သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း လုံခြုံရေးလျှော့ချမှု ANP ဝေဖန်


ရခိုင်ပြည်နယ်တွင်း ဒေသလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ။
ရခိုင်ပြည်နယ်တွင်း ဒေသလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ။

၂၀၁၆ အကြမ်းဖက်တိုက်ခိုက်မှုတွေကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ဖက်ခြမ်းဒေသမှာ စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းခဲ့တာဟာ အချိန်စောလွန်းတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌကပြောပါတယ်။ မောင်တောဒေသနဲ့ ရသေ့တောင် စတဲ့ နယ်စပ်ဒေသတွေမှာ ရာအိမ်မှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး စတဲ့သူတွေ အသတ်ခံနေရ တာကိုကြည့်ရင် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်တွေ ဆက်ချထား ဖို့လိုမယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် လိုအပ်ချက်ကြောင့်သာ ဒီ လုံခြုံရေးတပ်တွေကို ပြန်ရုပ်သိမ်းသွားတာလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ဖက်ခြမ်း မောင်တောဒေသက နယ်ခြားစောင့်ရဲစခန်းတွေကို ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့က ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး မောင်တောဒေသ တဝိုက် နယ်မြေ ရှင်းလင်းရေး လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့တွေက စွပ်စွဲဝေဖန်နေကြပါတယ်။

အဲဒီနောက်ပိုင်းမှာ မောင်တောဒေသနဲ့ တဝိုက်က လုံခြုံရေးတပ်တွေကို ပြန်လည် ရုပ်သိမ်းပြီးနောက်မှာ မောင်တော၊ ရသေ့တောင်စတဲ့နယ်စပ် ဒေသတွေမှာ ရာအိမ်မှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး စသူတွေ အသတ်ခံရတာမျိုး ရုတ်တရက် ပျောက်ဆုံး သွားတာမျိုးရှိသလို၊ ဒေသခံတချို့လဲ အသတ်ခံရတာမျိုး ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက မကြာခနဆိုသလို သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

မောင်တောအပါအဝင် နယ်စပ်မှာ အခုထိ အခြေအနေမတည်ငြိမ်ရတာဟာ စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေကို အချိန်စောပြီး ပြန်ရုပ်သိမ်း ခဲ့တာကြောင့် ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရှုမြင်ပါတယ်။

"စောသွားတယ်လို့ပြောလို့ရတာပေါ့ နိုင်ငံတကာဘက်က ဖိအားပေးလို့ တပ်မတော်ရဲ့ လုံခြုံရေးစည်းကို နောက်ကိုဆုတ်လိုက်တဲ့သဘောပေါ့။ ရိုးမအတွင်းထဲမှာ တပ်မတော်ရဲ့လှုပ်ရှားမှု လျော့သွားတာပေါ့။ ဆိုတော့ အချိန်မရွေး နေရာပေါင်းများစွာမှာ အကြမ်းဖက် အဖွဲ့အစည်းတွေက ညအမှောင်ကိုဖြတ်ပြီးမှ နယ်စပ်တလျောက်လုံးမှာ ရှိတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေ အဲ့လိုအကြမ်းဖက်အဖွဲ့အစည်းတွေ ရိုးမမှာ မခိုအောင်းနိုင်အောင် တပ်မတော်ရဲ့လှုပ်ရှားမှုက ရှိနေဖို့လိုအပ်တယ်။"

လိုအပ်ချက်ကြောင့်သာ ဒီလုံခြုံရေးတပ်တွေကို တပ်မတော် ဒါမှမဟုတ် အစိုးရက ပြန်ရုပ်သိမ်း လိုက်တာဖြစ်နိုင်တယ်လို့ အမေရိကန် ပြည်ထောင်စုရောက် မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

" လုံခြုံရေးတပ်ဖွဲ့တွေ ရုပ်တယ်ဆိုတဲ့အမိန့်ပေါ့ အမိန့်စီးဆင်းမှုပေါ့ ဒီဟာက ဘယ်ကလာသလဲ။ အစိုးရနဲ့ပဲ ဆိုင်သလား။ သို့မဟုတ် နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးဌာနနဲ့ပဲ ဆိုင်သလား သို့မဟုတ်ရင် တပ်မတော်ကပဲ ဆိုင်သလား တိတိကျကျတော့ မသိဘူး သို့သော် သက်ဆိုင်တဲ့အဖွဲ့အစည်း သို့မဟုတ် အမိန့်ပေးနိုင်တဲ့ပုဂ္ဂိုလ်က သူ့အနေနဲ့အကောင်းဆုံးဖြစ်မယ်ထင်လို့ ဆုံးဖြတ်တာလို့ပဲ ကျနော်တော့ နားလည်ပါတယ်ခင်ဗျ။"

မောင်တောနဲ့ နယ်စပ်တဝိုက်မှာ ဒေသခံတွေကို သတ်ဖြတ်မှုတွေ မကြာခနဆိုသလို ဖြစ်ပေါ်နေတာဟာ နိုင်ငံရေးရည်ရွယ်ချက်တခု ရှိပုံ ရတယ်လို့ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။

" အခုလို တရားဥပဒေမစိုးမိုးဘူး စိုးမိုးအောင် အစိုးရက မဆောင်ရွက်နိုင်ဘူးဆိုတဲ့ပုံရိပ် ဖြစ်အောင် ဒီအကြမ်းဖက်အဖွဲ့အစည်းက လှုပ်ရှားမှာပဲ။ အဲ့ဒီ့အခါမှာ တရားဥပဒေ စိုးမိုးနိုင်မယ့် ရပ်ကျေးတွေ ဥက္ကဋ္ဌတွေ ဆယ်အိမ်ခေါင်း ရာအိမ်ခေါင်းတွေကို သတ်ဖြတ်နေဦးမှာပဲ အစိုးရကို ကူညီတဲ့မိသားစုတွေကို သတ်ဖြတ်ခြိမ်းခြောက်နေဦးမှာပဲ။ အဲ့တာမှပဲ တရားဥပဒေမစိုးမိုးဘူးဆိုတဲ့သဘော ဖြစ်တယ်ဆိုတဲ့ သူတို့ဘက်က ပြောလိုတဲ့ပုံရိပ်ကို နိုင်ငံတကာဘက်က သတင်းရပြီးကာမှ နိုင်ငံတကာကြီးကြပ်တဲ့ စစ်ဇုံတခု ခေါ်ဖို့လိုအပ်တယ်ဆိုတဲ့ သူတို့လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ပေါင်းနိုင်တာပေါ့။"

ဘင်္ဂလား-မြန်မာနယ်စပ် ရခိုင်ပြည်နယ် မြောက်ဖက်ခြမ်းမှာ တရားဥပဒေစိုးမိုးမှုရှိဖို့နဲ့ ပဋိပက္ခလျှော့ချနိုင်ရေး ဒေသဖွံ့ဖြိုးအောင်လုပ်ဖို့ ဘတ်ဂျက်လိုအပ်ပေမယ့် ရခိုင်ပြည်နယ်က ရတဲ့ဘတ်ဂျတ်ဟာ အလွန်နည်းနေတယ်လို့ ဒေါက်တာအေးမောင်က ထောက်ပြပါတယ်။

"နိုင်ငံတော်တခုရဲ့ဘတ်ဂျက် ကိုးဆယ်ရာခိုင်နှုန်းကျော်ကျော်လောက်က ပြည်ထောင်စုကပဲ သုံးတယ်ဗျ။ ကျန်တဲ့ ဆယ်ရာခိုင်နှုန်းအောက်ကိုပဲ တိုင်းဒေသကြီး ပြည်နယ် ၁၄ခု မျှပေးတာပေါ့ အဲ့ဒီ့မှာလည်းပဲ ရတဲ့ဘတ်ဂျက်က အင်မတန်နည်းတယ်။ ဧရာဝတီတိုင်း ရန်ကုန်တိုင်း မန္တလေးတိုင်းက အများကြီးယူသွားတာကိုး။ ရခိုင်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ၊ ၂၀၁၆ လောက်မှာ ၁၄၅ ဘီလီယံလောက်ရတာပေါ့။ ဒီ၂၀၁၆-၂၀၁၇ NLD အစိုးရ ပထမကာလမှာဆိုရင် သူ့ထက်တောင်လျော့သွားတယ်။ ၁၄၂ ဘီလီယံလောက်ပဲ ရသွားတယ်။ အဲ့တာကြောင့် ပြည်ထောင်စုရဲ့ဘတ်ဂျက်ကို မျှသွားအောင် ငါးဆယ် ရာခိုင်နှုန်းလောက်ကို ပြည်ထောင်စုကြီးက သုံး ကျန်တဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ကို တိုင်းဒေသကြီး ပြည်နယ် ၁၄ခုကို မျှပေး ဒါမှပဲ ပြည်နယ်အစိုးရ တိုင်းအစိုးရတွေဟာ သူ့ရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ နယ်မြေတည်ဆောက်မှုပေါ့ဗျာ။ နိုင်နိုင်နည်းနည်း လုပ်နိုင်မယ်ဆိုတဲ့ အများပြောနေကြတဲ့ ဗဟိုချုပ်ကိုင်မှု လှော့ျချစေချင်တဲ့သဘော ကျနော်တို့မှာ ရှိပါတယ်။"

၂၀၁၆ ခုနှစ် အောက်တိုဘာ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သူတွေ၊ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေကို တွေ့ဆုံ ဖြေကြားသူတွေဟာ မကြာခနဆိုသလို သတ်ဖြတ် ခံရကြောင်း သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်ထားတာကို နောက်ထပ်နှစ်လ ထပ်မံတိုးမြှင့် လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ၂၀၁၇ ဇွန် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG