သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် နုတ်ထွက်


အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ Sean Spicer ။
အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ Sean Spicer ။

အိမ်ဖြူတော်ဆက်သွယ်ပြန်ကြားရေးရာ ညွှန်ကြားရေးမှူးသစ်ကို ခန့်အပ်လိုက်ပြီးနောက် အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ Sean Spicer ရာထူးကနေ နှုတ်ထွက်သွားပါတယ်။ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပြီး ရင်းနှီးမြှုပ်နံှသူတွေရဲ့ငွေကြေးတွေကို စီမံခန့်ခွဲသူတယောက်ဖြစ်ခဲ့တဲ့ Anthony Scaramucci ကိုသမ္မတ Donald Trump ကတာဝန်ပေးခန့်လိုက်တာပါ။

အဲဒီနောက်မှာ အိမ်ဖြူတော်ပြောခွင့်ရတာဝန်နဲ့ အိမ်ဖြူတော်ပြန်ကြားရေး ယာယီညွှန်ကြားရေးမှူးတာဝန်ယူထားတဲ့ Spicer ကချက်ချင်းဆိုသလို နှုတ်ထွက်စာ တင်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတနဲ့ နိုင်ငံအတွက် တာဝန် ထမ်းဆောင်ခွင့်ရခဲ့တာကို ဂုဏ်ယူကြောင်းနဲ့ August လအထိ တာဝန် ထမ်းဆောင်သွားမှာဖြစ်တယ်လို့ Spicer က Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

အိမ်ဖြူတော်က တာဝန်အပြောင်းအလဲတွေအပေါ် သဘောထားမတူတဲ့အတွက် Spicer နှုတ်ထွက်တာလို့ နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်တွေကို အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ Sean Spicer နေရာမှာ Sarah Huckabee Sanders က အိမ်ဖြူတော်ပြောခွင့်ရသူအဖြစ် အစားထိုး တာဝန်ယူသွားမှာဖြစ်တယ်လို့ Anthony Scaramucci ကကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပါတ်တွေအတွင်း အိမ်ဖြူတော်နေ့စဉ်သတင်းစာရှင်းပွဲတွေမှာ Spicer အစား Sarah Huckabee Sanders ကဖြေကြားခဲ့တာဖြစ်ပါတယ်။ အိမ်ဖြူတော် ဆက်သွယ် ပြန်ကြားရေးရာ ညွှန်ကြားရေးမှူးသစ်ဖြစ်လာတဲ့ Scaramucci ဟာ Republican ပါတီကို ရန်ပုံငွေလှူဒါန်းလာသူတယောက် ဖြစ်ပါတယ်။

၂၀၁၆ ရွေးကောက်ပွဲကာလတုန်းက တခြား Republican သမ္မတလောင်းဝင်ပြိုင်သူ ၂ ယောက်ကို တက်တက်ကြွကြွ ထောက်ခံခဲ့ပြီး နောက်ပိုင်းမှာ Trump ကိုထောက်ခံခဲ့သူဖြစ်ပါတယ်။ Donald Trump ဟာ လူကြမ်းနိုင်ငံရေးသမား ဖြစ်တယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ သတင်းစာရှင်းပွဲမှာ သတင်းထောက်တယောက်က မေးမြန်းစဉ် သူကအဲလိုပြောခဲ့ဖူးတဲ့အပေါ် တောင်းပန်ကြောင်း သမ္မတကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG