သုံးရလွယ်ကူစေသည့် Link များ

ဒေါ်အောင်ဆန်းစုကြည် ကနေဒါဘုရင်ခံချုပ်နဲ့ တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည် ကနေဒါ ဘုရင်ခံချုပ် David Johnston နဲ့ တွေ့ဆုံ။ (သတင်းဓာတ်ပုံ -မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန)

ကနေဒါနိုင်ငံကို ရောက်နေတဲ့ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါ ဘုရင်ခံချုပ်David Johnston ၊ အွန်တိုရီယို ပြည်နယ် ၀န်ကြီးချုပ် Kathleen Wynne တို့နဲ့ ကြာသပတေးနေ့က သီးခြားစီ တွေ့ဆုံပြီး ပညာရေး အပါအ၀င် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကနေဒါခရီးစဉ်အကြောင်း မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

ကနေဒါနိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကြာသပတေးနေ့က ကနေဒါ ဘုရင်ခံချုပ် David Johnston နဲ့ အော်တ၀ါမြို့က ဘုရင်ခံချုပ်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံမှုအတွင်း ပညာရေးနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပါအ၀င် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြသလို၊ ရှေးဟောင်း အဆောက်အဦးနဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အွန်တိုရီယို ပြည်နယ် ၀န်ကြီးချုပ် Kathleen Wynne နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် မနေ့က တွေ့ဆုံခဲ့တာပါ။

အွန်တာရီရိုပြည်နယ်၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တွေ့ဆုံ
အွန်တာရီရိုပြည်နယ်၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တွေ့ဆုံ

မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို၊ ကနေဒါနိုင်ငံရဲ့ ဖက်ဒရယ်စနစ် အတွေ့အကြုံတွေကို မြန်မာပြည်သူတွေကို မျှဝေသွားဖို့နဲ့ နှစ်နိုင်ငံ ပြည်သူတွေကြား ထိတွေ့ဆက်ဆံမှုတွေ တိုးမြင့်သွားနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ်ဟာ နှစ်နိုင်ငံအစိုးရတွေ ကြားမှာသာမက ပြည်သူအချင်းချင်း ကြားမှာလည်း ထိတွေ့ ဆက်ဆံမှုတွေ ပိုပြီး များလာဖို့ မျှော်လင့်တဲ့အကြောင်း ကနေဒါရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အခုခရီးစဉ်ကနေ နှစ်နိုင်ငံကြား ပါလီမန် ချစ်ကြည်ရေးလည်း တိုးမြင့်လာနိုင်ဖွယ် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနေဒါခရီးစဉ် ဖြစ်မြောက်ရေး စီစဉ်သူတွေထဲမှာ တဦးအပါအ၀င် ဖြစ်တဲ့ ကို Timothy Zaw Zaw က ပြောပါတယ်။

" အဓိကကတော့ မြန်မာပါလီမန်နဲ့ ကနေဒါပါလီမန် နှစ်ခုရဲ့ချစ်ကြည်ရေးအခန်းကဏ္ဍကို မြှင့်တင်တာပေါ့နော်။ ပြီးတော့မှ ထောက်ပံ့တဲ့ကိစ္စတွေ ကူညီတဲ့ကိစ္စတွေ လူ့အခွင့်အရေး ကိစ္စတွေ ဒါတွေလည်း အများကြီး ကျနော်တို့ ဟိုဘက်ဒီဘက် အပြန်အလှန်ပြောဆိုနေတာ ရှိတယ်ဆိုတော့ ကျနော်တို့ကတော့ အကောင်းမြင်ဝါဒနဲ့ အများကြီး တိုးတက်မှုတွေရှိလိမ့်မယ်လို့ မြင်ပါတယ်။"

လောလောဆယ် တိုရန်တိုမြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုရန်တို မြို့တော်ဝန်နဲ့ ဒီကနေ့ တွေ့ဆုံဖို့ရှိသလို၊ အဲဒီနောက် တိုရန်တိုရောက် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဦးမှာပါ။ ဒီကနေ့ အစီအစဉ်တွေနဲ့ပတ်သက်လို့ ကို Timothy Zaw Zaw က ပြောပြပါတယ်။

" ဒီမှာတော့ အဓိကအားဖြင့် အပိုင်းသုံးပိုင်းခွဲထားတယ်ပေါ့နော် ပထမတပိုင်းကတော့ တိုရန်တို မြို့တော်ဝန် နောက်ပြီး consellors ဒါတွေနဲ့ပတ်သက်တာကတပိုင်းပေါ့နော် ပြီးတော့မှ Burmese Community ပေါ့နော် တိုင်းရင်းသားမြန်မာပြည်ဖွားတွေ ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အခမ်းအနားပေါ့နော် အဲ့ဒီ့မှာတော့ Non-Burmese တွေမပါပါဘူး။ ပြီးတော့မှ နေ့ခင်းနှစ်နာရီခွဲမှာတော့ Community Leaders တွေနဲ့ Parliamentary Friends of Burma (PFOB) ပါလီမန်ထဲက မြန်မာ့အရေးကိုလှုပ်ရှားသောသူများနဲ့ မြန်မာ့နိုင်ငံရေးမှာ တက်ကြွလှုပ်ရှားခဲ့တဲ့ ဦးဆောင်သောသူတွေလို့ပြောရမှာပေါ့နော် အဲ့ကလူအချို့နဲ့ထပ်တွေ့ဖို့ အဓိက သုံးပိုင်းပေါ့နော်။ သုံးပိုင်းခွဲထားပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဖက်ဒရယ်နိုင်ငံများ ဖိုရမ်က စီစဉ်ကျင်းပတဲ့ ကနေဒါဖက်ဒရယ်စနစ် အတွင်း တပ်မတော်ရဲ့အခန်းကဏ္ဍ၊ တပ်ဘက်-အရပ်ဘက် ဆက်ဆံရေးနဲ့ ကနေဒါ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အတွက် ကနေဒါနိုင်ငံကို ငါးရက်ကြာ ရောက်ရှိနေတာဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာတော့ ကနေဒါဝန်ကြီးချုပ် အပါအ၀င် ကနေဒါ အစိုးရအရာရှိတွေ၊ လွှတ်တော်အမတ်တွေအပြင် ကနေဒါရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ကနေဒါ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံမှုအတွင်းမှာတော့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အလေးထား ဆွေးနွေးခဲ့ကြသလို၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက် ကနေဒါအစိုးရက ဒေါ်လာ ၈ သန်းကျော် ကူညီမယ့် အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုအပြီးမှာ ကနေဒါဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။

ကနေဒါခရီးစဉ်အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ဆွီဒင်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

XS
SM
MD
LG