သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာစုံ ချစ်ကြည်ရေးနဲ့ ရခိုင်ပြသနာ မပြေလည်နိုင်


Aung San Suu Kyi
Aung San Suu Kyi

ရခိုင်ပြည်နယ်မှာ အနိုင်ကျင့်နှောင့်ယှက်နေသူတွေအနေနဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ စာနာကူညီမှု လမ်းစဉ်ကို အောင်းမေ့သတိရဖို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားက မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒီအတောအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးခင်မောင်တင်နဲ့ အတူ လိုက်ပါလာတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က တာဝန်ရှိသူတွေဟာ ရခိုင်ပြည်နယ်ကိုရောက်ရှိနေပြီး အကြမ်းဖက်တိုက်ခိုက်မှုအပေါ် နှစ်ဖက်အသိုင်းအဝိုင်းရဲ့ သဘောထားအမြင်တွေကိုတွေ့ဆုံ မေးမြန်းဆွေးနွေးနေပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီးတင်ပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေရတဲ့ ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေ အပါအဝင် ဟိန္ဒူ ဒုက္ခသည်အရေအတွက် ၃၀,၀၀၀ နီးပါးရှိနေကြောင်း မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။

တကျော့ပြန်ဖြစ်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလုံခြုံရေးတပ်တွေဘက်က အပြင်းအထန်ပြန်လည်နှိမ်နင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည်အရေအတွက်ဟာ နှစ်ပတ်အတွင်း ၂၇၀,၀၀၀ ကျော်ရှိသွားပြီလို့ ကုလသမဂ္ဂက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အခုလို မွတ်စလင်ဒုက္ခသည်အများအပြား နယ်စပ်ဘက်ကို ထွက်ပြေးခိုလှုံနေရတယ်ဆိုတဲ့ နိုင်ငံတကာသတင်းတွေကို တွေ့မြင်ကြားသိရပြီးနောက် သူ့အနေနဲ့ အခြေအနေတွေကို အလွန်စိတ်မကောင်းဖြစ်ရကြောင်း အိန္ဒိယ မြောက်ပိုင်း Kangra Hill မြို့လေဆိပ်ကို မနေ့က ရောက်ရှိလာတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားက သတင်းထောက်တွေကို အခုလိုပြောပါတယ်။

"မွတ်စလင်တွေကို အနိုင်ကျင့် နှောင့်ယှက်နေတဲ့လူတွေအနေနဲ့ ဗုဒ္ဓမြတ်စွာဘုရားကို သတိရသင့်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဗုဒ္ဓအနေနဲ့ အဲဒီသနားစရာကောင်းတဲ့ မွတ်စလင်တွေကို အကူအညီပေးမှာ သေချာပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ သိပ်ကို စိတ်မကောင်းဖြစ်မိပါတယ်။"

ဒီအတောအတွင်း စက်တင်ဘာလ (၇)ရက်နေ့က ရခိုင်ပြည်နယ်ကို စတင်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ အတူ လိုက်ပါလာတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခေါင်းဆောင်တွေဟာ နှစ်ဘက် အသိုင်းအဝိုင်းကြားတွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်နေရာမှာ မနေ့ သောကြာနေ့က စစ်တွေမြို့မှာ ဒေသခံလူထုနဲ့ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်ကြီးပြင်းလာတဲ့ နှစ်ပေါင်း ၆၀ အတွင်း အခုလိုမျိုးကြီးမားတဲ့ ပဋိပက္ခမျိုး မကြုံတွေ့ခဲ့ရဘူးလို့ဆိုတဲ့ အောင်မင်္ဂလာ မွတ်စလင်ရပ်ကွက်က ဦးအောင်ဝင်းကတော့ အခုလို ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးရဲ့ ကြိုးပမ်းမှုတွေကို ယုံကြည်မှုရှိပေမယ့် လက်တွေ့ အခြေအနေတွေ ဖြေရှင်းလို့ရနိုင်ဦးမှာမဟုတ်ဘူးလို့ မြင်ကြောင်း ပြောပါတယ်။

" ကျနော်တို့ အောင်မင်္ဂလာမှာ အိဒ်ပွဲတော်ကိုတောင် မဆင်နွှဲလိုက်ရဘူး။ တနှစ်မှာမှ ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေမှာ နေ့ထူးနေ့မြတ်ဆိုလို့ နှစ်ရက်ပဲရှိတာ အဲ့တာကြောင့် ကျနော်ကတော့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုတာ လောလောဆယ် အခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ ကျနော်ထင်တယ်။

စက်တင်ဘာလ ၇ ရက်နေ့က ရသေ့တောင်မြို့ကိုရောက်ရှိချိန်မှာလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ အတူ လိုက်ပါလာတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခေါင်းဆောင်တွေ ကို ဒေသခံ ရခိုင်လူမျိုးတွေက ပြင်းပြင်းထန်ထန်ဆန္ဒပြခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ အတူ လိုက်ပါလာတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခေါင်းဆောင်တွေ ကို ဒေသခံ ရခိုင်လူမျိုးတွေက ဆန္ဒပြခဲ့ကြစဉ် - Photo Credit to Narinjara News Agency တွင် ဖော်ပြထားသော သတင်းဓာတ်ပုံ
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ အတူ လိုက်ပါလာတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခေါင်းဆောင်တွေ ကို ဒေသခံ ရခိုင်လူမျိုးတွေက ဆန္ဒပြခဲ့ကြစဉ် - Photo Credit to Narinjara News Agency တွင် ဖော်ပြထားသော သတင်းဓာတ်ပုံ

သူတို့ဆန္ဒပြရတဲ့ အကြောင်းအရင်းကို ဗူးသီးတောင်မှာနေထိုင်တဲ့ ဦးထွန်းအောင်သိန်းက အခုလိုပြောပြပါတယ်။

" ဖြစ်စဉ်က ကျနော်တို့ ဘာသာရေးဖြစ်တဲ့ဖြစ်စဉ်မဟုတ်ဘူး။ လူမျိုးရေးဖြစ်တဲ့ဖြစ်စဉ် မဟုတ်ဘူး။ အခုဖြစ်တဲ့ဖြစ်စဉ်က နယ်မြေလု အကြမ်းဖက်တဲ့ဖြစ်စဉ်ဖြစ် တဲ့အတွက်ကြောင့် နယ်မြေလု အကြမ်းဖက်မှုဖြစ်စဉ်ကို လျော့ကျသွားစေဖို့ ဘာသာရေးဘက်ကို ပြောင်းလဲတယ်ဆိုပြီး ပြည်သူလူထုက အဲ့ဒီ့လိုယူဆတဲ့ အတွက်ကြောင့် အဲ့လို ဆန္ဒပြမှုဖြစ်ပေါ်တာလို့ သိရပါတယ်ခင်ဗျ။"

ရခိုင်ခရီးစဉ်အတွင်းလိုက်ပါလာတဲ့ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ဝင်တွေကတော့ ခရစ်ယာန်ဘာသာဝင် ဒေါက်တာ သာဉာဏ်၊ ဒေါက်တာတင်လှ၊ နော်ဆန်ဒရာ လူးနီ၊ အစ္စလာမ်သာသနာ့ရေးရာကောင်စီ ဥက္ကဌ ဦးညွန့်မောင်ရှိန်နဲ့ အတွင်းရေးမှူးချုပ် ဦးဝဏ္ဏမောင်ရွှေ တို့ဖြစ်ပါတယ်။ ရသေ့တောင် အပြင် မောင်တော ဒေသကိုလည်း သွားရောက်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အခြေအနေမှန်တွေ ဘာသာပေါင်းစုံအဖွဲ့ သိရှိဖို့နဲ့ ပြည်တွင်းပြည်ပမှာ ဒီဖြစ်စဉ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ ဆောင်ရွက်နိုင်ဖို့ အခုလို လာရောက်တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဒုဝန်ကြီး ဦးခင်မောင်တင်က ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG