သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အမေရိကန် လွှတ်တော်အမတ်တွေ ပူးတွဲကြေညာချက်ထုတ်


ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဘက် တိမ်းရှောင်လာတဲ့ ဒုက္ခသည်များ။
ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဘက် တိမ်းရှောင်လာတဲ့ ဒုက္ခသည်များ။

မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက ထိပ်တန်းလွှတ်တော် ကိုယ်စားလှယ်တွေက ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက Dick Durbin ရီပတ်ဘလစ်ကန် ပါတီက John McCain တို့ ပူးတွဲပြီး အဆိုပြုခဲ့တဲ့ ဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျုးလွန်နေတဲ့ အကျည်းတန်လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချကြောင်းနဲ့ အခြေအနေကို ဟန့်တားဖို့လည်း ဒေါ်အောင်ဆန်းစုကြည် ကို တိုက်တွန်းထားတာပါ။

ဆုံးဖြတ်ချက်ကိုတော့ ဒီမိုကရက်အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ Dianne Feinstein, Cory Booker နဲ့ Bob Menendez တို့ကလည်း ထောက်ခံခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို စတင်ခဲ့တဲ့ ARSA အစွန်းရောက်အဖွဲ့ကို ပြစ်တင်ရှုတ်ချကြောင်းလည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက ဝင်ခွင့်ပြုဖို့၊ ရခိုင်အရေး အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင် အထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။ မနေ့တုန်းကပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။

ကျေးရွာတွေ မီးရှို့ခံရတာ၊ လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေ အပါအဝင် မတည်မငြိမ်အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Heather Nauert က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG