သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရဲ့ ခရီးသွား တားမြစ်မိန့် စတင် အသက်ဝင်


ပြည်ဝင်ခွင့်ဗီဇာနဲ့ပတ်သက်ပြီး ရဲ့ အမိန့် ကြေညာချက်အပေါ် နိုင်ငံတော် တရားရုံးချုပ်တရားရုံးရှေ့ သတင်းမီဒီယာများေ စာင့်ဆိုင်းနေကြစဉ်။ (ဇွန်၂၆-၂၀၁၇)
ပြည်ဝင်ခွင့်ဗီဇာနဲ့ပတ်သက်ပြီး ရဲ့ အမိန့် ကြေညာချက်အပေါ် နိုင်ငံတော် တရားရုံးချုပ်တရားရုံးရှေ့ သတင်းမီဒီယာများေ စာင့်ဆိုင်းနေကြစဉ်။ (ဇွန်၂၆-၂၀၁၇)

သမ္မတ Donald Trump ပြန်ပြင် ရေးဆွဲထားတဲ့ ခရီးသွားလာခွင့် ယာယီ တားမြစ်တဲ့ သမ္မတ အမိန့်ကြေညာချက်ဟာ ဆန့်ကျင် ကန့်ကွက်မှုတွေ ကြီးကြီးမားမား မရှိဘဲ စတင် အသက်ဝင်သွားပြီ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးသွားခွင့် တားမြစ်ချက်မှာ ပါဝင်တဲ့ နိုင်ငံ (၆) နိုင်ငံက ရောက်လာကြမယ့်သူတွေကို ကူညီပေးဖို့အတွက် လူဝင်မှုကြီးကြပ်ရေး ရှေ့နေတွေ လေဆိပ်တွေမှာ သွားရောက် စုဝေး နေကြပါတယ်။ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ဖို့ ရောက်လာကြမယ့် ဒုက္ခသည်တွေ လာရောက်ခွင့် ရက်ပေါင်း ၁၂၀ ယာယီ ပိတ်ပင်ပြီး ကန့်သတ်မှုဟာလည်း ကြာသပတေးနေ့မှာပဲ စတင် အသက်ဝင်သွားပြီ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်ချက်လို့ ယေဘုယျအားဖြင့် ခေါ်ဆိုကြတဲ့ သမ္မတ Donald Trump ရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ မူလ အမိန့်ကြေညာချက်ကို အယူခံတရားရုံးက ပယ်ချလိုက်ပြီးတဲ့နောက် ပြင်ဆင် ရေးဆွဲထားတဲ့ အဲဒီ အမိန့်ကြေညာချက်ကို အမေရိကန် နိုင်ငံတော် တရားရုံးချုပ်က လက်ခံ ကြားနာမှာဖြစ်ကြောင်း ဇွန်လ ၂၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။

သမ္မတရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ အမိန့် ကြေညာချက်ထဲက အများစုကိုလည်း စတင် ကျင့်သုံးခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် တရားရုံးချုပ်ရဲ့ အမိန့် ကြေညာချက်မှာ ဖော်ပြထားတာကြောင့် ဒီ ဥပဒေဟာ ဇွန်လ ၂၉ ရက်၊ ကြာသပတေးနေ့ ညနေက စတင် အသက်ဝင်သွားပြီ ဖြစ်ပါတယ်။

ဒီဥပဒေသစ်အရ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်ခံရတဲ့မွတ်ဆလင်အများစု နေထိုင်တဲ့ နိုင်ငံ (၆) နိုင်ငံကလူတွေအနေနဲ့ ပြည်ဝင်ခွင့် ဗီဇာလျှောက်တဲ့နေရာမှာ အမေရိကန် ပြည်ထောင်စုအတွင်း ဝင်ခွင့်မရခင် အမေရိကန်မှာ ရှိနေတဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ ဒါမှမဟုတ် စီးပွားရေး လုပ်ငန်းတွေနဲ့ တရားဝင် ဆက်ဆံမှုရှိကြောင်း ခိုင်လုံတဲ့ အထောက်အထား ပြကြရမှာ ဖြစ်ပါတယ်။

အီရန်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် စတဲ့ နိုင်ငံ (၆) နိုင်ငံက ဝင်လာကြမယ့် သူတွေရဲ့ ဗီဇာ လျှောက်လွှာတွေကို ဘယ်လို ကိုင်တွယ် ဆောင်ရွက်သင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဒီဥပဒေ စတင် အသက်မဝင်ခင်လေးမှာ အမေရိကန် အစိုးရ အရာရှိတွေက ရှင်းပြခဲ့တာမှာ - တခြား နိုင်ငံတခုကတဆင့် အမေရိကန်ပြည်ထောင်စုကို ဇူလိုင် ၆ ရက်နေ့မတိုင် လာဖို့ ခွင့်ပြုချက် ရထားပြီးသူတွေကို လာရောက်ခွင့်ပြုမှာ ဖြစ်ပြီး အဲဒီရက် နောက်ပိုင်းမှ လာရောက်ဖို့ စီစဉ်သူတွေကိုတော့ နောက်ပိုင်းမှာ ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ အဆင့်မြင့် အစိုးရ အရာရှိတွေက ပြောပါတယ်။

ပြည်ဝင်ခွင့် ဗီဇာလျှောက်လွှာအတွက် မူလကတည်းက တွေ့ဆုံဖို့ စီစဉ်ထားပြီးသူတွေ တွေ့ဆုံမယ့် အစီအစဉ်တွေကို ပယ်ဖျက်မှာ မဟုတ်ကြောင်း၊ ဒါပေမယ့် အသစ်လျှောက်ထားသူတွေအနေနဲ့ သမားရိုးကျ စစ်ဆေး မေးမြန်းခံရတာ အပြင် အမေရိကန်နိုင်ငံအတွင်းမှာ နေထိုင်သူ မိသားစုဝင်၊ ဒါမှမဟုတ် စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်နွယ်မှုရှိကြောင်း ခိုင်လုံတဲ့ အထောက်အထား ထပ်ပြကြရမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွင်း ရောက်နေပြီးသား သူတွေနဲ့ မိသားစုဝင်ဖြစ်ကြောင်း ပြနိုင်တဲ့ အထောက်အထားတွေကတော့ - မိဘ၊ ဇနီး ခင်ပွန်း၊ သားသမီး၊ အရွယ်ရောက်ပြီးတဲ့ သားနဲ့ သမီး၊ သားမက်၊ ချွေးမ၊ ဒါမှမဟုတ် ညီအကို မောင်နှဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ပါဝင်တယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။

မိသားစုဝင်ဖြစ်ကြောင်း အထောက်အထား ပြလို့ မရနိုင်သူတွေ စာရင်းမှာတော့ အဖိုး အဖွား၊ မြေး၊ ဦးလေး၊ အဒေါ်၊ တူ၊ တူမ၊ ညီအကို မောင်နှမ ဝမ်းကွဲ၊ ခယ်မ၊ ယောက္မ၊ ယောက္ဖ၊ ချွေးမ၊ သားမက်၊ စေ့စပ်ကြောင်းလမ်းထားသူနဲ့ တခြား ဆွေမျိုးဝေးတဲ့သူတွေ ပါဝင်ပါတယ်။

အခုလို ခွဲခြား သတ်မှတ်ရတာဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေထဲမှာ ပါတဲ့အချက်တွေအပေါ် အခြေခံပြီး လုပ်ဆောင်ခြင်း ဖြစ်တယ်လို့လည်း အစိုးရ အရာရှိတွေက ပြောပါတယ်။

အမေရိကန်အစိုးရက အခုထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်တွေဟာ တင်းကြပ်လွန်းကြောင်း ကာလီဖိုးနီးယားပြည်နယ်၊ Los Angeles မြို့က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေ Mike Feuer က ပြောပါတယ်။

“အဖိုးအဖွား တော်တဲ့သူတွေဟာ တရားဝင် မိသားစုဝင် မဟုတ်ဘူးလို့ ဘယ်လိုလုပ် သတ်မှတ်မလဲ။ နောက်ပြီးတော့ ကိုယ်နဲ့ စေ့စပ်ထားတဲ့ လူတယောက်ကိုရော ကိုယ်နဲ့ တရားဝင် ဆက်စပ်မှုမရှိပါဘူးလို့ ဘယ်လိုလုပ် ငြင်းပယ်မလဲ။ ကျနော်တို့ တိုင်းပြည်ဟာ တမူထူးခြားစွာ လူသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ရပိုင်ခွင့်ပေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီအချက်ကိုပဲ ဒီကနေ့ ကျနော်တို့ အာရုံစိုက် လုပ်ဆောင်ကြရမှာပါ။”

အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ဖို့ ရောက်လာကြမယ့် ဒုက္ခသည်တွေ လာရောက်ခွင့် ရက်ပေါင်း ၁၂၀ ယာယီ ပိတ်ပင်ပြီး အမေရိကန်နိုင်ငံကို လာရောက်မယ့် နှစ်စဉ် ဒုက္ခသည်အရေအတွက်ကို ငါးသောင်းအဖြစ် ကန့်သတ်မှုဟာလည်း ကြာသပတေးနေ့ တရက်ထဲမှာပဲ စတင် အသက်ဝင်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံ အတွင်းမှာ ရှိနေပြီးသား မိသားစုဝင်တွေနဲ့ ခိုင်လုံတဲ့ အထောက်အထား ပြနိုင်တဲ့ ဒုက္ခသည်တွေကိုတော့ ဝင်ရောက်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ဒီဥပဒေကြောင့် အမေရိကန်ကိုလာကြမယ့် မြန်မာဒုက္ခသည်တွေကိုပါ အတော်လေး ထိခိုက်စေနိုင်တယ်လို့ ဆိုလာသူကတော့ BACI - အမေရိကန်-မြန်မာ လူမှုရေးအသင်းက အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဒေါက်တာ Ro Dinga ပါ။

" မြန်မာပြည်သားဒုက္ခသည်တွေ အမေရိကန်လာဖို့ တော်တော်လေးကို ထိခိုက်မယ်လို့ ကျနော်မြင်တယ် ဘာဖြစ်လို့လဲဆိုတော့ တားမြစ်ထားတာ တော်တော်များတယ် နံပတ်တစ်အချက်ကတော့ ရက်ပေါင်း ၁၂၀ ဒုက္ခသည်တွေကို ပိတ်လိုက်မှာဖြစ်တယ်။ ဆိုတော့ ဒီနေ့ကနေ ရက်ပေါင်း ၁၂၀ဆိုတော့ ဇူလိုင် သြဂုတ် စက်တင်ဘာ ဖြစ်တော့ တော်တော်လေးတော့ ထိခိုက်မယ်လို့တော့ ကျနော်မြင်တယ်။"

အခုလ ၂၇ ရက်နေ့အထိ အမေရိကန်နိုင်ငံအတွင်းကို ရောက်လာကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၄၉,၀၀၀ နီးပါး ရှိသွားပြီလို့ အဆင့်မြင့် အမေရိကန် အရာရှိတွေက ပြောတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စတင်တဲ့၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွက် သတ်မှတ်ထားတဲ့ ဒုက္ခသည် အရေအတွက် ငါးသောင်း ပြည့်ခါနီးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိသားစုဝင်တွေနဲ့ ဆက်နွယ်ပြီး လာရောက်ဖို့ ကြိုးစားကြတဲ့ ဒုက္ခသည်တွေကို ထပ်မံ ခွင့်ပြုဖို့ ရှိနေသေးတာကြောင့် အဲဒီ ကန့်သတ်ချက် အရေအတွက် ငါးသောင်းထက် ကျော်သွားနိုင်တယ်လို့ ဆိုပါတယ်။

ရွေ့ပြောင်း အခြေချ နေထိုင်ဖို့ ရောက်လာကြတဲ့ ဒုက္ခသည် တဝက်လောက်ဟာ အမေရိကန်မှာ ဆွေမျိုးသားချင်း ရှိထားကြပြီးသူတွေ ဖြစ်တယ်လို့လည်း အမေရိကန် အစိုးရ အရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG