သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစီရင်ရေးနဲ့ ရဲတပ်ဖွဲ့လုပ်ရပ် AHRC ဝေဖန်


The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်တို့ကို ရုံးထုတ်လာစဉ်။ (ဇွန် ၁၆-၂၀၁၇)
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်တို့ကို ရုံးထုတ်လာစဉ်။ (ဇွန် ၁၆-၂၀၁၇)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ တပ်မတော်နဲ့ ပတ်သက်တဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်ရာမှာ ဥပဒေနဲ့အညီ လုပ်သင့်လုပ်ထိုက်တာထက် တပ်မတော် အလိုကျ လုပ်ဆောင်နေတယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင် AHRC ကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ် ပွါးနေတဲ့နေတဲ့ The Voice နဲ့အမှု၊ လုပ်ကြံခံရတဲ့ ရှေ့နေဦးကိုနီတို့ရဲ့အမှု အခင်းအကျင်းတွေကို ဥပမာပေးပြီး AHRC ကပြောလိုက်တာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

တပ်မတော်ရဲ့ ရုပ်ရှင်ဇာတ်ကားကို သရော်စာရေးမိတဲ့အမှုအတွက် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်တို့ကို အရေးယူပေးဖို့ တပ်မတော်က တိုင်ကြားခဲ့ရာမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့အမှုဖွင့်ဖို့ တိုင်ကြားခဲ့ခြင်း မရှိဘူးလို့ တရားပြိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဇွန်လ(၂၃) သောကြာနေ့ တရားရုံးမှာ ထွက်ဆို ခဲ့တာပါ။

တည်ဆဲ ဥပဒေတခုခုနဲ့ အရေးယူပေးဖို့ တပ်မတော်ဘက်က ပြောတာကို ဗဟန်းမြို့မ ရဲစခန်းက ၆၆(ဃ)နဲ့အမှု ဖွင့်ခဲ့တာဖြစ်တယ်လို့ သောကြာနေ့ တရားခွင်မှာ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း The Voice ရဲ့ရှေ့နေ ဦးခင်မောင်မြင့်က VOA ကိုပြောကြားခဲ့ပါတယ်။

တပ်မတော်ဘက်က မညွှန်ကြားပဲ ရဲတပ်ဖွဲ့က ပုဒ်မ ၆၆(ဃ)နဲ့အမှု ဖွင့်ခဲ့တဲ့ လုပ်ရပ်ပေါ် ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် AHRC ရဲ့ရှေ့နေ ဦးမင်းလွင်ဦးက ခုလို သုံးသပ်ပါတယ်။

" အဲ့တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်ထဲရေးဌာနရဲ့လက်အောက်မှာ ရှိတယ်။ အဲ့တော့ ပြည်ထဲရေးဌာနကို ထိန်းချုပ်ထားတာကလည်း တပ်မတော်ကနေ ထိန်းချုပ်ထား တာဖြစ်တယ်။ နောက်ပြီးတော့ မြန်မာရဲတပ်ဖွဲ့မှာ အဓိက တာဝန်ကြီး တဲ့နေရာတွေကို ယူထားတာကလည်း တပ်မတော်ကနေပြီးတော့ ပြောင်းလာတဲ့ ဗိုလ်မှူးတွေ စစ်မှုထမ်းဟောင်းတွေပဲဖြစ်တယ် အဲ့တော့ကာ ဒီကိုကျော်မင်းဆွေကိစ္စမှာလည်း အထက်ကနေပြီးတော့ အရေးယူဖို့သာညွှန်ကြားလိုက်တယ် အဲ့ဒီ့အောက်နေပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီးတော့ ရာဇဝတ်မှုပုဒ်မ ၅၀၀နဲ့အရေးယူလို့ရပေမဲ့လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃနဲ့ အရေးယူဖို့အတွက် မျက်နှာလိုမျက်နှာရဆောင်ရွက် တယ်ဆိုတာကိုလည်း ကျနော်တို့တွေ့ရတယ်။"

အလားတူပဲ လုပ်ကြံခံရတဲ့ ရှေ့နေ ဦးကိုနီအမှုနဲ့ပတ်သက်လို့ သောကြာမနေ့တုန်းက တရားခွင်အတွင်း ရဲမှူး တင်မောင်ဆွေကို စစ်ဆေးရာမှာ တရားခံပြေးအဖြစ် ကြေညာထားတဲ့ အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က လုံလောက်တဲ့ စွမ်းဆောင်မှု မရှိခဲ့ဘူးဆိုတာပေါ်လွင် ကြောင်း ဦးကိုနီရဲ့ရှေ့နေ ဦးနေလက မီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။

" အန်ကယ်လ်တို့က တရားခံပြေးကို အမှန်တကယ် ရှာဖွေတဲ့အပိုင်းကိုလိုချင်တာ။ အပေါ်ယံကြော ဝရမ်းအတည်ပြုတဲ့အပိုင်းကို လိုချင်တာမဟုတ်ဘူး။တရားခံပြေးကို သူတို့က ဝရမ်းအတည်ပြုတဲ့နေရာတွေမှာ သွားရောက်ရှာဖွေတယ်လို့ပြောတယ်။ မတွေ့ဘူးလို့ပြောတယ်။ အန်ကယ်လ်တို့က ရဲတပ်ဖွဲ့ကနေပြီးတော့ တရားရုံးမှာ တရားစွဲတင်ပြီးတဲ့ကာလ မှာ အမှန်တကယ်ဖမ်းဆီးဖို့ ရှာဖွေတဲ့အပိုင်းကို တရားရုံးမှာ ထွက်ဆိုစေချင်တာ။ အဲ့ထွက်ဆိုချက် မရဘူးလို့ပဲ အန်ကယ်လ်တို့ပြောရမှာပဲ။ အားလုံးက ဝရမ်းထုတ်ပြီးတော့ ဝရမ်းအရ လိုက်လံဆောင်ရွက်တဲ့အပိုင်းကိုပဲ ထွက်ဆိုနေတာကို တွေ့ရတယ်။ အမှန်တကယ်ဘယ်လိုစုံစမ်းခဲ့တယ် ဘယ်လိုရှာဖွေခဲ့တယ်ဆိုတာ အကြောင်းကိုတော့ ထွက်ဆိုချက်ပေးနိုင်တာ မတွေ့ရဘူး။"

ဒီလိုဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့လွတ်လပ်စွာ စွမ်းဆောင်နိုင်မှုအပေါ် မေးခွန်းထုတ်စရာဖြစ် လာပါတယ်။ AHRC ရှေ့နေ ဦးမင်းလွင်ဦးကတော့ ခုလို သုံးသပ်ပါတယ်။

"ဒီဦးကိုနီလုပ်ကြံခဲ့ရတဲ့ကိစ္စမှာ ထွက်ပြေးမယ့်တရားခံ ဖမ်းဆီးမယ့်ကိစ္စမှာလည်း တရားရုံးကနေ ဝရမ်းထုတ်ပြီးပြီဆိုလို့ရှိရင် ဒီဝရမ်းနဲ့ မြန်မာနိုင်ငံတဝှမ်းမှာ လိုက်လံဖမ်းဆီးနိုင်ဖို့အတွက် အားထုတ်စီမံဆောင်ရွက်ရမှာဖြစ်တယ်။ အခုတရားရုံးမှာ တရားခံပြေးအဖြစ် စစ်ဆေးစီရင်တဲ့အခါမှာ ကျနော်တို့ ဆရာဦးနေလပြောခဲ့သလို ရဲတပ်ဖွဲ့က ဘာမှ အတိအကျ လုပ်ဆောင်နိုင်ခြင်း မရှိဘူးဆိုတာ ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ရှိတဲ့သူတွေက တရားခံ အောင်ဝင်းခိုင်ကို ဖမ်းဆီးဖို့အတွက် လုံးဝ အားထုတ်ခဲ့ခြင်း မရှိဘူးဆိုတာ ပိုမိုထင်ရှားတယ်။ အဲ့တော့ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အောက်ခြေကနေတက်လာတဲ့တကယ့်ရဲစစ်စစ်တွေက အရေးကြီးတဲ့နေရာတွေမှာ မရှိပဲ တကယ်တမ်းအရေးယူဆောင်ရွက်ရမယ့် ကိစ္စတွေမှာ စစ်တပ်ကနေပြီးတော့ ပြောင်းလာတဲ့အသွင်ပြောင်းတွေကသာ စီမံအုပ်ချုပ်နေဆဲပဲဖြစ်တယ်ဆိုတာကို ဒီအမှုနှစ်မှုကနေပြီးတော့ သက်သေထင်ထင်ရှားရှား ပြလိုက်တယ်လို့ပဲ ကျနော်တို့ကတော့မြင်ပါတယ်။"

လာမယ့်သီတင်းပတ် တရားခွင်တွေမှာတော့ တရားခံပြေး အောင်ဝင်းခိုင်နဲ့ပတ်သက်လို့ ဆက်လက် စစ်ဆေးတော့မှာ မဟုတ်ပဲ ရှေ့နေ ဦးကိုနီကို သတ်တဲ့ကိစ္စ လူသတ်မှုကို ရှေ့တပတ် သောကြာနေ့ကျရင် စစ်ဆေးကြားနာသွားမှာဖြစ်တယ်လို့ ရှေ့နေဦးနေလက ပြောပါတယ်။

ဦးကျော်မင်းဆွေတို့ အမှုနဲ့ပတ်သက်ပြီး မနေ့က ၄ ကြိမ်မြောက်ရုံးချိန်းမှာ ဦးကျော်မင်းဆွေ ကို အာမခံ ပယ်ချခဲ့ပြီး၊ တရားရုံးပြောင်း စစ်ဆေး ဖို့ကိုလည်း ပယ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG