သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အရာရှိ မြန်မာခရီး အခြေအနေမှန်သိရေး နဲ့ အကူအညီပေးရေး ရည်ရွယ်


အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy
အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy

အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy အနေနဲ့ မြန်မာနိုင်ငံကို ရှေ့အပတ်ရောက်ပြီး ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေအတွက် ဆွေးနွေးဖို့ရှိနေပါတယ်။ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Murphy အနေနဲ့ မြန်မာခေါင်းဆောင်တွေနဲ့တွေ့ပြီး ရခိုင်ပြည်နယ်ကိုလည်းသွားဖို့ရှိတဲ့ ဒီခရီးစဉ်ထဲမှာ ဘာတွေ ဆွေးနွေးဖို့ရှိပြီး ဒီခရီးစဉ်မှာ ဘယ်လို အရေးပါမှုတွေရှိနေပါလဲ။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်လင်းနဲ့တွေ့ပြီး ဒီရခိုင်အကြမ်းဖက်ပဋိပက္ခတွေအတွက် စိုးရိမ်မှုတွေကို ထုတ်ပြန်အပြီးမှာပဲ ဒီခရီးစဉ်ကို စတော့မှာဖြစ်ပါတယ်။ သူ့ခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က-

"ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Murphy အနေနဲ့ ရှေ့အပတ် မြန်မာနိုင်ငံ ခရီးစဉ်အတွက် ဒီ စနေ၊ တနင်္ဂနွေမှာ စထွက်ဖို့ရှိပါတယ်။ ရှေ့အပတ်မှာ မြန်မာအစိုးရ အရာရှိတွေနဲ့ သူ တွေ့ဖို့ရှိပါတယ်။"

တကယ်တော့ ဒီခရီးစဉ်အတွင်းမှာ မြန်မာအရာရှိတွေအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းနဲ့ပြည်ပ အဖွဲ့အစည်းတွေက အသံတွေကိုလည်း နားထောင်ဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က-ဆိုပါတယ်။ ဒါ့အပြင် ဒုလက်ထောက်နိုင်ငံခြားဝန်ကြီး Murphy အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ရခိုင်အကြမ်းဖက်မှု ပဋိပက္ခအတွက် စိုးရိမ်မှုတွေအပါအဝင် လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ သတင်းထောက်တွေ သွားခွင့်ရှိရေးကို ထုတ်ပြောသွားဖို့ရှိတယ်လို့ ပြောခွင့်ရ Nauert က ဆက်ပြောပါတယ်။

"အဓိကထားဆွေးနွေးမယ့်အထဲမှာတော့ နောက်ထပ် လူသားချင်းဆိုင်ရာ အကူအညီတွေ အတွက် သွာလာခွင့်ပိုပေးဖို့၊ သတင်းထောက်တွေကို သွားခွင့်ပြုဖို့နဲ့ ရိုဟင်ဂျာတွေဖြစ်နေရတဲ့ အနေအထားအပေါ် စိုးရိမ်နေမှုတွေကို ထုတ်ပြောပြဖို့တွေ ပါပါတယ်။"

အခုလိုအချိန်မှာ နိုင်ငံတကာနဲ့ ကုလသမဂ္ဂအရာရှိအချို့က ရခိုင်မှာဖြစ်နေတဲ့ အစိုးရ စစ်ဆင်ရေးတွေက လူမျိုးတုန်းသတ်ဖြတ်မှုအဆင့်ရောက်နေတယ်လို့ ပြောဆိုလာချိန်မှာ အမေရိကန်အစိုးရကတော့ အခုလိုအတိအကျမပြောနိုင်သေးပဲ ဆန်းစစ်အကဲဖြတ်မှုတွေ ဆက်လုပ်နေတယ်လို့ ပြောခွင့်ရ Nauert က ဆိုပါတယ်။

"ကျွန်မတို့အနေနဲ့ မြေပြင်ကတကယ့်အခြေအနေတွေကို ဆန်းစစ်အကဲဖြတ်နေပါတယ်။ ထိပ်လန့်တုန်လှုပ်စရာ ပုံတွေ ဒီမှာ အများကြီး တွေ့နေရတာ၊ သတင်းတွေဖြစ်နေတာ၊ အလွန်အမင်း စိတ်မကောင်းဖြစ်စရာကောင်းတဲ့ အသေးစိတ်ဖြစ်စဉ်တွေ ဖတ်နေရတာတွေရှိနေပေမဲ့၊ အစိုးရတစ်ခုအနေနဲ့တော့ ဒီအချက်အလက်တွေ မှန်ကန်ကြောင်း သီးခြား အတည်ပြုပေးနိုင်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်က ပြည့်ပြည့်စုံစုံ မရသေးဘူးဖြစ်နေပါတယ်။"

တကယ်တော့ အမေရိကန်အစိုးရအနေနဲ့ ရခိုင်ပြသနာအပေါ် စိုးရိမ်မှုတွေ ထုတ်ပြောနေချိန်မှာပဲ အထောက်အကူပြုနိုင်ဖို့အတွက် လူသားချင်း စာနာမှုဆိုင်ရာကိစ္စတွေကို ကူညီပေးနေပြီး ရိုဟင်ဂျာခေါ် ဘင်္ဂလီဒုက္ခသည်တွေကို လက်ခံပေးကြတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း ကျေးဇူးတင်ကြောင်း ပြောခွင့်ရ Nauert က ဆက်ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အလွန်များပြားလှတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံထဲဝင်ခွင့်ပေးပြီး၊အနည်းဆုံးအနေနဲ့ လုံခြုံတဲ့နေရာပေး စောင့်ရှောက်ပေး ထားမှုအတွက် ကျွန်မတို့အနေနဲ့ ကျေးဇူးတင်မိတင်ကြောင်း ရှင်းရှင်းလေး ပြောချင်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့လည်း အမေရိကန်ဒေါ်လာ ၆၃ သန်း နဲ့ အခြားငွေကြေးထောက်ပံမှုတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ ထွက်ပြေးရွှေ့ပြောင်းနေရသူတွေအတွက် ပို့ပေးထားပြီး ဖြစ်ပါတယ်။"

အဲ့ဒီ့တော့ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Murphy ရဲ့ ခရီးစဉ်အရေးပါမှုနဲ့ပတ်သက်ပြီး ဘယ်လိုရှိနိုင်ပါလဲလို့ မေးရာမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Derek Mitchellက-

"အဓိက ဒီခရီးစဉ်က ရှင်းရှင်းလေး အချက်ပြလိုက်တာကတော့ ဒီဖြစ်နေတာတွေက ဝါရှင်တန်မှာရှိတဲ့ မူဝါဒချမှတ်သူတွေနဲ့ အမေရိကန်လွှတ်တောဘက်မှာပါ အဓိကစောင့်ကြည့်နေပြီး နောက် အမေရိကန် အစိုးရအသိုင်းအဝိုင်းနဲ့ မီဒီယာလောကမှာရောပေါ့လေ ဘယ်လောက် အရေးတကြီး အလေးအနက် ဖြစ်နေတယ်ဆိုတာကိုပြသလိုက်တာပါ။ ဒါကြောင့် တကယ်ဖြစ်နေတာတွေကို မျက်မြင်သွားကြည့်ချင်တာပါ။"

ဒါပေမဲ့မစ္စတာ Mitchellက ဒီခရီးစဉ်မှာ ဝေဖန်ထောက်ပြတာ သပ်သပ်မဟုတ်ပဲ အကူအညီပေးနိုင်တာတွေကိုလည်း ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှုးဟောင်း Priscilla Clappကလည်း ဒီကိစ္စတွေကိုပြီးမြောက်အောင် ပြောဆိုနိုင်ဖို့က မစ္စတာ Murphyက အသင့်တော်ဆုံးဖြစ်တယ်လို့ အခုလိုရှင်းပြပါတယ်။

"ကျွန်မထင်ပါတယ်။ ခုလိုအခြေအနေမှာ မြန်မာနိုင်ငံကိုလွှတ်ဖို့ သူက အသင့်တော်ဆုံး သူဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက မြန်မာနိုင်ငံ အတွေ့အကြုံနဲ့ပတ်သက်ပြီး အများဆုံးရှိနေသူဖြစ်နေလို့ပါ။"

တကယ်တော့ ဒီခရီးစဉ်ထဲမှာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Murphyအနေနဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ကို သွားဖို့ရှိနေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခဖြစ်တဲ့နေရာအထိရောက်ဖို့ကတော့ တောင်းဆိုထားခြင်းမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG