သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော် ဦးအံ့ကြီး ကွယ်လွန်


အဆိုတော် ဦးအံ့ကြီး ကွယ်လွန်။ သတင်းဓာတ်ပုံ- Credit to Thanthan Nwe (ဒေါ်သန်းသန်းနွယ် FB)
အဆိုတော် ဦးအံ့ကြီး ကွယ်လွန်။ သတင်းဓာတ်ပုံ- Credit to Thanthan Nwe (ဒေါ်သန်းသန်းနွယ် FB)

အသက် ၉၅နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံကျော် ဂန္တဝင် ဆိုတီး ပညာရှင် အဆိုတော် ဦးအံ့ကြီး ဟာ (၂၃-၆-၂၀၁၇) သောကြာနေ့ည ၉ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်သွားပါပြီ။ ဦးအံ့ကြီး ကွယ်လွန်တာဟာ မြန်မာနိုင်ငံအတွက် သိပ်ကိုနှမျောစရာ ကောင်းတယ်လို့ ဂီတလောကက ပညာရှင်တွေက ပြောပါတယ်။

ချင်းတွင်းနယ်မြေ သစ်တော ဝန်ထောက် ဦးဘာတာချာဂျီ၊ ဒေါ်ဒေါ်ဝင်း တို့ရဲ့ သားဖြစ်သူ ဂီတပညာရှင် ဦးအံ့ကြီးဟာ သောကြာနေ့က ပါရမီ အထွေထွေ ရောဂါကု ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာပါ။ အပျော်တမ်း အဆိုတော်ကြီး တဦးဖြစ်တဲ့ ဦးအံ့ကြီးဟာ မြန်မာ့တေးဂီတ လောကမှာ မြန်မာသံပီပီသသနဲ့ သီဆိုရာမှာ ထိပ်ဆုံးအဆိုတော်တဦး ဖြစ်ပါတယ်။

အဆိုတော် ဦးအံ့ကြီး ကွယ်လွန်သွားတာဟာ အင်မတန် နှမျောစရာ ကောင်းတယ်လို့ နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးက ပြောပါတယ်။

"အေးကွယ် ဒီနေ့ကတော့ ဂီတထဲက အစ်ကိုကြီးတယောက် ဆုံးရှုံးသွားတာပါပဲ။ အင်မတန်နှမျောပါတယ်။ ကိုအံ့ကြီးက အင်မတန်သဘောကောင်းတယ်။ မမတို့တွေ မဆိုခင်ကတည်းက သူက အဆိုတော်ကြီးဖြစ်နေပြီလေ။ အဲ့တော့ ကိုအံ့ကြီးတို့ သီချင်းတွေကို သုံးရာသီတို့ အများကြီးပါပဲ သူဆိုခဲ့တဲ့သီချင်းတွေထဲမှာပဲ ကိုယ်တို့က လိုက်ပြီးဆိုခဲ့တာတွေလည်းရှိတာပေါ့။ နောက် ကိုယ်ဆိုတဲ့အရွယ်လည်း ကျလည်းကျရော ကိုအံ့ကြီးနဲ့ခင်သွားတဲ့အခါကျတော့ ကိုယ်က အပျော်တမ်းပဲ ဆိုတဲ့သူဆိုတော့ သူတို့မိတ်ဆွေ အပေါင်းအသင်းတွေဆီမှာ ဆိုကြပြုကြတဲ့အခါကျတော့ မမအိမ်ကို ခေါ်သွားတတ်ပါတယ်။ အဲ့ဒီ့အခါမှာ ကိုယ်ကလည်း သူနဲ့အတူ လိုက်ပြီးတော့ ဆိုပါတယ်။

ကိုအံ့ကြီးဆိုတဲ့သီချင်းတွေက အကုန်လုံးကောင်းတာပါပဲ။ သူခေတ်နဲ့သူ ကောင်းတာတွေပဲ ရွေးဆိုခဲ့တာပဲလေ။ နောက် တကယ်လည်း ယောက်ကျားပီပီသသနဲ့ မြန်မာဆန်ဆန် ဆိုတာဆိုလို့ လူကြီးထဲမှာ သူက ထိပ်ဆုံးကပါပဲ ခေတ်ဟောင်းသီချင်းရဲ့ နောက်ပိုင်းမှာ ရောက်လာတဲ့သီချင်းတွေအထဲ ကိုအံ့ကြီးကို ဆိုနေကျတာကိုး။ တို့တွေထက် များစွာရှေ့ကရောက်ပါတယ်။ အကိုကြီးက မေမြို့ကနေစပြီး ဆိုလာလို့ နားလည်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့မမှာဆိုတာထက် မေမြို့မှာ ဆိုတာ များပါလိမ့်မယ်။ တကယ်လည်းတော်ပါတယ်။ တကယ်လည်း သဘောကောင်းပါတယ်။ သိပ်နှမျောဖို့ကောင်းပါတယ်ကွယ်။"

ဦးအံ့ကြီးဟာ သမီးဖြစ်သူ ဒေါ်ခင်မေအံ့ကြီးတို့ မိသားစုနဲ့ အတူ အမေရိကန် နိုင်ငံ ချီကာဂိုမြို့မှရော ကယ်လီဖိုးနီးယားပြည်နယ် လေ့ာစ် အိန်ဂျလိစ်က Palm Dale မှာပါ နေထိုင်ခဲ့တယ်လို့ မိသားစုနဲ့ ခင်မင်ရင်းနှီးတဲ့ မန္တလေးဂေဇက်က ဒေါ်နီလာစိန်က ပြောပြပါတယ်။

"ဘဘ ကယ်လီဖိုးနီးယားမှာနေတုန်းကလေ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာပဲ။ မှတ်ဉာဏ်လည်း တအားကာင်းတယ်။ စကားတွေ သူအများကြီးပြောနိုင်တယ်။ ဧည့်သည် လာရင်လည်း သူအရမ်းပျော်တယ်ပေါ့နော်။ နောက်ပြီးတော့ ဆရာတော်တွေ ဘာတွေ ပင့်ပြီး ဆွမ်းကျွေးတဲ့အချိန်မှာလည်း ဘဘက သီချင်းတွေ ဆိုပြတတ်တယ်။ သူ့ကိုတောင်းဆိုလာလို့ရှိရင် အချိန်မရွေးဆိုပြတတ်တယ်။ နောက်ပြီးတော့ ကျမတို့ LA မှာ ကိုဇော်မျိုးထွဋ်တို့နဲ့ ကိုခင်မောင်တိုးတို့နဲ့ သီချင်းဆိုပွဲကျင်းပတယ်။ သီချင်းတွေကို သူကိုယ်တိုင်ဆိုပြပါတယ်။ အဲ့ပွဲလေးက အရမ်းကို LA ကလူတွေအတွက် အရမ်းကို အမှတ်တရဖြစ်တဲ့ပွဲလေးပေါ့နော်။"

ဦးအံ့ကြီးကွယ်လွန်သွားချိန်မှာ ဇနီးဖြစ်သူ ဒေါ်မေညွန့်၊ သား ၂ ယောက် သမီးတယောက် နဲ့ မြေး ၃ ယောက် မြစ်တယောက်တို့ ကျန်ရစ်ပါတယ်။ ဇွန်လ ၂၅ ရက် တနင်္ဂနွေနေ့ မနက် ၁၁နာရီမှာတော့ ရေဝေးသုဿန်မှာ မီးသဂြိုလ်မှာ ဖြစ်ပါတယ်။ ဦးအံ့ကြီး အခုလို ကွယ်လွန်သွားပေမယ့် သူ့ရဲ့ သာယာနာပျော်ဖွယ် သီချင်းလေးတွေကတော့ အမြဲတမ်း ရှင်သန်နေမှာ ဖြစ်ပါတယ်။

ခေတ်ဟောင်းနဲ့ မြန်မာတေးသီချင်းတွေထဲက နံမယ်ကြီးတဲ့ သုံးရာသီ၊ တူရိယာလုလင်၊ ယဉ်တကိုယ်မယ်၊ ပန်းပုသူဇာ၊ ကျေးရွာဝါဒ၊ လူချွန်လူကောင်း၊ ရွှေမင်းဂံတို့လို သီချင်းတွေ အပြင် ဦးအံ့ကြီးမကွယ်လွန်ခင်က သူ့အနှစ်သက်ဆုံးလို့ ပြောခဲ့ဘူးတဲ့ စစ်ကိုင်းတောင်လို သီချင်းတွေကိုတော့ သောတရှင်တွေ နားမှာ အမြဲစွဲကျန်နေရစ်မှာ ဖြစ်ပါတယ်။

အဆိုတော် ဦးအံ့ကြီး ကွယ်လွန်
please wait

No media source currently available

0:00 0:04:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG