သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစားပေးလုပ်နေကြောင်း မြန်မာအစိုးရပြော


ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ရေသယံဇာတနှင့် ဘေး အန္တရာယ်များ ဆိုင်ရာ ကုလသမဂ္ဂ အထူးအစည်းအဝေး တက်ရောက်။ (သတင်းဓာတ်ပုံ- MOI)
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ရေသယံဇာတနှင့် ဘေး အန္တရာယ်များ ဆိုင်ရာ ကုလသမဂ္ဂ အထူးအစည်းအဝေး တက်ရောက်။ (သတင်းဓာတ်ပုံ- MOI)

နိုင်ငံရဲ့ ဆိုးရွားလှတဲ့အတွေ့အကြုံတွေပေါ်အခြေခံပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို အဓိက ဦးစားပေးမူဝါဒအဖြစ် ချမှတ်ဆောင်ရွက်နေကြောင်း အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ ရေသယံဇာတနှင့် ဘေး အန္တရာယ်များဆိုင်ရာ ကုလသမဂ္ဂအထူးအစည်းအဝေးကိုဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ် အများဆုံးရင်ဆိုင်ရတဲ့ ကမ္ဘာ့နိုင်ငံတွေ စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတာပါ။ ဒါကြောင့် တိုင်းပြည်တိုးတက်ဖွံဖြိုးရေးမှာ သဘာဝဘေးအန္တရာယ်ကြိုတင်ကာ ကွယ်နိုင်ရေးဟာ အလွန်အရေးပါတယ်ဆိုတာကို လက်ရှိအစိုးရအနေနဲ့ ခံယူထားပြီး ကုလသမဂ္ဂနဲ့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နေကြောင်း ရေသယံဇာတနဲ့ ဘေး အန္တရာယ်များဆိုင်ရာ တတိယအကြိမ် ကုလသမဂ္ဂအထူးအစည်းအဝေး တက်ရောက်လာတဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ ရေနဲ့ ပတ်သက်တဲ့ ပြဿနာကိုဖြေရှင်းနိုင်ဖို့ သူဦးဆောင်တဲ့ ကော်မတီကနေ ဥပဒေကြမ်းရေးဆွဲနေကြောင်း အခုလိုပြောသွားပါတယ်။

"အနာဂတ်အတွက် ချမှတ်ထားတဲ့ ရေအရင်းအမြစ် မူဝါဒနဲ့အညီ ရေသယံဇာတ ဥပဒေကြမ်းကို အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီက ရေးဆွဲနေပါတယ်။"

အရင်စစ်အစိုးရလက်ထက်တွေတုန်းက သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အချိန် ကိုင်တွယ်ဆောင်ရွက်မှုတွေမှာ အလွန်အားနည်းခဲ့တဲ့အတွက်ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကြီးအကျယ် ဝေဖန်မှုကို ခံခဲ့ရပါတယ်။ အထူးသဖြင့် မြန်မာ့သမိုင်းမှာ အကြီးမားဆုံး ဆိုင်ကလုန်မုန်တိုင်းဖြစ်တဲ့ ၂၀၀၈ နာဂစ် ဆိုင်ကလုန်မုန်တိုင်း တိုက်ခတ်မှုအတွင်း လူပေါင်းသိန်းနဲ့ချီသေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ တာဝန်မဲ့လုပ်ရပ်ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၁ခုနှစ် သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားတပိုင်း အစိုးရတက်လာပြီးနောက် သဘာဝဘေးအန္တရယ် နဲ့ပတ်သက်လို့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်အောင် ကြိုးစားအားထုတ်မှုတွေလုပ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာတော့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ နိုင်ငံရဲ့ ထိပ်ဆုံးအဆင့် ဦးစားပေး မူဝါဒ အဖြစ် ချမှတ်ဆောင်ရွက်နေကြောင်း လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစည်းအဝေးတက်ရောက်လာသူတွေကို အခုလိုပြောပါတယ်။

"သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မယ့်အခြေအနေကိုစနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ သေချာစေရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေကို ၂၀၁၃ခုနှစ်မှာ အတည်ပြုပြဌာန်းခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာ ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးချယ်ခံရတဲ့ အစိုးရ စတင်အုပ်ချုပ်တဲ့ အချိန်မှာတော့ တိုင်းပြည်တွင်း ရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံတွေကို အခြေခံပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး တိုးတက်ဖွံဖြိုးမှုအားလုံးထက် ဦးစားပေးရမယ့် ကိစ္စလို့ အသိအမှတ်ပြုခဲ့ပါတယ်။"

ဒါအပြင် ဆိုင်ကလုန်မုန်တိုင်းဒဏ်အများဆုံးခံရတဲ့ မြန်မာနိုင်ငံမှာ မုန်တိုင်းဘေးကယ်ဆယ်ရေး စခန်းတွေတည်ဆောက်ရေးအတွက် ကမ္ဘာ့ဘဏ် အကူအညီနဲ့စီစဉ်ဆောင်ရွက်နေကြောင်း ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

"ကမ်းရိုးတန်းတလျောက်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ဆိုင်ကလုန်မုန်တိုင်းဘေး ကယ်ဆယ်ရေး စခန်းတွေတည်ဆောက်ဖို့အတွက် အစီအစဉ် ချမှတ်ဆောင်ရွက်နေပါတယ်။ ဒါအပြင် ဒီကယ်ဆယ်ရေးစခန်းတွေဟာ အခြားကိစ္စတွေအတွက်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက် ကယ်ဆယ်ရေးနဲ့ ကူညီစောင့်ရှောက်ရေးတွေအတွက် ဆိုင်ကလုန်း ကယ်ဆယ်ရေး စခန်းတွေနဲ့ ရွာတွေကြားမှာ လမ်းပမ်း ဆက်သွယ်ရေးကောင်းမွန်ဖို့ စီစဉ်ထားပါတယ်။ ရဟတ်ယာဉ်တွေ ဆင်းသက်နိုင်ဖို့ နေရာလည်း ဒီအစီစဉ်မှာ ပါဝင်မှာဖြစ်ပါတယ်။"

မြစ်၊ ချောင်း၊ အင်း၊ အိုင်ပေါများတဲ့ မြန်မာနိုင်ငံမှာ နောက်ထပ်ရင်ဆိုင်ရတဲ့ ကြီးမားတဲ့ အန္တရာယ်တခုကတော့ မြစ်ကမ်းပါးတိုက်စားမှုဖြစ်လာကြောင်းနဲ့ ဒီအတွက် နိုင်ငံတကာ အကူအညီတွေ အများကြီးလိုအပ်နေကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။

"နောက်ထပ် ကြီးမားတဲ့ စိန်ခေါ်မှုတခုကတော့ နိုင်ငံအနှံ့ မြစ်ကမ်းပါးတွေဟာ တနှစ်ပတ်လုံး တိုက်စားပျက်စီး လာတဲ့ အခြေအနေဖြစ်ပါတယ်။ မြစ်ပတ်ဝန်းကျင် တလျောက် နေထိုင်သူတွေအတွက် အန္တရာယ်ကြီးမားသလို မြစ်ကိုမှီပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကိုပါ ထိခိုက်စေပါတယ်။ ယနေ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ မြစ်ကမ်းပါးတိုက်စားမှုကို ကာကွယ်တားဆီးနိုင်ဖို့ ရနိုင်သလောက်အကူအညီတွေနဲ့ ကြိုးပမ်းအားထုတ်နေရပါတယ်။ ဒါပေမဲ့လည်း မြစ်ကမ်းပါးတွေ မပြိုကျအောင် ထိန်းသိမ်းကာကွယ်ဖို့အတွက် နိုင်ငံတကာအေဂျင်စီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အထောက်အပံတွေ လိုအပ်နေဆဲဖြစ်ပါတယ်။

စစ်တမ်းကောက်ယူတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ရေကြီးတာ၊ ရေရှားပါးတာ စတဲ့ ရေနဲ့ဆက်စပ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေဟာလည်း မြန်မာနိုင်ငံမှာ အဖြစ်များဆုံးတွေ့ရတယ်လို့ ဒေါက်တာဝင်းမြတ်အေးက အစည်းအဝေးမှာ ပြောသွားပါတယ်။

ဇူလိုင်လ (၂၀)ရက်နေ့က ကျင်းပတဲ့ ရေသယံဇာတနှင့် ဘေး အန္တရာယ်များဆိုင်ရာ တတိယအကြိမ် ကုလသမဂ္ဂအထူးအစည်းအဝေးမှာ ရာသီဥတုပြောင်းလဲမှုအခြေအနေနဲ့ လိုက်လျောညီထွေမှုရှိအောင် ဘယ်လို လုပ်ဆောင်ကြမလဲ၊နောက် ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့အပါအဝင် သိပ္ပံနဲ့ နည်းပညာ တီထွင်ဆန်းသစ်ရေး ဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG