သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လမ်းကြောင်းလွဲနေပြီဟု အပစ်ရပ်အဖွဲ့တွေ ဝေဖန်


NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့များ။ အောက်တိုဘာ ၁၅-၂၀၁၅။
NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့များ။ အောက်တိုဘာ ၁၅-၂၀၁၅။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA လမ်းကြောင်းနဲ့ လွဲှချော်နေတယ်လို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့ဟာ လက်ရှိ ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဆန်းစစ်ခဲ့ကြပြီးနောက် အခုလို ဝေဖန်ချက် ထွက်လာတာပါ။ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်အတွင်းက NCA အပါဝင် နိုင်ငံရေးမူဘောင်တွေ ပြန်လည်ပြင်ဆင်နိုင်ဖို့ကို လည်း ဆောင်ရွက်နေတယ် လို့ သိရပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွမ်းအိမ်က စုံစမ်းမေးမြန်းထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ အစည်းအဝေးကို ဇွန်လ ၂၈ ရက် ကနေ ဇူလိုင် ၂ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်ခဲ့တာပါ။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ကို ပြန်လည် သုံးသပ်ပြီး၊ လက်ရှိအစိုးရ ဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA လမ်းကြောင်းနဲ့သွေဖီနေတယ် လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPSTရဲ့ပြောရေးဆိုခွင့်ရှိသူ ပူးဇင်ကျုံးက ပြောပါတယ်။

" NCA ထဲမှာ အဆင့်၇ဆင့်ရှိတဲ့ လမ်းပြမြေပုံ ကျနော်တို့မှာ ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးမှု မူဘောင် မပြီးပြတ်သေးပဲနဲ့ ကျနော်တို့သွားနေတဲ့အနေအထားမျိုး တွေ့ရတယ်။ မတည်မငြိမ်ဖြစ်နေသေးတဲ့ နိုင်ငံရေးဆွေးနွေးမှုအောက်မှာ သွားနေတဲ့ ညီလာခံဖြစ်တဲ့ အတွက် ထွက်လာတဲ့ ကျနော်တို့ အားနည်းချက်ရှိတဲ့ဟာလေးတွေကို တွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဆွေးနွေးပြီးမှ ကျနော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သွားဖို့ဖြစ်တယ်။ နောက် တိုင်းရင်းသားတွေ အကုန်လုံး NCA အဖွဲ့တွေ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ပြီးမှ အမျိုးသားအဆင့်ဆိုတာ ဒါတွေလုပ်ပြီးမှ သွားရမှာဖြစ်တယ်။ ဒီကနေ့ အမျိုးသားအဆင့် မလုပ်နိုင်သေးတဲ့ အဖွဲ့အစည်းတွေ တော်တော်များများရှိပါတယ်။ အဲ့အထဲမှာ ရှမ်းပြည်နယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်သေးပါဘူး။ နောက်ရခိုင်ဆိုလို့ရှိရင်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်သေးပါဘူး။ ဒီအဖွဲ့၈ဖွဲ့မှာတောင်မှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ပဲနဲ့ ဒီအခြေခံမူချမယ်ဆိုတာက NCA လမ်းကြောင်းနဲ့ လမ်းချော်နေတဲ့အနေအထားမျိုး ရှိတယ်လို့ သုံးသပ်ရပါလိမ့်မယ်။"

ဒါ့အပြင်NCAစာချုပ်မှာပါရှိတဲ့ “တရားဝင်နိုင်ငံရေးပါတီအားလုံးပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ညီလာခံတက်ခွင့်ရှိတယ်” ဆိုပေမဲ့ အနိုင်ရပါတီတွေသာ တက်ရောက်ခွင့်ရှိတဲ့အတွက် လမ်းကြောင်းနဲ့ လွဲနေတယ် လို့လဲ ပူးဇင်ကျုံးကဆိုပါတယ်။

" NCA ထဲမှာကိုက တရားဝင် နိုင်ငံရေးပါတီတွေ အကုန်လုံးပါဖို့ရန်အတွက် ပြဌာန်းထားတာ ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ အားလုံး ပါဝင်ရမှာဖြစ်ပေမဲ့လို့ ကျနော်တို့ အဲ့ဒီ့ အနိုင်ရပါတီတွေပဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ခိုင်းတာ ဒါဟာလည်း NCA လမ်းကြောင်းကနေ လွဲချော်သွားတာဖြစ်တယ်လို့ ပြောလို့ရပါတယ်။"

ဒါ့အပြင် PPST ရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးမှာ NCA အပါအဝင် နိုင်ငံရေး မူဘောင်တွေ ပြင်ဆင်နိုင်ဖို့ ကော်မတီတရပ်ကို ဖွဲ့စည်းထားတယ်လို့ ပူးဇင်ကျုံးက ဆိုပါတယ်။

" ကျနော်တို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်တဲ့နေရာမှာ တော်တော်လေးကို ပြန်လည်သုံးသပ်ရမယ့်ကိစ္စတွေရှိပါတယ်။ ဒါကြောင့် တစုံလုံးကို review လုပ်လို့ရအောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြန်လည်သုံးသပ်ခြင်းနဲ့ ပြုပြင်ခြင်းဆိုင်ရာ အလုပ်အဖွဲ့တခုကို ဖွဲ့ပါတယ်။ ဒါကတော့ မူဘောင်တခုတည်းကို မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ရယ် အစုအဖွဲ့အသီးသီးရဲ့ အခြေအနေတွေအားလုံးကို သုံးသပ်တဲ့ဖို့ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်လို့ရအောင် PPST ဖွဲ့စည်းတာဖြစ်ပါတယ်ခင်ဗျ။"

ဒီကော်မီတီကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြန်လည်သုံးသပ်ခြင်း နှင့် ပြန်လည်ပြုပြင်ပြောင်းလဲခြင်း တာဝန်ယူ လုပ်ဆောင်သွားရေး အလုပ်အဖွဲ့လို့ အမည်ပေးထားပြီး ဒီအဖွဲ့ကို UPDJC ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီးတော့ အဖွဲ့ဝင် ၂၁ ယောက်နဲ့ဖွဲ့စည်းခဲ့သလို ဇူလိုင်လ ၂၀ ရက်နေ့မှာ စတင်အကောင်အထည် ဖော်သွား မှာ ဖြစ်ပါတယ်။

ဒီကနေ့မှာလဲ PPSTအဖွဲ့ဝင်တွေရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေး ကိုလုပ်ဆောင်နေပါတယ်။ ဒီအခြေအနေကို ပူးဇင်ကျုံးကအခုလိုပြောပါတယ်။

"PPST ရဲ့ အစည်းအဝေးတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ လိုအပ်တဲ့ဟာတွေ ကျနော်တို့ လုပ်လို့ရအောင်လို့ပါ ဒီကနေ့ ကျနော်တို့ ကော်မတီက လုပ်မယ့်ဟာတွေ UPDJC ရဲ့အစည်းအဝေးတွေမှာ တင်လို့ရအောင် အမြင်တွေ ဖလှယ်တာလည်းဖြစ်နိုင်တယ်။"

(၅)ရက်ကြာ ကျင်းပတဲ့PPSTအစည်းအဝေးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ငန်းကော်မတီ အစည်းအဝေးတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံ ကျင်းပခဲ့တဲ့ အခင်းအကျဉ်း၊ စိန်ခေါ်မှုတွေအပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ် တခုလုံးရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြန် လည် ဆွေးနွေး သုံးသပ်ခဲ့ကြပြီး အချက် ၁၇ ရက် သဘောတူ ချမှတ်ခဲ့ကြတာပါ။

PPSTအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ကိုရှေးရှုပြီးတော့ NCAအကောင် အထည် ဖေါ်မှုလုပ်ငန်းစဉ်မှတဆင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ညှိနှိုင်းဆွေးနွေးအဖြေရှာပြီး တိုင်းရင်းသား ပြည်သူတွေ လိုလားတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်သွားမယ်ဆိုပြီး ဇူလိုင်လ(၂)ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

PPSTအဖွဲ့ထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF )၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး-ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ပအိုဝ်း အမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျုးိသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)အဖွဲ့ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေနဲ့ဖွဲ့စည်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG