သုံးရလွယ်ကူစေသည့် Link များ

ရခိုင် မောင်တောမှာ မြိုတိုင်းရင်းသား ၆ဦး သတ်ဖြတ်ခံရ

  • ဗွီအိုအေ (မြန်မာဌာန)

ရခိုင် မောင်တောမှာ မြိုတိုင်းရင်းသား ၆ဦး သတ်ဖြတ်ခံရတဲ့ တည်နေရာပြမြေပုံ (နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၊ မြိုတိုင်းရင်းသား ၆ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ အတွက် မသင်္ကာသူ အစွန်းရောက်တွေကို လုံခြုံရေး အာဏာပိုင်တွေ လိုက်လံရှာဖွေနေပါတယ်။ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေသူ မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာသား ၆ ဦးရဲ့ အလောင်းကို မနေ့တုန်းက တွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးနဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေကို ပိတ်ဆို့ရှာဖွေ၊ ရှင်းလင်းမှုတွေ လုပ်ဆောင်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားတာပါ။

အမျိုးသမီး ၃ ဦး အပါအ၀င် ဒေသခံ မြိုတိုင်းရင်းသား ၆ ဦး သတ်ဖြတ်ခံခဲ့ရတဲ့အပြင်၊ ၂ ဦး ပျောက်ဆုံးနေတဲ့အတွက် ရှာဖွေနေကြောင်းလည်း ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲ နယ်ခြားစောင့်ကင်းစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် မတည်မငြိမ်အခြေအနေတွေနဲ့ ကြုံနေရတာပါ။

ဒီနောက်ပိုင်း မြန်မာအာဏာပိုင်တွေက ဒေသတွင်း လုံခြုံရေးအတွက် ဆောင်ရွက်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်းနဲ့ အထူးသဖြင့် မူဆလင်တွေအပေါ် ဖိနှိပ်မှုတွေရှိခဲ့ကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာအစိုးရကတော့ ဒေသတွင်း တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနဲ့အညီ ကြိုးပမ်းနေကြောင်း ပြောဆိုထားတာပါ။ အခုနောက်ဆုံး မြိုတိုင်းရင်းသားတွေ သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသမှာရှိတဲ့ မေယုတောင်တန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း အကြမ်းဖက်ဝါဒီတွေ ခိုလှုံရာစခန်းတွေ၊ လက်နက်ခဲယမ်းတွေကို ရှာဖွေသိမ်းဆည်းမိကြောင်းလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေက သတင်းတွေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG