သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းစာဆရာ ၂ ဦး ဖမ်းဆီးမှု RSF ရှုတ်ချ


The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ။
The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ။

မြန်မာ့တပ်မတော်ကို သရော်စာဆောင်းပါး ရေးသားမှုအတွက် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို ပုဒ်မ ၆၆-ဃနဲ့ အမှုဖွင့် ဖမ်းဆီးလိုက်တာဟာ သတင်းသမားတွေနဲ့ဆိုင်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ဖေါက်ဖျက်ရာ ရောက်တယ်လို့ ပြင်သစ်အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအသင်းက ပြောပါတယ်။ သရော်စာရေးသားမှုဟာ ရာဇဝတ်မှု မမြောက် ဘူးလို့ သတင်းသမားတွေနဲ့ ဥပဒေကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

တပ်မတော်က ရိုက်ကူးထုတ်လုပ်တဲ့ ပြည်ထောင်စုသစ္စာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကျည်ထောင်စုသစ္စာ ဆိုပြီး The Voice ဂျာနယ်မှာ သရော်စာရေးသားမှုအတွက် The Voice Weekly ဂျာနယ်နဲ့သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃနဲ့ အမှုဖွင့်ကာ ဗဟန်းမြို့နယ် ရဲစခန်းက ဇွန်လ ၂ရက် သောကြာနေ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အစိုးရစစ်တပ်က ဒီ သတင်းသမားနှစ်ဦးအပေါ် အခုလို အရေးယူဖမ်းဆီးတာဟာ နိုင်ငံတကာ စံချိန်စံညွှန်းကို ဖေါက်ဖျက်ရာ ရောက်တယ်လို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအသင်း RSF ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာအကြီးအကဲ Benjamin Ismaïl က ဝေဖန်လိုက်ပါတယ်။

“ သတင်းသမား ၂ ဦးကို ဖမ်းဆီးတဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း စံချိန်စံညွှန်းတွေနဲ့ ဆန့်ကျင်နေသလို၊ ရာဇဝတ်မှု မြောက်စေတဲ့ အသရေ ဖျက်မှုလဲ မဟုတ်ပါဘူး။ တပ်မတော်ရဲ့ ဒီလို အရေးယူမှုဟာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားခွင့်နဲ့ လွတ်လပ်စွာ သတင်းရယူခွင့်ဆိုတဲ့ နိုင်ငံတကာ စံနှုန်းတွေကိုလည်း ဆန့်ကျင်ရာ ရောက်နေသလို၊ အစိုးရစစ်တပ်ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေတာကို အလေးမထားဘူး ဆိုတာ ပြသရာရောက်နေပါတယ် ”

ဒါ့အပြင် ကျည်ထောင်စုသစ္စာဆိုပြီး သရော်စာရေးသားတာဟာ ရာဇဝတ်မှု မမြောက်ဘူးလို့ Benjamin Ismaïl က ထောက်ပြပါတယ်။

“ဒီရေးသားမှုတွေဟာ ရာဇဝတ်မှု မမြောက်ပါဘူး၊ ဒါဟာ သူတို့ရဲ့ ထင်မြင်ယူဆချက်ကို ရေးသားတာဖြစ်သလို၊ ဆောင်းပါးရှင်တွေ သတင်း သမားတွေအနေနဲ့ သူတို့အမြင်ကို လွတ်လပ်စွာ ရေးသားခွင့် လှောင်ပြောင်ခွင့်လဲ ရှိပါတယ်။ ဒါ သူတို့ အခွင့်အရေးဖြစ်ပါတယ်။ ဟာသလုပ် ရေးသားတာကို တရားမမှုနဲ့စွဲရင်တောင် စစ်တပ်ဘက်က အသရေဖျက်မှုမြောက်ကြောင်း သက်သေပြဖို့ခက်ပါလိမ့်မယ်။ ရာဇဝတ်မှုမြောက်တဲ့ အသရေဖျက်မှုတော့ လုံးဝ မဟုတ်ပါဘူး။ အခုကိစ္စမှာ စစ်တပ်က တရားစွဲ ဖမ်းဆီးတာဟာ သတင်းသမားတွေ လုပ်ဆောင် ခဲ့မှုနဲ့ အရေးယူ ခံရတာက မမျှတဘူး ဖြစ်နေပါတယ်။ တရားမမှုနဲ့ စွဲမယ်ဆိုရင်တောင်မှ စစ်တပ်ဖက်က သက်သေပြဖို့ ခဲယဉ်းပါလိမ့်မယ်”

တကယ်တော့ သရော်စာရေးသားမှုဟာ ဘယ်လိုမှ အရေးမယူသင့်တဲ့ကိစ္စဖြစ်တယ်လို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

" ၆၆ ဃနဲ့ စွဲဆိုရလောက်အောင် ပြစ်မှုမြောက်နေလား ဆိုတော့ကာ ဒီသရော်စာတွေရေးတယ် ဆိုတာကတော့ဗျာ ဥပဒေနဲ့ ဘယ်လိုမှကို အရေးမယူသင့်တဲ့ ကိစ္စရပ်မျိုးပေါ့နော်။ ဒီသရော်စာရဲ့သဘောသဘာဝကို နားလည်တယ်ဆိုလို့ရှိရင်တော့ ဒီကိစ္စက ဘာမှ ပြသနာမရှိဘူးဗျ။ အခုက သရော်စာရဲ့သဘောသဘာဝကို နားမလည်တာရယ် သရော်စာပါတဲ့အချက်အလက်တွေကလည်း အချိန်ကိုက်သွားဖြစ်နေတဲ့ အခါကျတော့ တပ်မတော်က ဒီကိစ္စအပေါ်မှာ အစာမကျေပဲနဲ့ အခုလိုစွဲဆိုတယ်လို့ပဲ ကျနော်ကတော့ မြင်ပါတယ်။"

သတင်းသမား နှစ်ဦးအပေါ် အခုလို အရေးယူလိုက်တဲ့အပေါ် နယ်စည်းမခြား သတင်းထောက်များအသင်း RSF က ပြင်းထန်စွာ ကန့်ကွက်ရှုတ် ချတယ်လို့ ပြောဆိုလိုက်ပြီး ဒီသတင်းသမား ၂ဦးကို လွှတ်ပေးဖို့ RSF ကတောင်းဆိုကြောင်း Benjamin Ismaïl က ပြောပါတယ်။

“ ဖမ်းထားတဲ့ သတင်းသမား ၂ယောက်ကို ချွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးဖို့နဲ့ သူတို့ပေါ် စွဲထားတဲ့ အမှုတွေကိုလဲ ပြန်ရုပ်သိမ်း ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာ စံနှုန်းနဲ့ မကိုက်ညီတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆-ဃကိုလည်း အမြန်ရုပ်သိမ်းပေးဖို့ NLD အစိုးရကို တောင်းဆိုပါတယ် ”

ပြည်ထောင်စုသစ္စာ ရုပ်ရှင်ဇာတ်ကားကို ကျည်ထောင်စုသစ္စာ ဆိုပြီး သရော်စာရေးသားမှုအတွက် တပ်မတော်က The Voice ဂျာနယ်နဲ့ သတင်းစာကို ပုဒ်မ ၆၆-ဃနဲ့ အရေးယူနိုင်ဖို့ မေ(၁၇)မှာကတည်းက သတိပေးခဲ့တာဖြစ်ပြီး၊ The Voice ဘက်က ပြန်လည်တောင်းပန်စာ တရားဝင် ဖေါ်ပြခဲ့ပါတယ်။

သတင်းစာဆရာ ၂ ဦး ဖမ်းဆီးမှု RSF ရှုတ်ချ
please wait

No media source currently available

0:00 0:04:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG