သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကုန်ပစ္စည်း ဗီယက်နမ်ပြည်သူတွေ သပိတ်မှောက်


ဟိုချီမင်းမြို့တော်မှာ ဗီယက်နမ်ပြည်သူတွေ တရုတ် ဆန့်ကျင်ရေး ဆန္ဒပြစဉ်။
ဟိုချီမင်းမြို့တော်မှာ ဗီယက်နမ်ပြည်သူတွေ တရုတ် ဆန့်ကျင်ရေး ဆန္ဒပြစဉ်။

တရုတ်နိုင်ငံနဲ့ ရေပိုင်နက် နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ Vietnam နိုင်ငံမှာ ပြည်သူအများစုဟာ တရုတ်နိုင်ငံလုပ်ကုန်ပစ္စည်းတွေကို မဝယ်ဘဲ အသံတိတ် ဆန္ဒပြနေကြပါတယ်။ Vietnam နိုင်ငံကို တင်ပို့တဲ့တရုတ်ပစ္စည်းတွေဟာ အရည်အသွေးညံ့တယ်လို့ဆိုပြီး ဝယ်မသုံးသူတွေများလာပေမဲ့ ဈေးပေါတဲ့အတွက် ဝယ်သုံးနေကြသူတွေလည်းရှိနေဆဲပါ။ အိမ်နီးချင်းအင်အားကြီးတရုတ်နိုင်ငံက သူတို့နိုင်ငံအပေါ် ဗိုလ်ကျနေတယ်လို့ ထင်နေကြတဲ့ Vietnam ပြည်သူတွေရဲ့ တုံ့ပြန်ပုံကို သတင်းထောက် Ralph Jennings က ဟိုချီမင်းမြို့တော်ကနေ သတင်းပေးပို့ထားပါတယ်။ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့တရုတ်နဲ့ Vietnam ကြားမှာ ရေပိုင်နက်ကိစ္စနဲ့၁၉၇၄ ခုနှစ်ကတကြိမ် ၁၉၈၈ခုနှစ်ကတကြိမ် ရေပြင်မှာ တိုက်ပွဲတွေဖြစ်ခဲ့ဖူးပါတယ်။ နယ်စပ်မျဉ်းကိစ္စနဲ့ပါတ်သက်လို့လည်း ၁၉၇၀ ပြည်နှစ်တွေတုန်းက ၂ နိုင်ငံကြား စစ်ပွဲဖြစ်ခဲ့ဖူးပါတယ်။ အခုလည်း ရေပြင်ပိုင်နက် အငြင်းပွားနေတဲ့ Paracel ကျွန်းစုတွေမှာ တရုတ်တို့က စစ်တပ်အင်အား အမြောက်အများ ချထားပြီး အသာစီးအနေအထားယူထားတယ်လို့ Vietnam ပြည်သူတွေက မှတ်ယူထားကြပါတယ်။

ရေပိုင်နက်အငြင်းပွားမှုကြောင့် ၂၀၁၄ ခုနှစ်တုန်းက Vietnam မှာ တရုတ်ဆန့်ကျင်ရေးအဓိကရုဏ်းတွေဖြစ်ပွားခဲ့လို့ ၂၀ ကျော်သေဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်နဲ့ နိုင်ငံရေးဆိုင်ရာပြဿနာကို Vietnam တာဝန်ရှိသူတွေက ဘေးဖယ်ထားဖို့ ကြိုးစားခဲ့ကြပါတယ်။ Vietnam ပြည်သူအများကတော့ တရုတ်ဟာ Vietnam ရဲ့မိတ်ဆွေမဟုတ်ဘူးလို့ သဘောထားနေကြပြီး တရုတ်ကလာတဲ့ ပစ္စည်းတွေကို မဝယ်ဘဲ သပိတ်မှောက်နေကြပါတယ်။ Vietnam ကိုပို့တဲ့ တရုတ်ပစ္စည်းတွေရဲ့ အရည်အသွေးက ညံ့ဖျင်းတယ်လို့လည်း ဆိုကြပါတယ်။

"တရုတ်ကနေ Vietnam ကိုပို့တဲ့ ပစ္စည်းတော်တော်များများ အရည်အသွေး မကောင်းကြပါဘူး။ တခြားနိုင်ငံတွေဆီကိုတော့ ဒီလောက်မကောင်းတဲ့ အရည်အသွေးမျိုး မပို့ဘူးဆိုတာကိုလည်း ကျွန်မတို့သိပါတယ်။ အဲဒါကြောင့် တရုတ်ပစ္စည်းတွေဆို ကျွန်မတို့က အတတ်နိုင်ဆုံး ရှောင်ပါတယ်။ အရင်ကတော့ တရုတ်ပစ္စည်းတွေသုံးပါတယ်။ အရည်အသွေးမကောင်းတော့ ခဏလေးနဲ့ပျက်ကုန်ပါတယ်။"

Ho Chi Minh မြို့က ဒီဇိုင်းကုမ္ပဏီတခုမှာအလုပ်လုပ်တဲ့ Ha Tran ပြောပြတာပါ။ Vietnam နဲ့ တရုတ်ကြားဆက်ဆံရေးအခြေအနေကြောင့်လည်း တရုတ်ပစ္စည်းတွေကို မဝယ်ဖြစ်တာလို့သူကပြောပါတယ်။ အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံဟာ Vietnam ရဲ့ပြိုင်ဖက်ဖြစ်တယ်လို့ ပြည်သူအများက မြင်နေကြတယ်လို့ Ho Chi Minh City မြို့အခြေစိုက် စီးပွားရေးအကြံပေး Dezan Shira & Associates ကုမ္ပဏီက တာဝန်ခံ Oscar Mussons ကပြောပါတယ်။

"တရုတ်ကို Vietnam ပြည်သူတွေက အကိုကြီးလို့သဘောမထားဘဲ ပြိုင်ဖက်လို့သတ်မှတ်ထားကြပါတယ်။ အဲဒါကလည်း တောင်တရုတ်ပင်လယ်ထဲက Vietnam နိုင်ငံပိုင်ကျွန်းတွေနဲ့ပါတ်သက်ပြီး လတ်တလောဖြစ်နေတဲ့ ပြဿနာတွေကြောင့်လည်းပါပါတယ်။ Vietnam လူမျိုးတွေအတွက်က ကျွန်းတွေ တရုတ်ဖက်ပါသွားမယ့်ကိစ္စကို ဘယ်လိုမှ လက်မခံနိုင်ကြပါဘူး။ ဒီကိစ္စနဲ့ပါတ်သက်လို့ အစိုးရဖက်က ဘာမှသိပ်မပြောဘူး။ လူသိရှင်ကြား လုပ်ဆောင်မှုတွေမရှိပေမဲ့လည်း ပြည်သူတွေကတော့ လက်မခံနိုင်ကြပါဘူး။"

နိုင်ငံရေးပြဿနာတွေအပြင် တရုတ်တို့က Vietnam ကို အရည်အသွေး မကောင်းတဲ့ပစ္စည်းတွေ တင်ပို့နေတယ်လို့ Vietnam ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။ ဒါကြောင့် တရုတ်ပစ္စည်းတွေအစား ဈေးမကွာတဲ့ ဂျပန်။ တောင်ကိုရီးယားပစ္စည်းတွေကို ဝယ်သုံးကြတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံဟာ Vietnam ရဲ့အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ ပို့ကုန်။ သွင်းကုန်တန်ဖိုး ၂ ခုပေါင်းက ဒီနှစ်ပထမ ၄ လအတွင်းမှာကို ဒေါ်လာ ၂၅ ဘီလျံခွဲလောက်ရှိတယ်လို့ Vietnam သတင်းမီဒီယာတွေမှာ ထုတ်ပြန်ကြပါတယ်။

Vietnam ထုတ်ကုန်လုပ်ငန်းတွေကလည်း တရုတ်က ကုန်ကြမ်းတွေကို အားကိုးနေကြရဆဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အထိကရုန်းဖြစ်ပြီးနောက် တရုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြဖို့ စည်းရုံးလှုံ့ဆော်မှုတွေရှိပေမဲ့ တခြားနိုင်ငံလုပ်ပစ္စည်းတွေ မဝယ်နိုင်တဲ့ ဆင်းရဲသားလူတန်းစားတွေကတော့ တရုတ်ပစ္စည်းတွေကိုပဲ မဝယ်ချင်လည်း ဝယ်သုံးနေကြရပါတယ်။ Vietnam နိုင်ငံထဲဝင်တဲ့ တရုတ်ကုန်ပစ္စည်းအများစုက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေက ဝင်နေတဲ့အတွက် အရည်အသွေး ညံ့ဖျင်းနေတာဖြစ်တယ်လို့ စင်္ကာပူအခြေစိုက် အရှေ့တောင်အာရှလေ့လာရေး ISEAS Yusof Ishak Institute ကသုတေသီ Le Hong Hiep ကပြောပါတယ်။

"Vietnam ကိုဝင်နေတဲ့ တရုတ်ပစ္စည်းအများအပြားက လူသုံးကုန်ပစ္စည်းတွေ။ အသေးစားကုန်ပစ္စည်းတွေဖြစ်ကြပါတယ်။ အဲဒီပစ္စည်းတွေက တရားဝင်လမ်းကြောင်းတွေက မဟုတ်ဘဲ နယ်စပ်ဖက်ကနေသွင်းနေကြတာက အကြောင်းတခုလို့ ကျွန်တော်ထင်ပါတယ်။ တရားဝင်လမ်းကြောင်းက သွင်းတယ်ဆိုရင်တော့ အရည်အသွေးပိုင်းနဲ့ပါတ်သက်လို့ ပိုပြီးစည်းကမ်းတွေ တင်းကြပ်တယ်။ သေသေချာချာလည်း စစ်ဆေးမှာပါ။"

တရုတ်ကုန်ပစ္စည်းတွေကို မဝယ်လိုကြတဲ့ Vietnam ပြည်သူတွေထဲက ငွေကြေးတတ်နိုင်သူတွေကတော့ ဆိုင်ကယ်တွေ။ Electronic ပစ္စည်းတွေကို ဂျပန်နိုင်ငံထုတ်တွေဝယ်သုံးနေကြပါတယ်။ တောင်ကိုရီးယားနိုင်ငံထုတ် စားသောက်ကုန်တွေနဲ့ Electronic ပစ္စည်းတွေလည်း Vietnam မှာ လူကြိုက်များလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG