၆)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံ ဖဒရယ်စနစ် အပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေး ကိုဆွေးနွေးဖို့ရှိကြောင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနေဒါ ခရီးစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ စိတ်အားထက်သန်မှုတွေ ရှိနေကြောင်း ကနေဒါ မြန်မာ ပါလီမန် ချစ်ကြည်ရေးအဖွဲ့ ကြီးက ပြောကြားလိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

ကနေဒါနိုင်ငံကို ဇွန်လ (၅) ရက်နေ့ကနေ (၉)ရက်နေ့ထိ လာရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချစ်ကြည်ရေးခရီးစဉ်နဲ့ ပတ်သက်လို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က မနေ့က ထုတ်ပြန်ကြေညာရာ မှာ မြန်မာ့ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး မြှင့်တင်ရာမှာ ကနေဒါနိုင်ငံရဲ့ အခန်းကဏ္ဍ အခိုင်အမာရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နောက်ထပ် ပြုပြင်ပြောင်းလဲရေးမှာ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာခြား လူနည်းစုတွေ၊ အမျိုးသမီးနဲ့ လူငယ်တွေကို ကနေဒါနိုင်ငံက ပံပိုးကူညီပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇွန်လ (၇)ရက်နေ့ တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ဖဒရယ်စနစ် အပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တဖက်မှာတော့ ကနေဒါနိုင်ငံအနေနဲ့ မြန်မာအပေါ် လက်နက်ရောင်းဝယ်ရေး အပါအဝင် စစ်ဗိုလ်ချုပ် ဟောင်းတွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီ တွေကို ပစ်မှတ်ထား ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။

အခုလို ကနေဒါအစိုးရက ချမှတ်ထားဆဲဖြစ်တဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတချို့နဲ ပတ်သက်လို့ တိုက်ရိုက်ပါဝင်ပတ်သက်မှာ မဟုတ်ပေမယ့် ကနေဒါ ပါလီမန်မှာ မြန်မာ့အရေး တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ CMPFG လို့ခေါ်တဲ့ ကနေဒါမြန်မာ ပါလီမန် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ လည်းဖြစ် ကနေဒါ ပါလီမန်ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ Bruce Stanton ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် David Dalrymple ကပြောပါတယ်။

"ကနေဒါ-မြန်မာ ပါလီမန် ချစ်ကြည်ရေးအဖွဲ့အနေနဲ့ ကနေဒါအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာတိုက်ရိုက်ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ ကနေဒါနဲ့ မြန်မာ လွှတ်တော် နှစ်ခုစလုံး အပြန်အလှန် အကျိုးစီးပွား ကိစ္စဖြစ်တဲ့ ဒီမိုကရေစီရေးကို မြှင့်တင်ရာမှာ ပြည်သူကိုယ်စားပြု လွှတ်တော်အမတ်တွေ ပိုမိုပါဝင်လာစေရေး အတွက် ကနေဒါလွှတ်တော်မှာ မြန်မာ့အရေးဆွေးနွေးပွဲတွေကို ဖြစ်မြောက်အောင် CMPFG အဖွဲ့အနေနဲ့ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။"

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနေဒါခရီးစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုပြီး ခိုင်မာစေဖို့ စိတ်အားထက်သန်မှုတွေရှိနေကြောင်း David Dalrymple ကအခုလိုဆက်ပြောပါတယ်။

"ကနေဒါနိုင်ငံမှာ ပြင်းထန်တက်ကြွတဲ့ ကနေဒါ-မြန်မာ လူမှုအဖွဲ့အစည်းတွေရှိတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါအပြင် ကနေဒါနိုင်ငံတဝှမ်းမှာရှိတဲ့ မြန်မာတိုင်းရင်းသားတွေလည်း နိုင်ငံတော်အတိုင်ပင်ခံပုရဂ္ဂိုလ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အရမ်းကို စိတ်လှုပ်ရှားနေကြတယ် လို့ ကျနော်သိပါတယ်။ ကနေဒါ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ သူတို့ဟာ စိတ်အားထက်သန်နေကြပါတယ်။

မနေ့က ထုတ်ပြန်တဲ့ ကနေဒါမြန်မာ ပါလီမန် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဌရဲ့ ကြေညာချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ဇွန်လ (၇) ရက်နဲ့ (၈) ရက်နေ့မှာ CMPFG နဲ့ တွေ့ဆုံဖို့ရှိကြောင်းနဲ့ ညစာစားပွဲနဲ့ တည့်ခင်းဧည့်ခံမယ့်အစီအစဉ်ကိုလည်း ဖေါ်ပြထားပါတယ်။


၅ ရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါဘုရင်ခံချုပ် David Johnston နဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း ကနေဒါဝန်ကြီးချုပ် Trudeau ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ ဇွန်လ (၉)ရက်နေ့မှာတော့ ကနေဒါရောက် မြန်မာမိသားစုတွေနဲ့ တိုရန်တိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှာဖြစ်ပါတယ်။


ကနေဒါခရီးစဉ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG