သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်အရေးပါ


မြန်မာသမ္မတဦးထင်ကျော်နဲ့ တရုတ်သမ္မတXi Jinping တို့ စစ်ရေးပြလှည့်လည်ကြည့်ရှု့စစ်ဆေးစဉ်။ (ဧပြီ ၁၀-၂၀၁၇)

မြန်မာနိုင်ငံရဲ့အပစ်ရပ်ငြိမ်းချမ်းရေး ပြီးပြည့်စုံနိုင်ဖို့ဆိုရင် တရုတ်အစိုးရ ရဲ့ကြားဝင်ဆောင်ရွက်မှုက ပိုပြီးအရေးပါလာနေတယ်လို့ ပြည်ပရောက် တိုင်းရင်းသား ခေါင်းဆောင်တချို့က သုံးသပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်မှသာ တနိုင်ငံလုံး ငြိမ်းချမ်းရေးကို ဦးတည်နိုင်မှာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နဲ့ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ(၃)ရက်နေ့က တွေ့ဆုံခဲ့ကြပြီး တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် အကြိုညှိနှိုင်း ဆွေးနွေးကြတာပါ။ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့လည်း သြဂုတ်လ(၄)ရက် ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း UNFC တပ်ပေါင်းစုထဲကနေ လက်နက်ကိုင် အဖွဲ့တချို့ နှုတ်ထွက်သွားတာကြောင့် UNFC အားနည်းလာတယ် ဆိုပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ် မှာတော့ အရေးပါနေဆဲပဲလို့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ဒုဥက္ကဋ္ဌ ဦးထန်နန်လျန်းထန်က မြင်ပါတယ်။

"အခုလက်ရှိကတော့ မြောက်ပိုင်းအဖွဲ့ပဲပြောပြော UNFC ပဲပြောပြော ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှက အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ တပြည်လုံးငြိမ်းချမ်းရေး ရဖို့ဆိုရင် အားလုံးပါဝင်တဲ့ငြိမ်းချမ်းရေးဖြစ်နိုင်ဖို့အတွက် ကျနော်တို့အားလုံးက ဝိုင်းပြီးတော့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ချဉ်းကပ်တဲ့ပုံစံကတော့ NCA လမ်းကြောင်းအတိုင်း ချဉ်းကပ်တဲ့သူရှိသလို NCA လမ်းကြောင်းနဲ့ မသွားသေးတဲ့အဖွဲ့တွေအနေနဲ့လည်း သူတို့အလွတ်သဘောချဉ်းကပ်ပြီး ဆွေးနွေးနေကြတဲ့အပိုင်းတွေဖြစ်ပါတယ်။"

UNFC အဖွဲ့ကို ၂၀၁၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး မူလက (၁၂)ဖွဲ့နဲ့ ဖွဲ့စည်းခဲ့ပေမယ့် လက်ရှိမှာ UNFC ထဲ(၅)ဖွဲ့သာ ကျန်တော့တာပါ။ NCA လမ်းကြောင်းနဲ့ပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖေါ်ဖို့ အာသီသရှိထားတဲ့ UNFC အနေနဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးခဲ့မယ်ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးက ပြီးပြည့်စုံခြင်း မရှိသေးဘူးလို့ အမေရိကန်နိုင်ငံ Los Angeles မြို့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုင်းထွေးမောင်က ပြောပါတယ်။

" UNFC ငါးဖွဲ့က NCA ရဲ့ ပေါ်လစီအတိုင်း သွားချင်တယ် ဒါပေမဲ့ သူတို့က UNFCက တောင်းထားတဲ့ကိုးချက်ကို မရသေးဘူး ဆိုတော့ သူတို့ ဆက်ညှိနေကြတယ်။ ဒါပေမဲ့ NCA ကိုကြည့်တဲ့အခါမှာ လက်မှတ်ထိုးပြီးတော့မှ အကောင်အထည်မဖော်တာ အများကြီးရှိတယ်။ ဆိုတော့ UNFC က NCA ကိုယုံပြီးတော့ သဘောတူလက်ခံပြီးတော့ လက်မှတ်ထိုးတာတောင်မှ ဒီမထိုးသေးတဲ့ မြောက်ပိုင်းကအဖွဲ့က ၇ဖွဲ့ရှိနေတော့ ငြိမ်းချမ်းရေးဆိုတာကတော့ အလှမ်းဝေးသေးတယ်။ NCA ထိုးရုံနဲ့ ငြိမ်းချမ်းရေးက မရသေးဘူး။"

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ UWSA ၀တပ်ဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်(၇)ဖွဲ့ပါ အပစ်ရပ် လက်မှတ်ထိုးပြီးနိုင်ဖို့ ကိစ္စမှာ တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးမှု ပိုကြီးမားကြောင်း ဒေါက်တာစိုင်းထွေးမောင်က သုံးသပ်ပါတယ်။

" ကျနော်မြင်တာတော့ တရုတ်ရဲ့လွှမ်းမိုးမှုက မြန်မာပြည်မှာ အများကြီးရှိတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဆိုလို့ရှိရင် တရုတ်ပြည်နဲ့ အများကြီးဆွေးနွေးရမယ်လို့ထင်တယ်။ နောက်ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တရုတ်အစိုးရနဲ့ကလည်း အရမ်းနီးစပ်တယ်။ ဆိုတော့ ဒီနယ်စပ်တဝက်မှာ ငြိမ်းချမ်းရေးရအောင်ဆိုရင် တရုတ်က အများကြီးကူညီပေးရမယ်လို့ ကျနော်ထင်တယ်။"

တရုတ်-မြန်မာနယ်စပ် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အရေးကိစ္စမှာ တရုတ်မြန်မာ နှစ်နိုင်ငံအစိုးရတွေကြား သဘောတူညီ မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်သူကတော့ CNF ဒုဥက္ကဌ ဦးထန်နန်လျန်းထန် ဖြစ်ပါတယ်။

" မြောက်ပိုင်းအဖွဲ့ကလည်း ဒီငြိမ်းချမ်းရေးကိုလိုလားတဲ့အဖွဲ့ပဲဖြစ်တယ်လေ။ ဒါကြောင့် ညှိနှိုင်းပြီးတော့ အဖြေရှာရမှာပဲလေ။ ငြိမ်းချမ်းရေးလုပ်တဲ့အခါ ကိုယ်က ဖြစ်ချင်တာ တခုတည်းကိုပဲ တင်းခံနေရင်တော့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ ဒါပေမဲ့ တရုတ်နိုင်ငံကတော့ ကျနော်တို့ငြိမ်းချမ်းရေးမှာ လွှမ်းမိုးကြိုးကိုင်နိုင်မယ့် အနေအထားမျိုးတော့ လောလောဆယ်တော့ မမြင်သေးပါဘူး။ ဒါပေမဲ့ တခုရှိတာက ကျနော်တို့ ဗမာနိုင်ငံတခုလုံးရဲ့ စီးပွားရေးကလည်း တရုတ်နဲ့ဆက်စပ်တဲ့အတွက်ကြောင့် ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အရေးကိုလည်း တချို့ကိစ္စတွေမှာ အစိုးရ အစိုးရ ချင်း သဘောတူညီမှုယူထားတဲ့အချက်တွေလည်း ရှိကောင်းရှိနိုင်တယ်လို့ ကျနော်ထင်တယ်လေ။ "

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် ဆွေးနွေးပွဲတွေ မကျင်းပခင်မှာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ညှိနှိုင်းတဲ့ အနေနဲ့ အခုလို ချင်းမိုင်မြို့မှာ ဆွေးနွေးပွဲတွေ ကျင်းပနေတာဖြစ်ပါတယ်။ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ချင်းမိုင်ဆွေးနွေးပွဲ ရလဒ်တွေကို လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေးမှာ တင်ပြဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG