သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြန်မာသံရုံး လဝကအရာရှိ ဘတ်သန်း၃၀ ထိုင်းထီပေါက်


ထိုင်းဘတ်ငွေ
ထိုင်းဘတ်ငွေ

ထိုင်းနိုင်ငံ မြန်မာသံရုံးမှာရှိတဲ့ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနက ဒုတိယလဝကမှူး ဦးအောင်မြင့်အေးဟာ ဘတ်ငွေ သန်း၃၀ရရှိမယ့် ထိုင်းထီပေါက်တယ်လို့ အဲ့ဒီ့ဌာနကို အဓိကတာဝန်ယူရတဲ့ ခေါင်းဆောင် ရဲမှူးကြီး ဘိုအေးကပြောပြပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမြင့်ဆုံးသန်းနဲ့ချီပြီးပေါက်တာလို့ပြောဆိုနိုင်ပါတယ်။ ဒီအတွက် သက်ဆိုင်ရာနိုင်ငံကတာဝန်ရှိသူတွေနဲ့တိုင်ပင်ပြိး ထီပေါက်ငွေကိုထုတ်ယူဖို့စီစဉ်သွားမယ်လို့ လည်း ဆိုပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေမြန်မာပိုင်းက မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့မြန်မာသံရုံးမှာရှိတဲ့ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနက ဒုတိယ လဝကမှူး ဦးအောင်မြင့်အေးဟာ ဒီရက်ပိုင်းမှာထွက်တဲ့ ထိုင်းထီထဲက လက်မှတ်၅စောင်တွဲကနေ ထိုင်းဘတ်ငွေ သန်း ၃၀တန်တဲ့ ထီပေါက်ခဲ့ကြောင်း ထိုင်းနိုင်ငံမြန်မာသံရုံးမှာရှိတဲ့ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနက အဖွဲ့ခေါင်းဆောင်ရဲမှူးကြီးဘိုအေးကပြောပြပါတယ်။

"သူ လမ်းဘေးမှာပဲ လာပြီးရောင်းတဲ့ ထီသည်ပေါ့နော်။ ထိုင်းထီသည်ဆီကနေပြီးတော့ ဝယ်လိုက်တာပေါ့နော်။ ကလေးတယောက်ကို ဝယ်ခိုင်းလိုက်တော့ အဲ့ကလေးက တစ်စောင်ကို ၈၀ နဲ့ ငါးစောင်ဆိုတော့ ၄၀၀ ဖိုးပေါ့နော်။ ၄၀၀ ဖိုးဝယ်တော့ အဲ့အထဲကနေပြီးတော့ တစ်စောင်ကို ဘတ်ခြောက်သန်းနဲ့ ငါးစောင်ဆိုတော့ ခြောက်ငါးလီ သုံးဆယ်ပေါ့နော် အဲ့တာပေါက်တာပါ။"

မြန်မာထဲမှာ အဲဒီလိုမျိုး သန်းဆုထီပေါက်တာ သိပ်မကြားသိရတဲ့အတွက် မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ သူဟာ ထိုင်းနိုင်ငံထီကို သန်းနဲ့ချီပေါက်တာ ပထမဦးဆုံး ဖြစ်နိုင်တယ်လို့ ရဲမှူကြီး ဘိုအေးကတော့ပြောပါတယ်။

"အဲ့လိုတော့ သိပ်မရှိဘူးလို့တော့ ကြားတယ်။ တချို့တော့ တရွက်၊ နှစ်ရွက်တော့ ပေါက်ကြတာရှိတယ်။ သူကတော့ နံပတ်တူ ငါးရွက်ဆိုတော့ အဲ့လိုဖြစ်သွားတာပေါ့နော်။"

ထိုင်းထီတွေမှာက တစောင်မှာ ၂ခုတွဲပါလာပြီး တခုကို အများဆုံးဘတ်ငွေ ၃သန်း ပေးတာဖြစ်ပါတယ် အခုသူဟာ ၂ခုတွဲ ၅စောင်ဖြစ်တာကြောင့် ထိုင်းဘတ်ငွေ သန်း ၃၀ကို ရရှိတာ့မှာဖြစ်ပါတယ်။ ဒီအတွက် မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့အတူ ထီပေါက်တဲ့ငွေကိုထုတ်ယူသွားဖို့ စီစဉ်နေတယ်လို့လည်းပြောပါတယ်။

"ကျနော်တို့ ဒီက သံရုံးနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ သတင်းပို့ပြီးတော့မှ ထုတ်ပေးရေးကိစ္စတွေ ထိုင်းရဲတပ်ဖွဲ့နဲ့ သတင်းပို့ပြီးတော့မှ အကုန်လုံးစီစဉ်ထားပါတယ်ခင်ဗျ။"

ထိုင်းနိုင်ငံမှာတော့ ထီတစောင်ကို ဘတ်ငွေ ၈၀ ရောင်းချနေတာပါ။ အရင်တုန်းကတော့ ထီတစောင်ကို နံပါတ်ရွေးချယ်နိုင်ဖို့အတွက် ဘတ်ငွေ ၁၀၀ကျော်အထိ ကနေ ၁၆၀လောက်ထိ ရောင်းချခဲ့ပေမဲ့ စစ်အစိုးရတက်လာပြိးတဲ့နောက်ပိုင်းမှာ ဒီလိုရောင်းချသူတွေကို ဖမ်းဆီး အရေးယူမူတွေလုပ်မယ်လို့ကြေငြာခဲ့တာကြောင့် တနိုင်ငံလုံးနေရာတိုင်းမှာ ၂ခုတွဲပါတဲ့ ထီတစောင်ကို ဘတ်ငွေ ၈၀နဲ့ ရောင်းချနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတဦးလည်းဖြစ် သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနက ဒုတိယလဝကမှူးရဲ့ထိုင်းထီပေါက်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက တော့ လာမယ့်တနင်္လာနေ့မှာ သွားထုတ်မယ့်ကိစ္စတွေကို စီစဉ်လုပ်ဆောင်သွားမယ်လို့လည်း ပြောပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG