သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားသပိတ် ကူညီသူ ၂ ဦး လာရောက်အဖမ်းခံဖို့ ရဲက အကြောင်းကြား


ဆန္ဒပြနေကြတဲ့ လယ်သမားသပိတ်စခန်း။
ဆန္ဒပြနေကြတဲ့ လယ်သမားသပိတ်စခန်း။

မန္တလေးတိုင်း လယ်သမားသပိတ်စခန်းကို ကူညီခဲ့တဲ့ တက်ကြွလှုပ်ရှားတဲ့ ခေါင်းဆောင်နှစ်ဦးကို ဒီကနေ့ သြဂုတ်လ (၄)ရက်နေ့ မနက်မှာ လာရောက်အဖမ်းခံဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ လယ်သမားတွေ တောင်းဆိုခဲ့တဲ့ အချက် (၂)ချက်ထဲက သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေးကိစ္စမှာ မန္တလေးတိုင်း အစိုးရနဲ့ သဘောတူညီမှုရခဲ့ပေမယ့် အဓိကအချက်ဖြစ်တဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ တောင်သူတွေအားလုံး လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ဆိုတဲ့အချက်ကို နှစ်ဘက်ညှိုနှိုင်းလို့မရပဲ သပိတ်စခန်းကို ဇူလိုင်လ အကုန်ပိုင်းက အဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တာပါ။ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးပြောပြမှာပါ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်းဖြစ်၊ မန္တလေးတိုင်း ပဋိပက္ခတွေအရေး စေ့စပ်ညှိုနှိုင်းရေးကော်မတီဝင်တွေလည်းဖြစ်တဲ့ ကိုအောင်သူနဲ့ ကိုစိုးဌေးတို့ ၂ ဦးဟာ ဇူလိုင်လလယ်က စတင်ခဲ့တဲ့ မန္တလေးက သတင်း ၂ ပတ်ကြာ လယ်သမားသပိတ်စခန်းမှာ ကူညီပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့ အစောပိုင်း လယ်သမားသပိတ်စခန်းကို ရဲအာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့ချိန်မှာ သပိတ်မှောက် တောင်သူတွေနဲ့ အတူ သူတို့ ၂ ဦးကို ဖမ်းဆီးခဲ့ပေမယ့် ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် မနေ့ သြဂုတ်လ ၃ ရက်နေ့မှာ လာရောက်အဖမ်းခံဖို့ ရဲစခန်းက ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း ကိုအောင်သူက ဗွီအိုအေကို ပြောပါတယ်။

" မန္တလေးအမှတ်၁ ရဲစခန်းကနေပြီးတော့ ဖုန်းဆက်တယ်။ မနက်ဖြန်ပေါ့ ဒီနေ့မနက်ပိုင်းကို သူတို့ဆီ အရောက်လာခဲ့ဖို့ပေါ့ ဆိုတဲ့အခါကျတော့ တရက်တောင်မထားဘူးပေါ့။ အချိန်က အရမ်းစိပ်တယ်ပေါ့နော်။ မရောက်မဖြစ်လာခဲ့ဖို့ မလာဘူးဆိုလို့ရှိရင် သူတို့အနေနဲ့ ဖမ်းဝရမ်းထုတ်ပြီး လိုက်ဖမ်းမယ်ဆိုတဲ့အခြေအနေကိုပါ သူက ထုတ်ပြောသွားတာပေါ့။ "

ဒီမတိုင်ခင်မှာ သူတို့ဘက်က ရဲစခန်းမှာ သွားရောက်အဖမ်းခံခဲ့ပေမယ့် ရဲစခန်းက ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

" အမှတ်၁ ရဲဏခန်းမှာ သွားပြီးအဖမ်းခံပါတယ်။ အဖမ်းခံတယ်ဆိုတဲ့အပိုင်းက ဘာလဲဆိုတော့ သူတို့က ကျနော်တို့ကို အာမခံယူခိုင်းတယ်ပေါ့ ကျနော်တို့က အာမခံမယူနိုင်ဘူး။ ကျနော်တို့ ယုံလည်း မယုံကြည်ဘူး။ ဒီဥပဒေရေးရာရှု့ထောင့်ကနေ ကျနော်တို့ကို သပိတ်စခန်းဖြိုတယ် ကျနော်တို့ကို တရားစွဲတယ်။ အဲ့ဒီ့အပေါ်မှာ ကျနော်တို့ တရားရုံးအပေါ်မှာ အယုံအကြည်မရှိဘူး။ တရားရေးအရလည်း ရင်ဆိုင်မှာမဟုတ်ဘူးဆိုပြီး အဲ့ဒီ့နေ့ကကျနော်တို့အဖမ်းခံတုန်းက အထက်ကိုမေးလိုက်ပါဦးမယ်ဆိုပြီး မေးပြီးတော့မှ ကျနော်တို့ဆီ ပြန်လာပြီး ခင်ဗျားတို့ပြန်လို့ရပြီဆိုပြီး ကျနော်တို့ကိုပြန်လွှတ်လိုက်တာ။"

အခု နောက်ဆုံးအကြိမ် ရဲစခန်းက အဖမ်းခံဖို့ အကြောင်းကြားချက်နဲ့ ပတ်သက်လို့ သူတို့ဘက်ကတော့ လတ်တလော သွားရောက်အဖမ်းခံဖို့မရှိပဲ သြဂုတ်လ (၈)ရက်နေ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီး နှစ်ပတ်လည် ပြီးတဲ့နောက် သြဂုတ်လ (၉)ရက်နေ့မှ ရဲစခန်းကို သွားဖို့ ရှိကြောင်း ကိုအောင်သူက ပြောပါတယ်။ သူတို့ ၂ ဦးကို ၁၉/၂၀ ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲထားတယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ တောင်သူတွေအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့နဲ့ သူတို့ သိမ်းဆည်းခံ မြေယာတွေ ပြန်ရဖို့ အတွက် မန္တလေးတိုင်းက တောင်သူတွေ ရာနဲ့ချီပြီး မန္တလေးမြို့မှာ သပိတ် စခန်းဖွင့် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြဖို့အတွက် သက်ဆိုင်ရာရဲ့ခွင့်ပြုချက်ရယူခဲ့ကြောင်း ကိုအောင်သူကပြောပါတယ်။

မန္တလေးတိုင်း အစိုးရအဖွဲ့ကလည်း သပိတ်မှောက်တောင်သူတွေနဲ့ ညှိုနှိုင်းဆွေးနွေးရာမှာ နောက်ဆုံးသုံကြိမ်မြောက် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင်ပါဝင်ပြီး နှစ်ဘက် ပြေလည်ရေး အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ကိုအောင်သူက အခုလိုပြောပြပါတယ်။

"ဆွေးနွေးပွဲတုန်းကတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးကိုပဲ သူတို့စဉ်းစားပါ့မယ် ဆိုတဲ့အပိုင်းကို ပြောခဲ့တယ်။ ပြီးတဲ့အခါကျတော့မှ အပြင်မှာ တခါ ထပ်ပြီးတော့ ဝိုင်းတဲ့အခါကျတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးက တရားရေးနဲ့ပဲ ဆိုင်ပါတယ်ဆိုပြီးတော့ ပြောတယ်။ သူတို့က တိုင်းအဆင့်အထိလိုက်လျောမှုပေးခဲ့တယ်။ သို့ပေမဲ့လို့ ကျောန်တို့ အဓိက တောင်းထားတဲ့ တောင်သူတွေကိုဖမ်းဆီးထားတာ လွှတ်ပေးဖို့ဆိုတဲ့အချက်ကတော့ အခုထက်ထိကိုင်စွဲထားတုန်းပါပဲ။"

တောင်သူတွေဘက်ကလည်း တရားစွဲ ခံထားရတဲ့သူတွေနဲ့ ဝရမ်းပြေး တောင်သူတွေ ကိစ္စပြေလည်အောင် ဖြေရှင်းမပေးမချင်းသပိတ်စခန်းကို ဆက်လက် ထားရှိသွားမယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဇူလိုင်လ (၂၉)ရက်နေ့အစောပိုင်းမှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲနှိမ်နင်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG