သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပါတီကနေ နှုတ်ထွက်


ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း (သတင်းဓာတ်ပုံ- U Sein Win FB)
ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း (သတင်းဓာတ်ပုံ- U Sein Win FB)

NLD ပါတီရဲ့ ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ နှုတ်ထွက်လိုက်ပါတယ်။ သူဟာ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း NLD ပါတီကနေ ပထမဆုံး နှုတ်ထွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လဲ ဖြစ်ပါတယ်။

ဦးစိန်ဝင်းရဲ့ နှုတ်ထွက်စာကို ဇူလိုင် ၁၄ ရက်နေ့က တင်ခဲ့ပြီး ပါတီကလည်း နှုတ်ထွက်ခွင့်ပြုကြောင်း အကြောင်းကြားလာတယ်လို့ ဦးစိန်ဝင်းက ပြည်တွင်း သတင်းဌာနတွေကို ပြောပါတယ်။ NLD ပါတီက နှုတ်ထွက်လိုက်တယ်ဆိုပေမယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ သူက ဆိုပါတယ်။ ဦးစိန်ဝင်းဟာ ၂၀၁၁ ခုနှစ်မှာ NLD ပါတီဝင် ဖြစ်လာခဲ့သူပါ။

စိုက်ပျိုးရေးပညာရှင်တဦးဖြစ်တဲ့ ဦးစိန်ဝင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာရော ၂၀၁၅ ရွေးကောက်ပွဲမှာ ပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနှစ်ကြိမ်စလုံးမှာ အနိုင်ရခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် NLD ပါတီရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုအတွက်ဆိုပြီး မအူပင်ဦးစိန်ဝင်း အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ၂၀၁၆ နိုဝင်ဘာလထဲမှာ ပါတီရဲ့တာဝန်အသီသီးကနေ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ပြည်သူ့ လွှတ်တော်ထဲမှာ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီဥက္ကဌဖြစ်တဲ့ ဦးစိန်ဝင်းကို တာဝန်တွေကနေ ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ဦးစိန်ဝင်းကတော့ သူ ပါတီကနှုတ်ထွက်ရတာဟာ တောင်သူလယ်သမားရေးရာတွေကို လုပ်တဲ့အပိုင်းမှာ ပါတီက သူ့ပေါ်ကန့်သတ်ခဲ့တာနဲ့ လွှတ်တော်ရေးရာကော်မတီ ကနေ သူ့ကို ဖယ်ရှားခဲ့တာဟာ ဒီမိုကရေစီနည်းလမ်း မကျဘူးဆိုပြီး သုံးသပ်တာကြောင့်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတွေကို ပြောပါတယ်။

ဦးစိန်ဝင်းဟာ မြင်းခြံမြို့မှာ အခြေခံပညာသင်ကြားခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ ပျဉ်းမနားမြို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က စိုက်ပျိုးရေးပညာဘွဲ့ ရရှိခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်း စိုက်ပျိုးရေးနဲ့ လယ်/ဆည် ဝန်ကြီးဌာနမှာ ဒုတိယကြီးကြပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သလို လင်းနိုင်အောင် စိုက်ပျိုးရေးကုမ္ပဏီမှာ မန်နေဂျင်းဒါရိုက်တာ အဖြစ် လုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG