သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူစီမံကိန်းနဲ့ ဒေသခံတွေအမြင်


ကျောက်ဖြူအထူးစီးပွားရေးဇုံ၊ ရခိုင်ပြည်နယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုံ၊ ရခိုင်ပြည်နယ်။

တရုတ်နဲ့မြန်မာနိုင်ငံ ပူးပေါင်းလုပ်ကိုင်မယ့် ကျောက်ဖြူ အထူးစီးပွါးရေးဇုံ စီမံကိန်းစတင်အသက်ဝင်လာပြီဖြစ်ပေမဲ့ ဒေသခံတွေအကြားမှာတော့ နေ့စဉ်လုပ်ငန်းအခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ ရာနဲ့ချီတဲ့ ငါးဖမ်းသမားတွေဟာ ကျောက်ဖြူစီးပွါးရေးဇုံအနီး ရေပြင်မှာ ငါးဖမ်းခွင့်မရတော့သလို ဒေသခံရွားသား ၂၀၀၀၀ လောက်ဟာလည်း ဘိုးဘွားဘီဘင်လက်ထက်က နေထိုင်လာခဲ့တဲ့ နေရာတွေကနေ ဖယ်ရှားခံရပါတယ်။ ဒီစီမံကိန်းနဲ့ ပတ်သတ်လို့ သဘာဝပါတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုတွေနဲ့ ဒေသခံတွေနဲ့ လိုအပ်သလောက် ညှိနှိုင်းဆောင်ရွက်ခြင်း မရှိတာတာတွေဟာ ဥပဒေချိုးဖေါက်ရာရောက်နေသလား ဆိုတာတွေနဲ့ ပတ်သတ်ပြီး ရိုက်တာ သတင်းဌာနရဲ့ စုစည်းတင်ပြချက်ကို ကိုအောင်အောင် ပြောပြပေးမှာပါ။

ရေနံစိမ်းတန်ချိန် ၁၄၀ ၀၀၀ တင်ဆောင်ထားတဲ့ သင်္ဘော ကျောက်ဖြူဆိပ်ကမ်းကို ဆိုက်ကပ်မလာခင် ရက်အတန်ကြာကတည်းက ဒေသခံတွေရဲ့ ငါးဖမ်းလှေတွေနဲ့ ငါးဖမ်းပိုက်ချထားမှုကို ဒေသအာဏာပိုင်တွေက တားမြစ်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းတရပ်အနေနဲ့ ဒေသတွင်းအာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုစတင်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံအထိ သွယ်တန်းဖေါက်လုပ်ထားတဲ့ ရေနံပိုက်လိုင်းစတင်ရာ အနီးတဝိုက်က ရေပြင်မှာ ငါးဖမ်းခွင့် ပိတ်ပင်ထားတာကြောင့် ဒေသခံ ငါးဖမ်းသမားတွေရဲ့ဝင်ငွေကျဆင်းလာပါတယ်။ ငါးဖမ်းသမားတဦးဖြစ်တဲ့ ကိုငြိမ်းအေးက

" ကျနော်တို့ငါးဖမ်းသွားတဲ့အချိန် သူတို့က တားတယ် အဲ့လိုမျိုး ရောက်လာတဲ့အချိန်ဆို ကျနော်တို့ငါးဖမ်းလှေတွေလည်း တော်တော်လည်း အန္တရာယ်များတယ်။ နောက်ပြီး ပိုက်ဆံလည်း အရနည်းတယ်။

ဒီရေနံ ပိုက်လိုင်းဟာ ဒေါ်လာ ၁၀ ဘီလီလျံ ပမာဏရင်းနှီးမြှပ်နှံထားတဲ့ ကျောက်ဖြူစီးပွါးရေးဇုံရဲ့ အစိတ်အပိုင်းတခုလည်းဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ပထမနှစ်မှာ အနည်းငယ်သာ တိုးတက်မှုရှိတယ်လို့ ဝေဖန်ခံနေရတာကြောင့် NLD အနေနဲ့ စီးပွါးရေးဆိုင်ရာ မူဝါဒတွေ အောင်အောင်မြင်မြင်နဲ့ အကောင်အထည်ဖေါ်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း အခုလို ကျောက်ဖြူအထူးစီးပွါးရေးဇုံလို စီးပွါးရေးလုပ်ငန်းတွေ အကောင်အထည်ဖေါ်ရာမှာ ဒေသခံတွေ ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးဖို့လိုအပ်နေတာပါ။ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင်အဖွဲ့ဝင် Sean Bain က

"ဒေသခံတွေအနေနဲ့ သူတို့ နေရာရွှေ့ပြောင်းပေးရတာကြောင့် လျော်ကြေးမရတာမျိုးနဲ့ စီးပွါးရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာနိုင်တာတွေအတွက် ပြန်ပြီး အစားထိုး ဆောင်ရွက်မပေးမှာကို စိုးရိမ်နေပါတယ်။"

စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို ဘိုးဘွားဘီဘင်လက်ထက်ကတည်းက လုပ်ကိုင်လာတဲ့ ဒေသခံတွေရဲမြေနေရာမှာ ဧက ၄၂၀၀ အကျယ်ရှိတဲ့ ကျောက်ဖြူစီးပွါးရေးဇုံ တည်ဆောက်တာကြောင့် အခုအခါမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပါွးခဲ့တဲ့ လူမှုအသိုင်းအဝိုင်းအတွင်း ပဋိပက္ခတွေကြောင့် ပြောင်းရွှေ့နေရာချပေးထားတဲ့ ဒုက္ခသည်စခန်းတခုဟာဆိုရင်လည်း နေရာရွှေ့ပြောင်းရမှာပါ။ ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ မူစလင်တွေက အစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်းတီးပေးဖို့ တောင်းဆိုပါတယ်။

" မိသားစုအခက်အခဲက ဒီအချိန်မှာအဖြစ်ဆုံးပါ။ အလုပ်အကိုင်အခွင့်အလမ်းကလည်း ပြည်သူတွေ ကျပ်ကျပ်တည်းတည်းဖြစ်နေတဲ့အတွက် ပြည်သူတွေကိုပဲ ဦးစားပေးလုပ်စေချင်ပါတယ် ဒါမှလည်း မိသားစုအတွက် အဆင်ပြေမှာပါ။"

ကျောက်ဖြူအထူးစီးပွါးရေးဇုံကို တရုတ်နိုင်ငံပိုင် CITIC ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက အဓိက ဦးဆောင်ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး စင်္ကာပူလို စီးပွါးရေးအရ အချက်အခြာကျတဲ့နေရာ ဖြစ်လာဖို့ လုပ်ဆောင်သွားမှာဖြစ်သလို ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်ပေါင်း ၁ သိန်းလောက် ပေးသွားနိုင်မယ်လို့ CITIC က ဆိုပါတယ်။

ဒါ့အပြင် စီးပွါးရေးဇုံမှာ လာရောက်လုပ်ကိုင်မယ့် ကုမ္ပဏီတွေအနေနဲ့ ဒေသခံတွေအတွက် သက်မွေးဝမ်းကျောင်းမှု အတတ်သင်ကျောင်းတွေ ဖွင့်လှစ်ပေးသွားမှာဖြစ်သလို ဒေသခံတွေရဲ့ စီးပွါးရေးအတွက် ဒေါ်လာ ၁.၅ သန်းအထောက်အကူပြု ထည့်ဝင်သွားမှာပါ။ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ HUA CHUNYINGကတော့-

"ဘာမှ စိုးရိမ်စရာမရှိပါဘူး။ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တဲ့အခါမှာ တရုတ်နိုင်ငံဟာ တန်းတူညီမျှရေး၊ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိရေး အတွက် အခြေခံပြီးလုပ်ဆောင်သွားမှာပါ။"

ကျောက်ဖြူစီးပွါးရေးဇုံ တည်ဆောက်မှုလုပ်ငန်းအစီအစဉ်နဲ့ တာဝန်ရှိသူတွေကို ရိုက်တာသတင်းဌာနအနေနဲ့ မေးမြန်းပြီး အချက်အလက်စုဆောင်းနေစဉ်အတွင်းမှာပဲ မြေယာသိမ်းယူမှုတွေနဲ့ ကန်ထရိုက် လုပ်ငန်းတွင်း အဆင်မပြေမှုကို ဒေသခံတွေရင်ဆိုင်နေရပြီး သဘာဝပါတ်ဝန်းကျင်အပေါ်လည်း ရိုက်ခတ်မှုတွေ ရှိနေတာဟာ ဥပဒေချိုးဖေါက်မှုတွေ ဖြစ်တယ်ဆိုပြီး ဥပဒေပညာရှင်တွေကလည်း ထောက်ပြကြပါတယ်။

ဒါ့အပြင် အခု ဒီစီမံကိန်းကြီးမှာ ပါဝင်တဲ့ ကုမ္ပဏီတွေဟာ တရုတ်လူမျိုးအများအပြားကိုသာ အလုပ်ခန့်အပ်တာကြောင့် သူတို့အတွက် အခွင့်အရေးဆုံးရှုံးမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG