သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ရုရှား ထိပ်တိုက်တိုးနိုင်တဲ့ အန္တရာယ်


Baltic ပင်လယ်ပြင်ပေါ်မှာ အမေရိကန် နဲ့ ရုရှားဂျက်တိုက် လေယာဉ်ချင်း အနီးကပ် တေ့လွဲခဲ့။ ( ဇွန် ၁၉-၂၀၁၇)
Baltic ပင်လယ်ပြင်ပေါ်မှာ အမေရိကန် နဲ့ ရုရှားဂျက်တိုက် လေယာဉ်ချင်း အနီးကပ် တေ့လွဲခဲ့။ ( ဇွန် ၁၉-၂၀၁၇)

ရုရှားရဲ့စစ်ရေးခြိမ်းခြောက်မှုတွေဟာ ရုတ်တရက်အားဖြင့် ကြောက်စရာမကောင်းလှပေမဲ့ ပဋိပက္ခ ဖြစ်နိုင်တဲ့ အလားအလာ ကို တိုးမြင့်လာစေတယ်လို့ သုံးသပ်သူတွေက ဆိုနေကြပါတယ်။ လေယာဉ်ပစ်ချတာတွေ ကြားဖြတ်ဟန့်တားတာတွေ လက်နက်အင်အား တည်ဆောက်မှုတွေကြောင့် မှားယွင်းတွက်ချက်မှုနဲ့ မတော်တဆ ပြသနာကြီးထွား လာနိုင်တယ်လို့ တွက်ဆနေကြတာပါ။ VOA သတင်းထောက် Daniel Schearf မော်စကို ကပေးပို့တဲ့ သုံးသပ်ချက်ကို ဦးကျော်ဇံသာ ကတင်ပြမှာဖြစ်ပါတယ်။

ဒီလအတွင်းမှာပဲ Baltic ပင်လယ်ပြင်ပေါ်မှာ လေယာဉ်ချင်း အနီးကပ် တေ့လွဲခဲ့တာတွေ၊ ဆီးရီးယားမှာ ရုရှားမဟာမိတ်လေယာဉ်ကို အမေရိကန်ပစ်ချခဲ့တာတွေကြောင့် ရုရှားနဲ့ အမေရိကန်ထိပ်တိုက်တိုးမှုတွေဟာ မတော်တဆဖြစ်တယ်လို့ ဆိုနိုင်သည့်တိုင်အောင် ရုတ်တရက်ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တယ်လို့ ကာကွယ်ရေးအကဲခတ်တွေက စိုးရိမ်နေကြတာပါ။ ပြီးခဲ့တဲ့တနင်္လာနေ့ကဆိုရင် ရုရှားဂျက်တိုက်လေယာဉ်တစင်းနဲ့ အမေရိကန်ထောက်လှမ်းရေးလေယာဉ်တစင်းတို့ ခြောက်ပေလောက်အထိ နီးကပ်ခဲ့ပြီးတော့ တေ့လွဲသွားခဲ့တာပါ။

ရုရှားရဲ့SU-27 တိုက်လေယာဉ်မှူးဟာ တမင်အနီးကပ်ပျံလာပြီး သေသေချာချာ ထိန်းသိမ်းခဲ့ခြင်း မရှိဘူးလို့ အမေရိကန်စစ်ဌာနချုပ်ကပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး ကတော့ အမေရိကန်တို့ရဲ့RC-135 ထောက်လှမ်းရေးလေယာဉ်ဟာ သူတို့တိုက်လေယာဉ်ဆီကို တမင်ရန်စပြီး ပျံသန်းခဲ့တာလို့ ပြန်ပြောပါတယ်။

တခြားဖြစ်စဉ်တခုကတော့ ဗုဒ္ဓဟူးနေ့တုန်းက ဖြစ်ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ရဲ့လေယာဉ် နေတိုးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ Poland နဲ့ Lithuania နိုင်ငံအကြားက Kaliningrad စစ်စခန်းကို ပျံသန်းနေတုန်းမှာ နေတိုးဂျက် တိုက်လေယာဉ်တစင်းဟာ အနီးကပ်ပျံသန်းခဲ့တယ်လို့ ရုရှားအစိုးရကဆိုပါတယ်။

လေယာဉ်တွေဟာ တစင်းပြီးတစင်း မီတာအနည်းငယ် နီးနီးကပ်ကပ် ပျံသန်းပြီဆိုရင် အင်မတန်အန္တရာယ်ကြီးမားလှပေမဲ့ Baltic ပင်လယ်တဝိုက်မှာတော့ ရုရှားနဲ့အမေရိကန်ကြား ဒီလိုမကြာခဏ ဖြစ်နေကျတယ်လို့ စစ်ရေးသုံးသပ်သူတဦးက ဆိုပါတယ်။ သို့သော်လည်းပဲ ဘယ်ဘက်ကမှ တိုက်ချင်တဲ့စိတ် မရှိပါဘူးလို့လည်း သူကဆိုပါတယ်။

နေတိုးအဖွဲ့ဝင်တွေရဲ့လေပိုင်နက်ကို ရုရှားကဝင်ရောက်စူးစမ်းတာဟာ ၂၀၁၄တုန်းက ယူကရိန်းနိုင်ငံ Crimean ကျွန်းဆွယ်ကို ရုရှားတို့သိမ်းပိုက်ခဲ့ချိန်က စတင်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကခွဲထွက်ပြီး ရုရှားနဲ့ပေါင်းချင်တဲ့အုပ်စုတွေကို ရုရှားတို့က ကူညီရင်း ဒီလိုလုပ်လာကြတာပါ။ Yezhednevny Zhurnal အပတ်စဉ်ဂျာနယ် လက်ထောက် အယ်ဒီတာ စစ်ရေးအကဲခတ်သမား Alexander Golts ကတော့ ဒီဖြစ်ရပ်တွေကို အခုလိုသုံးသပ်ပါတယ်။

" ကျနော့်အမြင်အရတော့ ရုရှားနဲ့အနောက်အုပ်စုတို့ဟာ စစ်အေးအခြေအနေသစ်တရပ်ကို ရောက်ရှိနေပြီဆိုတာ ရှင်းပါတယ်။ စစ်အေးအခြေအနေဆိုတာ ပြသနာတရပ်ရှိနေပြီး ဒါကို သံတမန်နည်းအရရော စစ်ရေးနည်းအရပါ ဖြေရှင်းလို့မရတဲ့အခြေအနေမျိုးပါ။ လက်ရှိမှာ ယူကရိန်းအခြေအနေဖြစ်ပါတယ်။"

အမေရိကန်ပြည်ထောင်စုကတော့ ဒီသီတင်းပတ်အတွင်းမှာပဲ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှား အပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့သလို ဥရောပသမဂ္ဂ ကလည်း သူတို့ ယခင်ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းတိုးခဲ့ပါတယ်။ ယူကရိန်းသမ္မတ Petro Poroshenko လည်းပဲ သမ္မတ Trump နဲ့ လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံအကြားမှာ စစ်ရေးမဟာမိတ်စာချုပ် ချုပ်ဆိုမယ်လို့ ပြောသွားခဲ့ပါတယ်။ စစ်ရေးတည်ဆောက်မှုကို ရုရှားဘက်က ပိုလုပ်လာနေတာပါ။ နေတိုးတို့ရဲ့ ရုရှား ဆန့်ကျင်ရေး လုပ်ရပ်ကြောင့် အခြေအနေဆိုးရွားလာနေတယ်လို့ ရုရှားဘက်က ပြောနေတဲ့ သူတို့အနောက်ဘက်နယ်စပ်တွေမှာ စစ်ရေးတည်ဆောက်မှုတွေ ပိုလုပ်လာနေတာဖြစ်ပါတယ်။

ယခင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်တွေဖြစ်ခဲ့ကြတဲ့ နိုင်ငံသစ်တွေဟာ ယူကရိန်းမှာ ရုရှားတို့လုပ်ရပ်နောက်ပိုင်း ရုရှားအန္တရာယ်ကို စိုးရိမ်လာနေကြပါတယ်။ နေတိုးကလည်းပဲ လုံခြုံရေးတပ်ဖွဲ့တွေကို တိုးမြှင့်ချထားပါတယ်။ ဒါပေမဲ့ နေတိုးရဲ့ တပ်အင်အား တိုးချထားမှုဟာ ရုရှားနဲ့စာရင် သိပ်မများလှဘူးလို့ Alexander Golts က ဆိုပါတယ်။

"နှစ်ဘက်တပ်တွေအလည်မှာ ကြားခံတယ်ဆိုတာ မရှိတော့ပါဘူး။ တဘက်နဲ့တဘက် ပက်ပင်းတိုးနေကြတာပါ။ ဒီအခြေအနေမှာ မတော်တဆ တစုံတခုဖြစ်ခဲ့ရင် ပြသနာကြီးထွားပြီး စစ်ဖြစ်လာနိုင်ပါတယ်။ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တစုံတရာရှိဖို့ဆိုတာ အလှမ်းဝေးနေပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ရုရှား ဝင်စွက်ဖက်ခဲ့တယ် ဆိုတဲ့ အရှုပ်အရှင်းတွေလည်း ရှိနေတော့ သမ္မတ ထရမ့်အနေနဲ့ သမ္မတပူတင်ကို ဘယ်တော့မှ ချဉ်းကပ်လာလိမ့်မယ်မဟုတ်ပါဘူး။ "

တချိန်တည်းမှာပဲ ရုရှားနဲ့အမေရိကန်ပြည်ထောင်စုတို့ဟာ ဆီးရီးယားစစ်ပွဲမှာ နှစ်ဘက်နောက်ကွယ်က ပါဝင်နေကြပါတယ်။ ရုရှားဟာ အီရန်နဲ့အတူ အာဆတ်အစိုးရကို ထောက်ခံနေပြီး အမေရိကန်ကတော့ သူပုန်တွေကို ပံ့ပိုးနေတာဖြစ်ပါတယ်။ နှစ်ဘက်စလုံးကတော့ IS တွေကို တိုက်နေကြတာပါလို့ ဆိုနေကြပါလေရဲ့။ နှစ်ဘက်ထိပ်တိုက်တိုးမှုတွေလည်း မကြာခဏ ရှိနေပါတယ်။ ဒီအထဲ ဝေဟင်မှာ နှစ်ဘက်ထိပ်တိုက်တိုးမှုရှောင်ကြဉ်ရေးသဘောတူညီမှုကို ရုရှားက နောက်ထပ်တကြိမ် ဆိုင်းငံ့လိုက်ပြန်ပါတယ်။ ဆီးရီးယားမှာ အမေရိကန်ပြည်ထောင်စု ဦးဆောင်တဲ့ ညွှန့်ပေါင်းအင်အားစုအပေါ် ရုရှားက ခြိမ်းခြောက်မှု အများစုဟာ တကယ်တော့ သိပ်စိုးရိမ်စရာမဟုတ်လှဘူးဆိုပေမဲ့ နှစ်ဘက်ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နိုင်ခြေကတော့ မြင့်မားလာနေတယ်လို့ Alexander Golts က ပြောနေကြောင်းပါခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG