သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ မြန်မာအပေါ် မူဝါဒ ပြောင်းလဲမယ့် အလားအလာ မမြင်


အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ မောင်တောဒေသက ကလေးငယ်နှစ်ဦး။ ဓာတ်ပုံ - ကိုမိုးဇော်
အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ မောင်တောဒေသက ကလေးငယ်နှစ်ဦး။ ဓာတ်ပုံ - ကိုမိုးဇော်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေဆက် ပြင်းထန်လာပြီး နိုင်ငံတကာ ဝေဖန်မှုတွေ ပြင်းလာချိန်မှာ ကမ္ဘာ့အင်အားကြီး အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် စိတ်ဝင်စားမှုတွေ များလာနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံမှူးဟောင်း Priscilla Clapp က ဒီအကြမ်းဖက်မှုတွေ အပေါ် အမေရိကန် မူဝါဒက ဘက်မျှမျှတတ ဖြစ်အောင် ထိန်းပြီး ချမှတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကြောင့် လူတွေ သိန်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြောလာချိန်မှာ အမေရိကန် နိုင်ငံရဲ့ မူဝါဒကတော့ အရင်အတိုင်း ဘက်မ ျှအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမယ့် သဘော ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံမှူးဟောင်း Priscilla Clapp က ထုတ်ပြောလိုက်ပါတယ်။

“ လက်ရှိ ဖြစ်လာတဲ့ ပဋိပက္ခကို ISIS လို အကြမ်းဖက် နည်းပရိယာယ်တွေ သုံးထားတဲ့ အစွန်းရောက်အုပ်စု တစ်ခုက စလုပ်လိုက်တာ ဖြစ်တယ်လို့ အမေရိကန်ရဲ့ ပေါ်လစီမှာ လက်ခံထားတယ်။ ဒါပေမဲ့ ဘက်မျှအောင်လည်း ကြေညာချက်တွေ ထုတ်ရာမှာ သူတို့ အမြင်တွေ ပြောရာမှာ အတတ်နိုင်ဆုံး ကြိုးစားတယ်။ အဲဒီတော့ ရခိုင်မှာ အစိုးရ လုံခြုံရေး တပ်တွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရှုတ်ချတယ်။ ဒါပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲလည်း ဒီတိုက်ခိုက်လာမှုတွေကို နှိမ်နင်းရာမှာ တရားဥပဒေ စိုးမိုးရေး၊ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှု၊ နောက် ထင်သာမြင်သာမှု စံတွေလိုက်နာပြီး လုပ်ကြဖို့ တောင်းဆိုထားတယ်။”

အဲဒီတော့ လက်ရှိ ရခိုင်ပဋိပက္ခ အကြမ်းဖက်မှုတွေမှာ နိုင်ငံခြား မူဝါဒ ချမှတ် လုပ်ဆောင်ရာမှာ ဘယ်လို စိန်ခေါ်ချက်တွေ ရှိနေပါလဲလို့ မေးကြည့်ရာမှာ အမေရိကန် သံမှူးဟောင်း Priscilla Clapp က ဆက်ပြီး

“ ဘယ်အစိုးရ အတွက်မဆို အခြေအနေက တုံ့ပြန် ထင်မြင်ချက် ပေးဖို့ အရမ်းကို ခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဖြစ်နေတာတွေက ရှုပ်ထွေးနေတယ်။ သတင်းတွေက ဟိုက နည်းနည်းထွက်လိုက် ဒီက နည်းနည်းထွက်လိုက် ဖြစ်နေတယ်။ အရမ်းကို ပြောရခက်ပါတယ်။ သတင်းမှားတွေ ကလည်း နိုင်ငံတကာမှာ အများအပြား ပျံ့နှံ့နေတယ်လေ။ ”

ဒါပေမယ့် အခုလို အချိန်မှာ အမေရိကန် လွှတ်တော် အမတ် ဂျွန်မက်ကိန်း အပါအဝင် သြဇာရှိတဲ့ နိုင်ငံရေးသမားတချို့က ဒီ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ အပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ဖိအားပေးနေတဲ့ အပေါ် ဘယ်လိုမြင်ပါလဲလို့ မေးရာမှာတော့ သံမှူးဟောင်း Priscilla Clapp က

“ သူတို့က အမေရိကန် မူဝါဒတွေကို ပြောနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ထင်မြင်ချက်တွေကိုသာ ထုတ်ပြောနေတာပါ။ အမေရိကန် မူဝါဒက နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်က ချမှတ်တာပါ။ ဒါပေမဲ့ သူတို့ပြောတာ လွှတ်တော် ပေါ်မှာတော့ သက်ရောက်နိုင်ပါတယ်။ ”

အဲဒီတော့ လက်ရှိ ဒီ ရခိုင်ပဋိပက္ခ အကြမ်းဖက်မှု အပေါ် အမေရိကန် နိုင်ငံရဲ့ မူဝါဒက ဘယ်လိုဖြစ်သင့်ပါလဲလို့ မေးရာမှာတော့ Priscilla Clapp က

“ ကျမ ခံစားမိတာကတော့ ကျမတို့ပြောဆိုရာမှာ အစွန်းမရောက်ဘဲ တကယ့်ကို မျှမျှတတ ဖြစ်ဖို့ လိုပါတယ်။ ဘာလို့လဲ ဆိုတော့ ပြင်းပြင်းထန်ထန် လူကြားကောင်းအောင် ပြောလိုက်မိရင် လက်ရှိ တင်းမာနေမှုတွေကို မီးလောင်ရာ လေပင့်တာမျိုး မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာမှာ စိုးရိမ်ရလို့ပါ။ ”

ဒါ့အပြင် Priscilla Clapp က ဆက်ပြီး အာဆီယံ အစိုးရတွေ အနေနဲ့လည်း အမေရိကန် မူဝါဒလိုဘဲ ဒီကိစ္စ အပေါ်မှာ ဝေဖန်တာ ရှိသလို ပူးပေါင်းကူညီဆောင်ရွက်မှုတွေလည်း ရှိနေတယ်။ ဘာလို့လည်း ဆိုတော့ ဒီမြန်မာပြည် ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုက အရှေ့တောင်အာရှ ဒေသတွင်းကိုပါ ထိခိုက်လာနိုင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG