သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန်ကော်မရှင် အကြံပေးချက်ကို ဘယ်သူတွေ ဘယ်လောက် လက်ခံသလဲ


ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ ရှင်းလင်းထုတ်ပြန်မှုနဲ့ သတင်းစာ ရှင်းလင်းပွဲ
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ ရှင်းလင်းထုတ်ပြန်မှုနဲ့ သတင်းစာ ရှင်းလင်းပွဲ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဟာ အပြီးသတ် အစီရင်ခံစာ ပြုစုပြီးတဲ့နောက် အဲဒီ အစီရင်ခံစာကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ပေးအပ်ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့မှာတော့ အဲဒီ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခု ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ တိုက်ဆိုင်တယ်ပဲ ပြောရမလား၊ ချိန်ကိုက်လုပ်တယ်ပဲ ပြောရမလား၊ သြဂုတ်လ ၂၅ ရက် မနက် လင်းအားကြီးအချိန် ရခိုင်ပြည်နယ် မောင်တောခရိုင်ဘက်မှာ လုံခြုံရေး ရဲကင်းနဲ့ ရဲစခန်းတွေကို မူဆလင်တွေက အကြမ်းဖက်တိုက်ခိုက်မှု လုပ်ပါတယ်။ စုစုပေါင်း ရဲကင်းစခန်း ၃၀ လောက်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ပြီးတိုက်ခိုက်တာဖြစ်တဲ့အတွက် အတော်လေးကို ကြီးကျယ်တဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ အခုလို တဖြေးဖြေး ပို ပိုပြီး ဆိုးရွားလာနေတဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခ ပြသနာတွေဖြေရှင်းရာမှာ မစ္စတာ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဘယ်သူတွေ ဘယ်လောက် လက်ခံသလဲ ဆိုတာအရေးကြီးပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း သုံးသပ် တင်ပြသွားပါ့မယ်။

ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရာမှာ အဓိက သက်ဆိုင်တဲ့ ဘက်သုံးဖက် ရှိပါတယ်။ အဲဒါတွေကတော့ အစိုးရ၊ တပ်မတော်နဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောထားကတော့ ရှင်းပါတယ်။ နဂို အစိုးရအဖွဲ့က ကိုဖီအာနန်ကို ဦးဆောင်စေပြီး အကြံပေးကော်မရှင် ဖွဲ့ကတည်းက သူတို့အနေနဲ့ လက်မခံဘူး ဆိုတာ ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဒီအတွက် ကော်မရှင်ရဲ့ လုပ်ငန်းဆောင်တာ ကိစ္စ အ၀၀မှာ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေကရော၊ ရခိုင်ပြည်နယ် လွှတ်တော်က ရခိုင်အမျိုးသားပါတီဝင် အမတ်တွေကပါ ပူးပေါင်းဆောင်ရွက်မှု မလုပ်ရုံမက မစ္စတာကိုဖီအာနန်ကိုတောင် လက်ခံတွေ့ဆုံတာမျိုး မလုပ်ပါဘူး။ ဒီအတွက် အကြံပေးကော်မရှင်က ပြုစုခဲ့တဲ့ အပြီးသတ် အစီရင်ခံစာကိုလည်း လက်ခံမှာ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။

အခြားတစ်ဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ အစီရင်ခံစာပါအချက်တွေကို လက်ခံပုံရပါတယ်။ အပြီးသတ် အစီရင်ခံစာ မတိုင်ခင် ကြားဖြတ် အစီရင်ခံစာ တင်စဉ်ကတည်းက အစီရင်ခံစာပါ အကြံပြုချက် တစ်ချို့ကို အကောင်အထည် ဖော်ခဲ့ကြောင်း အခုနောက်ဆုံး နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ရခိုင်ပြည်နယ်အတွင်း ရှိနေသူအားလုံးအတွက် ကောင်းမွန်တဲ့ လမ်းကြောင်း တစ်ရပ် ရှာဖွေမယ်လို့ ပြောဆိုထားပါတယ်။ ဒါဟာ ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေရော၊ မူဆလင်တွေကိုပါ ရည်ညွှန်းထားတာ တွေ့နိုင်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ ရှေ့မတိုး နောက်မဆုတ်နိုင်ဖြစ်နေတဲ့ နိုင်ငံသား အစိစစ်ခံရမယ့်သူရဲ့ သက်သေခံ ကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ် ပိုပြီး ထိရောက်အောင်မြင်စေမယ့် မဟာဗျူဟာ တစ်ရပ်နဲ့ အချိန်ဇယား ဖော်ထုတ်နိုင်ဖို့၊ ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်မယ့် မဟာဗျူဟာ တစ်ရပ် ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြပါရှိပါတယ်။ ဒါတွေကိုကြည့်ရင် အစိုးရဟာ ကိုဖီအာနန် အစီရင်ခံစာပါ အချက်အများစုကို လက်ခံသဘောတူတယ်လို့ မှတ်ယူနိုင်ပါတယ်။

တပ်မတော်ရဲ့ သဘောထားကတော့ အစိုးရ သဘောထားနဲ့ ကွဲပြားပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သြဂုတ်လ ၂၄ ရက် မစ္စတာ ကိုဖီအာနန်နဲ့ တွေ့ဆုံချိန်မှာ တပ်မတော်အနေနဲ့ အစီရင်ခံစာပါ အချက်တစ်ချို့ကို လက်မခံနိုင်ဘူးဆိုတဲ့ သဘော သက်ရောက်တဲ့ အကြောင်းအရာ တစ်ချို့ ပြောဆိုအသိပေးခဲ့ပါတယ်။ အဲဒီအထဲမှာ အရေးကြီး အချက်တစ်ခုကတော့ ကိုဖီအာနန် ကော်မရှင်က အကြံပေးထားတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြန်ပြီး သုံးသပ်ဖို့ ကိစ္စ ဖြစ်ပါတယ်။ ကိုဖီအာနန်ကော်မရှင်ကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံမဲ့တွေ အများဆုံး နေထိုင်တဲ့ တိုင်းပြည် ဖြစ်နေတဲ့ အချက်ကို ထောက်ပြပြီး နိုင်ငံသား ဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင်၊ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ ပဋိဉာဉ်စာချုပ်ပါ အချက်တွေနဲ့ ကိုက်ညီအောင်၊ လက်တွေ့ကျအောင် ပြန်သုံးသပ်ဖို့ အကြံပေးထားတာမျိုးပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၁၉၈၂ နိုင်ငံသား ဥပဒေဟာ တည်ဆဲဥပဒေဖြစ်လို့ အဲဒီ ဥပဒေနဲ့အညီပဲ လုပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဥရောပ သံတမန် တစ်ယောက်နဲ့ တွေ့ဆုံရာမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်က မူဆလင်တွေကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ စိစစ်ရမယ်၊ ဥပဒေနဲ့ ညီရင် နိုင်ငံသား ဖြစ်ခွင့်ပေးမယ်၊ ဥပဒေနဲ့ မညီသူတွေကို စခန်းတွေမှာ ထားမယ်၊ တခြားနိုင်ငံတွေက လက်ခံရင် သွားခွင့်ပေးမယ် စသဖြင့် ပြောဆိုခဲ့ဖူးပါတယ်။

နောက်တစ်ချက်ကတော့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် အမြောက်အများ ချထားတာနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ အကြံပြုချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဒါဟာ လိုအပ်ချက်အရ ချထားရတာ ဖြစ်ကြောင်း၊ နယ်မြေ အခြေအနေကိုကြည့်ပြီး တပ်က ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ ဆုံးဖြတ်မှာ ဖြစ်ကြောင်း ပြောခဲ့တာ တွေ့ရပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် မစ္စတာ ကိုဖီအာနန် ကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ရှိနေသူအားလုံးကို ရည်ရွယ်ပြီး ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ရပ် ရှာဖွေပေးတဲ့ အကြံပြုချက်တွေ အဖြစ် ရှာဖွေ တင်ပြတာ ဖြစ်ပါတယ်။ ကိစ္စရပ်တိုင်းမှာ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေ၊ အခြားတိုင်းရင်းသားတွေနဲ့ မူဆလင် အားလုံး အကျိုးစီးပွားအတွက် ချဉ်းကပ် အကြံပေးထားတာ ဖြစ်ပါတယ်။ ဒါကို အစိုးရအဖွဲ့က လက်ခံပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ တပ်မတော်နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ အရင်ဦးဆုံး ရခိုင်ပြည်နယ်ထဲက မူဆလင်တွေကို ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်ရမယ်၊ ဥပဒေနဲ့ ညီသူတွေကို နိုင်ငံသား အဖြစ်ပေးပြီး လွတ်လပ်စွာ သွားလာခွင့်ပေးမယ်၊ ဥပဒေနဲ့ မညီသူတွေကိုတော့ ဖြစ်နိုင်ရင် ဒုက္ခသည် စခန်းတွေ ထပ်ဖွင့်ပြီး စုစည်းထားမယ် ဆိုတဲ့ အယူအဆမျိုး ကိုင်စွဲထားတာပါ။ တကယ်လို့သာ အဲဒီအတိုင်း အကောင်အထည် ဖော်ခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်က မူဆလင် တစ်သန်းနီးပါးလောက်မှာ ၉၉ ရာခိုင်နှုန်းလောက်ဟာ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ကိုက်ညီမှု မရှိတာမို့ နိုင်ငံမဲ့တွေဖြစ်၊ နောက်ထပ် ဒုက္ခသည် စခန်းတွေကို ရောက်သွားဖို့ပဲ ဖြစ်လာပါလိမ့်မယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကစ ဘာသာရေးလူမျိုးရေး ဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပြသနာနဲ့ ဆက်စပ်ပြီး မူဆလင် တစ်သိန်းဝန်းကျင် ဒုက္ခသည် စခန်းတွေထဲ ရောက်သွားတာ ဒီကနေ့အချိန်ထိ သူတို့ရပ်ရွာ သူတို့ ပြန်ခွင့်မရသေးပါဘူး။ ဒီကြားထဲ ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့မှာ မူဆလင်တွေကနေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွေကို ဝင်ရောက်စီးနင်း အကြမ်းဖက် တိုက်ခိုက်မှုကြီး ပေါ်ပေါက်ခဲ့ရုံမက အခု ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့မှာ ပိုပြီး ကျယ်ပြန့်၊ ပိုကြမ်းတမ်းတဲ့ အကြမ်းဖက် တိုက်ခိုက်မှု ပေါ်ပေါက်လာရပြန်ပါတယ်။ ဒါဟာ အရင်အစိုးရ၊ လက်ရှိ အစိုးရ နဲ့ တပ်မတော်ရဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခ ပြသနာတွေ လျော့ပါးရေး၊ နယ်မြေတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရာမှာ အောင်မြင်မှု မရဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော်၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်သူအားလုံး ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာကို စနစ်တကျ လေ့လာ သုံးသပ်ပြီး ကောင်းမွန်တဲ့ အကြံပေးချက်တွေကို အစိုးရနဲ့ လက်တွဲ အကောင်အထည် ဖော်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG